ချောင်းဆုံမြို့နယ်မှ မိုးစပါးစိုက်ပျိုးခြင်း ကိစ္စ၊ ဆောင်းသီးနှံစိုက်ပျိုးခြင်းကိစ္စ၊ ရေစီးရေလာကောင်းမွန်အောင် ပြုပြင်ရန်လိုအပ်သော ချောင်း၊ မြောင်းများပြုပြင်ရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြသွားမည်ဖြစ်ပါတယ်။ ကျွန်တော်တို့ ချောင်းဆုံမြို့နယ် ပထဝီအနေအထားကို ဦးစွာပထမ တင်ပြလိုပါတယ်။ ချောင်းဆုံမြိုနယ်(ခ) ဘီလူးကျွန်းသည် တောင်နှင့်မြောက် ၂၃ မိုင်ခန့်ရှည်လျားပြီး အရှေ့နှင့်အနောက် တို့မှာ ၁၀ မိုင် ခန့်သာ ရှည်လျားပါတယ်။ ရေပတ်လည်ဝန်းရံထားသော ကျွန်းမြို့နယ် တစ်နယ်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်ထက် ပျမ်းမျှ ၁၅ ပေခန့် မြင့်ပါတယ်။ မြို့နယ်အတွင်းရှိ ချောင်း၊ မြောင်းများတို့ဟာ ဒီရေအတက်အကျပုံမှန်ရှိသော မြို့နယ်တစ်နယ်ဖြစ်ပါတယ်။ ပင်လယ်မှ ဆားငန်ရည်ဝင်ရောက်ခြင်းကို ကာကွယ်ရန်တာတမံ ၆ ခုရှိပြီး ရေကြီးနစ်မြုပ်မှုဒဏ်ကို ကာကွယ်ရန် တူးမြောင်းချောင်း ၉ ခုရှိ၍ သဘာဝချောင်းငယ်များ ၃၀ ခန့်ရှိပါတယ်။ မြို့နယ်အတွင်း ချောင်း၊မြောင်းအချို့တို့ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက နှစ်စဉ်အလှည့်ကျ တူးဖော်ပြုပြင်ပေးမှုရှိပြီး ချောင်း၊ မြောင်းများတို့သည် ရေစီးအား အထိုက်အလျောက် ကောင်းမွန်လျက် ရှိပါတယ်။ သို့သော် ၎င်းချောင်းမြောင်းများ၏ ပင်လယ်ထဲသို့ စီးဝင်သွားသည့် လမ်းကြောင်းတွင် ပင်လယ်ဝ သို့မဟုတ် မုတ္တမပင်လယ်ကွေ့ကို ဖြတ်ကျော်ရမည် ဖြစ်ပါသည်။ ၎င်းပင်လယ်ကွေ့တွင် နှုန်းမြေများ၊ သဲသောင်ခုံများဖြစ်ထွန်း၍ မြေမြင့်တက် ပိတ်ဆို့ နေပါသောကြောင့် ချောင်း၊ မြောင်းများမှ စီးလာသောရေတို့သည် မြင့်တက်နေသောသောင်ခုံကို ကျော်လွှား စီးဆင်းနိုင်ခြင်း မရှိပါသဖြင့် စိုက်ပျိုးထားသော လယ်ယာမြေကွက်များသို့ စီးဝင်ရောက်ရှိ သွားခြင်း လယ်ယာမြေကွက်များတွင် ရေလျှံ၍ စိုက်ပျိုးထားသော စပါးပင်များ ရေကြီးမှုဒဏ်ကိုခံရ၍ စပါးအထွက်နှုန်းလျော့နည်းရပါသည်။ မြန်မာနိုင်ငံတစ်လွှားဒေသအနှံ့အပြားတွင် စပါးစိုက်ပျိုးကြ သည့် တောင်သူဦးကြီးများ၏ လယ်များသည် ၁ ဧက တင်းရာကျော်ထွက်ရှိကြောင်း သတင်းကောင်း ကြားသိရ၍ ဝမ်းသာပါသော်လည်း ကျွန်တော့်ဒေသမှ တောင်သူလယ်သမားတို့ စပါး ၁ ဧက အထွက်နှုန်းမှာ တင်း ၃၀ ပတ်ဝန်းကျင်သာရရှိသည့်အတွက် ဝမ်းနည်းရပါသည်။ အထက်ဖော်ပြပါ တင်ပြချက်အရ ပင်လယ်ဝ သို့မဟုတ် မုတ္တမပင်လယ်ကွေ့ရှိ နုန်းမြေများ၊ သဲသောင်ခုံများ၊ မြေမြင့် တက်မှု၊ ပိတ်ဆို့မှုများကို ဖယ်ရှား၍ ပြင်ဆင်မှုပြုလုပ်မည်ဆိုပါက အောက်ဖော်ပြပါ တူးမြောင်း၊ ချောင်း ရေစီးပိုမိုကောင်းမွန်လာပြီး ယှဉ်တွဲဖော်ပြပါ လယ်မြေဧကအရေအတွက်တို့သည် ရေကြီးနစ်မြုပ်မှု ဒဏ်မှ ကင်းလွတ်နိုင်မည်ဖြစ်ပါသဖြင့် စပါးအထွက်တိုးလာနိုင်မည်ဖြစ်ပါသည်။ ၎င်းအပြင် လုပ်ကွက် များမှ ချောင်း၊မြောင်းများအတိုင်း ကောင်းမွန်စွာ စီးဆင်းနိုင်သည်နှင့်အမျှ ဆောင်းဦးပေါက်တွင် အလွယ်တကူ ရေခမ်းခြောက်နိုင်မည်ဖြစ်ပါ၍ ဆောင်းသီးနှံကို တဖန်ပြန်လည်စိုက်ပျိုးနိုင်သည့် မျှော်လင့် နိုင်ဖွယ်ရာ ရှိမည်ဖြစ်ပါသည်။ သဲသောင်နုန်းပိတ်ဆို့မှုများကို ဖယ်ရှားပြုပြင်ပါက ရေစီးအား ပိုမိုကောင်းလာမည့် ချောင်း၊ မြောင်းများရေစီးမြန်စေရေးနှင့် ရေးကြီးနစ်မြုပ်မှုဒဏ်မှ ကင်းနိုင်မည့် လယ်မြေဧကစာရင်းဇယား အမှတ်စဉ် တူးမြောင်းချောင်း ရေကြီးနစ်မြုပ်မှုဒဏ်မှ ကင်းလွတ်နိုင်မည့် လယ်မြေဧက အမှတ်စဉ် (၁) တော်ကနာတူးမြောင်း ရေကြီးနစ်မြုပ်မှုဒဏ်မှ ကင်းလွတ်နိုင်မည့်ဧက ၁၆၆၁ ဧက (၂) ရွာလွတ်တူးမြောင်း ရေကြီးနစ်မြုပ်မှုဒဏ်မှ ကင်းလွတ်နိုင်သည့်ဧက ၃၅၇ ဧက (၃) နှီးမှုတ်အပြိုင် တူးမြောင်း ရေကြီးနစ်မြုပ်မှုဒဏ်မှ ကင်းလွတ်နိုင်သည့်ဧက ၇၈၁ ဧက (၄) အဂီးရောဝယ်လှ တူးမြောင်း ရေကြီးနစ်မြုပ်မှုဒဏ်မှ ကင်းလွတ် နိုင်သည့် ဧက ၁၀၇၆ ဧက (၅) ကရင်ဝင်းစိန်တူးမြောင်း ရေကြီးနစ်မြုပ်မှုဒဏ်မှ ကင်းလွတ်နိုင်သည့်ဧက ၉၀၀ (၆) မူးကနိတူးမြောင်း ရေကြီးနစ်မြုပ်မှုဒဏ်မှ ကင်းလွတ်နိုင်သည့်ဧက ၁၃၄၆ စုစုပေါင်း ရေကြီးနစ်မြုပ်မှုဒဏ်မှ ကင်းလွတ် နိုင်သည့်ဧက ၆၁၂၁ ဧက ဖြစ်ပါတယ်ခင်ဗျား။ အဆိုပါတူးမြောင်း၊ ချောင်းစီးဝင်သည့်လမ်းကြောင်း ဖြစ်သည့် ပင်လယ်ဝ သို့မဟုတ် မုတ္တမပင်လယ်ကွေ့တွင် နုန်းများ၊ သဲသောင်ခုံများ မြင့်တက်မှုများကို ဖယ်ရှားပေးခြင်း လုပ်ငန်းမှာ ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးရသော လုပ်ငန်းဖြစ်ကြောင်း သိရှိရပါတယ်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာဝန်ကြီးဌာနသို့ ကြယ်ပွင့်ပြမေးခွန်း အမှတ် (၁) အနေဖြင့်မေးလိုသည်မှာ ဖော်ပြပါ မုတ္တမပယ်လယ်ကွေ့ရှိနုန်းမြေများ၊ သဲသောင်ခုံများ မြင့်တက်မှုများကို ဖယ်ရှားပေးနိုင်မည့် အစီအစဉ် ရှိ၊မရှိ သိရှိလိုပါကြောင်းနှင့် ဖယ်ရှားမည်ဆိုပါက မည်သည့်အချိန်ကာလတွင် ဖယ်ရှားပေး မည်ဖြစ်ကြောင်း သိရှိ လိုပါကြောင်း မေးမြန်းတင်ပြအပ်ပါသည်။ ဆည်မြောင်းဦးစီးဌာနမှ ထိန်းသိမ်း ထားခြင်းမရှိသည့် အောက် ဖော်ပြပါ သဘာဝချောင်း၊ တူမြောင်းတို့သည် နုန်းပို့ချမှုကြောင့် တိမ်ကောမှု များဖြစ်ပေါ်လာ၍ ပြန်လည် တူးဖော်ပြုပြင်ရန် လိုအပ်နေပါသဖြင့် ဆည်မြောင်းဦးစီးဌာန အစီအစဉ်ဖြင့် တူးဖော်ပေးမည် ဆိုပါက အောက်ဖော်ပြပါ ချောင်း၊မြောင်းတို့သည် ရေစီးပိုမိုကောင်းမွန်ပြီး ယှဉ်တွဲ ဖော်ပြပါ လယ်မြေဧကများအတွက် ရေကြီးနစ်မြုပ်မှုဒဏ်မှ ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး စပါးလည်း အထွက်တိုးလာနိုင်မှာဖြစ်ပါတယ်။ လယ်ကွက်များ ရှိရေတို့သည်လည်း ချောင်း၊ မြောင်းများအတိုင်း ကောင်းမွန်စွာ စီးဆင်းနိုင်ပါသဖြင့် ဆောင်းဦးပေါက်ရာသီတွင် ရေခမ်းခြောက်မည်ဖြစ်၍ ဆောင်းသီးနှံကို တဖန် ပြန်လည်စိုက်ပျိုးနိုင်သော အလားအလာကောင်းများ ရရှိနိုင်ဖွယ်ရာရှိပါသည်။ ပြန်လည်တူးဖော်ပြုပြင်ပေးရန် လိုအပ်သော ချောင်း၊ မြောင်းအမည် ၎င်းတို့၏အလျားပေနှင့် ရေကြီးနစ်မြှုပ်မှု ဒဏ်မှကင်းလွတ်နိုင်မည့် လယ်မြေဧကစာရင်း အမှတ်စဉ် ချောင်း၊ မြောင်းအမည် အလျားပေ ရေကြီးနစ်မြုပ်မှုဒဏ်မှ ကင်းလွတ်နိုင်မည့် လယ်မြေဧက အမှတ်စဉ် (၁) ရွာလွတ်ရွာသစ် အပြိုင်တူးမြောင်း အလျားပေ ၇၀၀၀ ရေကြီးနစ်မြုပ်မှု ဒဏ်မှ လွတ်ကင်းနိုင်မည့် ဧက ၄၇၅ ဧက၊ အမှတ်စဉ် (၂) ကမန်းမိုးချောင်း တောကနာ တူးမြောင်းအခွဲ အလျားပေ ၄၈၀၀ ရေကြီး နစ်မြုပ်မှု ဒဏ်မှ လွတ်ကင်းနိုင်မည့်ဧက ၃၈၅ ဧက၊ (၃) စော်ကဲချောင်း အလျားပေ ၅၀၀၀ ရေကြီးနစ်မြုပ်မှု ဒဏ်မှ လွတ်ကင်းနိုင်မည့်ဧက ၂၀၀ ဧက၊ (၄) ပိလခတ်ချောင်း အလျားပေ ၄၀၀၀ ရေကြီးနစ်မြုပ်မှုဒဏ်မှ လွတ်ကင်းနိုင်မည့်ဧက ၁၉၀ ဧက၊ (၅) အဝပြဲချောင်း အလျားပေ ၇၅၅၀ ရေကြီးနစ်မြုပ်မှုဒဏ်မှ လွတ်ကင်း နိုင်မည့်ဧက ၃၁၉ ဧက၊ (၆) ဝယ်ကြိုက်ချောင်း အလျားပေ ၄၅၀၀ ရေကြီးနစ်မြုပ်မှုဒဏ်မှ လွတ်ကင်း နိုင်မည့်ဧက ၂၂၅ ဧက၊ စုစုပေါင်းအလျားပေ ၃၂၈၅၀ ဖြစ်ပြီးတော့ ရေကြီးနစ်မြုပ်မှုဒဏ်မှ လွတ်ကင်းနိုင်မည့် ဧက ၁၇၉၄ ဧက ဖြစ်ပါတယ်။ သို့ပါ၍ ကြယ်ပွင့်ပြမေးခွန်း အမှတ် (၂) အနေဖြင့်မေးလိုသည်မှာ ဆည်မြောင်း ဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်ထားခြင်းမရှိတဲ့ အထက် ဖော်ပြပါ သဘာဝတူးမြောင်းတို့သည် နုန်းပို့ချမှု ကြောင့် တိမ်ကောမှုများဖြစ်ပေါ်လာ၍ ပြန်လည် တူးဖော်ရန်လိုအပ်နေပါသဖြင့် ဆည်မြောင်းဦးစီးဌာန အစီအစဉ်ဖြင့် တူးဖော်ပေးရန် အစီအစဉ် ရှိ၊မရှိ သိရှိလိုပါကြောင်း အစီအစဉ်ရှိမည်ဆိုပါက မည်သည့်ကာလတွင်တူးဖော်ပေးမည်ဖြစ်ကြောင်း သိရှိသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေးအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ရေကြောင်းသွားလာမှု ရှိသော အဓိကမြစ်ကြီးများတွင်သာ လုပ်ငန်းလိုအပ်ချက်အရ ဘဏ္ဍာငွေရရှိမှု အပေါ် မူတည်၍ မြစ်ကြောင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ လယ်ယာစိုက်ပျိုးရေး အတွက် အသုံးပြုလျက်ရှိသော ချောင်း၊ မြောင်းများ ရေစီးရေလာကောင်းမွန်ရေးနဲ့ သက်ဆိုင်သော မုတ္တမ ပင်လယ်ကွေ့ရှိ နုန်းွမေများ၊ သဲသောင်ခုံများ မြင့်တက်မှုကို ဖယ်ရှားပေးရန် လောလောဆယ် အစီအစဉ်မရှိပါကြောင်း ဖြေကြားတင်ပြအပ်ပါတယ်။
ဒုတိယမေးခွန်းအနေနဲ့ မွန်ပြည်နယ်၊ ချောင်းဆုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်(ခ) ဦးနိုင်လှမောင်ရဲ့ ချောင်းဆုံမြို့နယ်အတွင်း ဆည်မြောင်းဦးစီးဌာနမှ ထိန်းသိမ်းစောင့် ရှောက်ထားခြင်းမရှိသည့် သဘာဝချောင်း၊ တူးမြောင်း ၆ ခုကို တူးဖော်ပေးရန် အစီအစဉ်ရှိ၊မရှိ ဟူသော ကြယ်ပွင့်ပြ မေးခွန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။ ပထမဦးစွာ ဒေသအတွင်း စိုက်ပျိုးမှု တိုးတက် ဖွံ့ဖြိုးစေရေးနှင့် ဒေသခံပြည်သူလူထုအကျိုးအတွက် မေးမြန်းပေးခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်(ခ) ဦးနိုင်လှမောင်အား ယခုကဲ့သို့ ဖြေကြားခွင့်ရရှိ သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြား လိုပါတယ်။ ချောင်းဆုံမြို့နယ်အတွင်း ပင်လယ်ဆားငန်ရေဝင်ရောက်ခြင်းမှ ကာကွယ်ရန် ရေဘေးကာကွယ် ဧရိယာ ၁၀၀၁၃ ဧက၊ အရှည် ၂၇.၉၆ မိုင်ရှိ ရေငန်တားတာတမံ ၆ ခုကို ဆည်မြောင်းဦးစီးဌာနမှ တည်ဆောက် ပေးခဲ့ပြီးဖြစ်ပါတယ်။ နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၂၀၀ လက်မခန့်ရရှိသည့် ဒေသဖြစ်သည့်အတွက် လယ်မြေများ ရေကြီးနစ် မြုပ်မှုဒဏ်မှကာကွယ်ရန် အကျိုးပြုဧက ၁၄၀၀၆ ဧက အလျား ၁၇.၆၅ မိုင်ရှိသည့် ရေနုတ်မြောင်း ၉ ခုကို တူးဖော်ထားပေးခဲ့ပါတယ်။ ချောင်းဆုံမြို့နယ်အတွင်း ချောင်း၊ ွမောင်း စုစုပေါင်း ၃၀ ခန့်ရှိပါ တယ်။ ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း နှီးမှုတ်အပြိုင်ရေနုတ်ွမောင်းနှင့် သက်ကနာချောင်းကိုလည်း ကောင်း ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း ကျွဲလမ်းရေနုတ်မြောင်း၊ ရွာလွတ်ရေနုတ်မြောင်း၊ ဘိုးနက် ချောင်းဟောင်း၊ မူးယစ်ကလေး ချောင်းဟောင်း၊ ကုလားဘီချောင်းဟောင်းနှင့် တကူပတီချောင်း ဟောင်းတို့ကို ရေစီးရေလာ ကောင်းမွန်စေရေး အတွက် ပြန်လည်တူးဖော်ပေးခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ် ပွင့်လင်းရာသီတွင် သက်ကနာတူးမြောင်း ပြန်လည်တူးဖော်ခြင်းနှင့် အဂလဲဝဲလှ တူးမြောင်း အထက်ပိုင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မုတ္တမပင်လယ်ကွေ့သို့ စီးဝင်သော ချောင်း၊ မြောင်းများနှင့် ရေနုတ်မြောင်းများ တွင် နုန်းတားတမံများ တည်ဆောက်ပေးခြင်းဖြင့် ပင်လယ်ဘက်မှပို့ချလာသော နုန်းများ၊ ချောင်း၊ မြောင်းနှင့် ရေနုတ်မြောင်းများအတွင်း ဝင်ရောက်ခြင်းမှကာကွယ်သည် မိုးရာသီတွင် နုန်းတားတမံများ အပြင်ဘက်ရှိ နုန်းများမှာလည်း မိုးရွာသွန်းမှုများပြားသည့်အခါ ချောင်း၊ မြောင်းများမှ စီးဆင်းလာ သည့် ရေအားကြောင့် ပင်လယ်အတွင်း ပြန်လည်စီးဝင်ခြင်းဖြင့် ရေစီးရေလာပြန်လည်ကောင်းမွန် လာမှာဖြစ်ပါတယ်။ ချောင်း၊ မြောင်း၊ ရေနုတ်မြောင်းများတွင်လည်း သဲနုန်းပို့ချမှုနည်းသဖြင့် တိမ်ကော မှုများကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တင်ပြထားသည့် ပြန်လည်တူးဖော်ပေးရန် လိုအပ်တဲ့ ဆည်မြောင်းဦးစီးဌာနမှ ထိန်းသိမ်းထားသည့် စာရင်းတွင် ပါဝင်မှုမရှိသည့် ချောင်း ၆ ချောင်း တူးဖော်ခြင်းနှင့် နုန်းတားတမံများ တည်ဆောက်ပေးနိုင်ရေးနှင့်ပတ်သက်၍ အဆိုပါ လုပ်ငန်းများမှာ ဆည်မြောင်းဦးစီးဌာနမှ စီမံကိန်းလုပ်ငန်း တစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ထားသည့်ကိစ္စ မဟုတ်သည့်အတွက် အသေးစိတ် အချက်အလက်များကို ပညာရှင်အဖွဲ့များ စေလွှတ်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ ပညာရှင်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံမှု အပေါ်မူတည်၍ သုံးစွဲရမည့် ဘဏ္ဍာငွေနှင့် ရရှိမည့် အကျိုးများကို နှိုင်းယှဉ်ပြီး လူထုအတွက် အကျိုးအပြစ် အလားအလာများကို ကွင်းဆင်းလေ့လာ ဖော်ထုတ်၍ စီးပွားရေးအရ တွက်ခြေကိုက်မည်ဆိုပါက ပြည်ထောင်စုအစိုးရအဖွဲ့သို့ ရန်ပုံငွေတင်ပြတောင်းခံပြီး ခွင့်ပြုချက် ရရှိပြီး အကျိုးသက်ရောက်မှု ရှိမည့်လုပ်ငန်းများအလိုက် ဦးစားပေးအစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။ ယခု မိုးတွင်းကာလတွင် ပညာရှင်များစေလွှတ်၍ ကွင်းဆင်းလေ့လာ စေပြီး ရရှိသည့် အချက်အလက်များအပေါ် စိစစ်တွက်ချက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပွင့်လင်းရာသီတွင် တစ်ပြိုင်နက်တည်း ဆောင်ရွက်ရမည့်လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး လုပ်ထုံးလုပ်နည်း များနှင့်အညီ ညီညွတ်စွာဆောင်ရွက် အကောင်အထည်ဖော်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါသည်။
