ကုလားတန်မြစ်မြောက်ပိုင်း မိုင် ၁၅၀ လောက်ဟာ အိန္ဒိယနယ်စပ်ကနေ ရခိုင်ပြည်နယ်စပ်ထိ ပလက်ဝမြို့နယ်အတွင်းမှာ ဖြတ်ပြီးတော့ စီးဆင်းလာတဲ့ အဲဒီမြစ်ကို ကျွန်တော်တို့ မြို့နယ်သူ၊ မြို့နယ်သားတွေက သွားလာရေးကိစ္စ၊ နောက် ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ရေးတွေမှာ အဲဒီမြစ်ကြောင်း တစ်ခုကိုပဲ ကျွန်တော်တို့ အားထား ပြီးတော့ အသုံးပြုရပါတယ်။ ရှေးယခင်ကတည်းကစ ယနေ့အထိပါ။ဒါပေမဲ့ ၁၉၉၇ ခုနှစ် ၊ မိုးရာသီမှာ ပလက်ဝမြို့ရဲ့မြောက်ဘက် ၂၉ မိုင် ကွာဝေးတဲ့ တစ်နေရာမှာတောင်တွေပြိုတဲ့အတွက် ကျွန်တော်တို့ သွားလာရေးအခက်အခဲ ရှိခဲ့ပါတယ်။ ယနေ့တိုင်ပါ။ ၁၉၉၇ ခုနှစ်က ယနေ့အထိ ဆိုရင် ၁၄ နှစ်လုံးလုံး ကျွန်တော်တို့ဟာ ဒီ သွားလာရေးခက်ခဲမှု၊ အန္တရာယ်မကင်းတဲ့ ရေလမ်းခရီး သွားလာမှု၊ ပြီးတော့ သဘာဝဘေးအန္တရာယ်ကြီး မဟုတ်သည့်တိုင်အောင် ဘေးအန္တရာယ်ကလေးကို ကျွန်တော်တို့ ပလက်ဝနယ်သူနယ်သားတွေ ခံစားနေရပါတယ်။ ကျွန်တော်တို့ မြို့နယ်အတိုင်းအတာအရဆိုရင် ထွက်ကုန်အများဆုံးဖြစ်တဲ့ လိမ္မော်သီး၊ နှမ်း၊ ပဲကြီး ယခုဆိုရင် ဝဥ၊ ဂမုန်း၊ နနွင်းခြောက်၊ ဂျင်းစိမ်းတွေကို အဲဒီမြစ်ကြောင်းမှာ အသုံးပြုပြီးတော့ ရခိုင်ပြည်နယ်၊ ကျောက်တော်မှတစ်ဆင့် ရခိုင်ပြည်နယ်ြမောက်ပိုင်းရှိ မြို့နယ်များ၊ ပြည်မ အလယ်ပိုင်းမြို့များ၊ ဘူးသီးတောင်၊ မောင်တော အထိကို ကျွန်တော်တို့ နှစ်စဉ် ပို့ဆောင်ပေးပါတယ်။ အဲဒါနဲ့ အခု မြစ်ကြောင်း ပိတ်ဆို့နေတဲ့အတွက် ကျွန်တော်တို့ဟာ ကုန်ကျစရိတ်များပြီးနောက် အဲဒီမှာ တစ်ထောက်နား ပြီးတော့ ရပ်နားရတဲ့ အတွက် ပုပ်သိုးပျက်စီးမှုတွေလည်း ကြုံတွေ့ရပါတယ်။ နောက်မိုးတွင်းရက်ကျ လို့ရှိရင် အဲဒီ ကမ်းကပ်ခါနီးမှာ ရေဝဲအားတွေကြောင့် စက်လှေတွေလည်း ပျက်စီး နစ်မြုပ်ခဲ့ရတာ ယနေ့အထိ ၁၂ စီးလောက်ရှိသွားပါပြီ။ လူတွေလည်း ရေနစ်သေဆုံးခဲ့တာ ၄ ယောက်လောက် ရှိခဲ့ပါပြီ။ အဲဒါကြောင့် ဒီမြစ်ကြောင်း ပြုပြင်ရေးကို နိုင်ငံတော်အနေနဲ့ ပြုပြင်ပေးဖို့ ပလက်ဝနယ်သူ နယ်သားများ အထူးလိုလား နေတဲ့အတွက် အဲဒါကို ဒီ လွှတ်တော်မှာ လူထုတွေ ကိုယ်စား ကျွန်တော် မေးမြန်းရခြင်းဖြစ်ပါတယ်။ ဒီ မြစ်ကြောင်းရေပိတ်ဆို့မှုကို နိုင်ငံတော်အနေနဲ့ လုပ်ပေးဖို့ အစီအစဉ် ရှိပါသလား။ နံပါတ်(၁)အနေနဲ့မေးလိုပါတယ်။ နံပါတ်(၂) အနေနဲ့ ကျွန်တော်တို့ ပြုပြင်မှု အစီအစဉ်များရှိလို့ရှိရင် မည်သည့်အချိန်က စတင်ပြီးတော့ ၊ မည်သည့် အချိန်လောက်မှာ ပြုပြင်မှု ပြီးစီးကောင်းမွန်မယ်ဆိုတာကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပလက်၀ မြို့မှ ြမောက်ဘက် ၂၉ မိုင်အကွာမှာရှိတဲ့ ကုလားတန်မြစ်မှာ ၁၉၉၇ ခုနှစ်က မြေငလျင် ကြောင့် တောင်ပြိုပြီးတော့မှ ရေလမ်းပိတ်ဆို့တဲ့ ကိစ္စကို ကျွန်တော်တို့ဆီကို တရားဝင်တင်ပြမှုမရှိတဲ့ အတွက် သိရှိခဲ့ခြင်းမရှိပါဘူး။ ကုလားတန်မြစ်မှာရှိတဲ့ ဦးပိုက်လင်းဖော်ပြတဲ့ ရေအခြေအနေမှာ နွေ ရာသီမှာ ရေနည်းနေပြီးတော့မှ မိုးရာသီမှာတော့ ရေစီးသန်တဲ့အတွက် သင်္ဘောများ ပြေးဆွဲ အသုံးပြု နိုင်ခြင်း မရှိဘဲနဲ့ ဒေသစက်လှေများသာ အသုံးပြုနိုင်သည့်မြစ်လမ်းဖြစ်ပါတယ်။ တောင်ပြိုပိတ်ဆို့ခဲ့တဲ့ အထက် ဖော်ပြပါရေလမ်းနေရာကို ကျွမ်းကျင်တဲ့ ပညာရှင်များ စေလွှတ်ပြီးတော့မှ စစ်ဆေး တိုင်းတာဖို့နဲ့ ဒီလမ်းဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို ဆောင်ရွက်နိုင်မယ့် နည်းလမ်းများကို ရှာဖွေဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီပညာရှင်အဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက် အစီရင်ခံချက်ပေါ်မူတည်ပြီးတော့မှ အဲဒီ ရေလမ်းအခြေအနေတွေကို လိုအပ်သလိုဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖြေကြားပါသည်။
