နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုက်ရိုက်ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ခဲ့ကာ နည်းဥပဒေပြဋ္ဌာန်းခဲ့ကြောင်း၊ သို့သော် ၂၀၁၄ ခုနှစ် နိုဝင်ဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေများကို ပြန်လည် စိစစ်ကြည့်မည် ဆိုပါက လုပ်ငန်းပေါင်း ၈၀၀ ကျော်တွင် ဒေါ်လာသန်းပေါင်း ၅၀၀၀၀ ကျော်ရှိသည်ဟု ဆိုသော်လည်း အမှန်တကယ်ဆောင်ရွက်နေသည့် လုပ်ငန်းအရေအတွက်သည် ၅၆၀ ကျော်နှင့် ရင်းနှီး မြှုပ်နှံမှုသည်လည်း ဒေါ်လာသန်းပေါင်း ၄၀၅၀၀ ကျော်ခန့်သာရှိသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကဏ္ဍများကို စိစစ်ကြည့်ပါက နိုင်ငံတော်၏ သဘာဝသယံဇာတများတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ၏ စုစုပေါင်း ၇၀ ရာခိုင်နှုန်းကျော်ခန့် ရင်းနှီးမြုပ်နှံထားသည်ကို တွေ့ရှိပြီး လယ်ယာကဏ္ဍများတွင် ဝင်ရောက်လာသော FDI ပမာဏသည် ၁ ရာခိုင်နှုန်းခန့်သာ ရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း။
ထို့ကြောင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အဓိကလိုအပ်ချက်ဖြစ်သော FDI စီးဝင်လာစေရန် မိမိတို့နိုင်ငံတွင် အားနည်းချက်များ၊ ချိတ်ဆက်ရန်များ များစွာရှိသည်ကို သုံးသပ် ရရှိသည့်အပြင် လယ်ယာမြေသိမ်းဆည်းခံရမှု၊ လယ်ယာမြေဈေးကစားမှုကြောင့် ဈေးနှုန်းမြင့်မားလွန်းစေသော ပြဿနာများ၊ တရားဥပဒေစိုးမိုးမှုအားနည်းချက်များကိုလည်း တွေ့ရှိရပါကြောင်း။
နိုင်ငံတော်အနေဖြင့် အမျိုးသားရေးရည်မှန်းချက်ဖြစ်သော ဆင်းရဲမွဲတေမှုလျော့ပါးရေးနှင့် LDC နိုင်ငံအဆင့်မှ ရုန်းထွက်လွတ်မြောက်ရေးအတွက် ဆောင်ရွက်ရာတွင် ကျေးလက်နေ တောင်သူ လယ်သမားများ၏ လူမှုစီးပွားရေးဘဝ မြင့်မားလာအောင် စွမ်းဆောင်နိုင်မှုအပေါ် အဓိကတည်မှီနေခြင်းကြောင့် လယ်ယာမြေဆိုင်ရာ ပြဿနာများကို လက်တွေ့ကျကျဖြေရှင်း၍ တရားဥပဒေစိုးမိုးမှု အားကောင်းခိုင်မာလာအောင် တည်ဆောက်ပြီးနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာရေးကို စီမံဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိသိရှိလိုပါကြောင်းမေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လယ်ယာကဏ္ဍကို ပြည်ပရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာနိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း၊ ရင်းနှီးမြှုပ်နှံ နိုင်သည့် အခွင့်အလမ်းများကို စိုက်ကွင်းများတွင် လက်တွေ့ပြသခြင်း၊ နိုင်ငံတကာမှစီးပွားရေးလုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ စိုက်ပျိုးရေးတွင် ရင်းနှီးမြှုပ်နှံနိုင် မည့်အခွင့်အလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ခြင်းများအပြင် နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေး၊ လယ်ယာအခြေခံစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီစိုက်ပျိုးထုတ်လုပ်မှုများ ဆောင်ရွက်နိုင်ရေးတို့ကို ပြည်ပမှ နည်းပညာများ၊ ပညာရှင်များ၊ ရင်းနှီးမြှုပ်နှံမှုသူများဖြင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း။
ထို့အပြင် တောင်သူလယ်သမားများ၏ အကျိုးစီးပွားအလို့ငှာ လယ်ယာမြေဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ(င)၌ လယ်ယာမြေတွင် စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်သမဝါယမ အသင်း၏ ရင်းနှီးမြှုပ်နှံမှုများ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများ အကျိုးတူ လုပ်ကိုင်ခွင့်ရှိကြောင်းကို လည်းကောင်း၊ ပုဒ်မခွဲ(စ)၌ လယ်ယာမြေတွင် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပါဝင်သော အဖွဲ့အစည်းနှင့် ပူးပေါင်း၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အကျိုးတူလုပ်ကိုင်ခွင့်ရှိကြောင်းကို လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ(ဃ)တွင်လည်း ဥပဒေအရခွင့်ပြုထားနိုင်သည့် ရင်းနှီးမြှုပ်နှံမှုကိစ္စများကို ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း။ ၂၀၁၄ ခုနှစ်အတွင်း လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ပြည်ပ ကုမ္ပဏီပေါင်း ၆၅ ခုက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသို့ လာရောက်တွေ့ဆုံဆွေးနွေးမှုများ ရှိသကဲ့သို့ ယခုအချိန်တွင်လည်း လာရောက် တွေ့ဆုံဆွေးနွေးဆဲဖြစ်ပါကြောင်း။
လယ်ယာကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု နည်းပါးရခြင်း၏ အကြောင်းအရင်းကို လေ့လာကြည့် မည်ဆိုပါက-
(က) နိုင်ငံခြားသားများ လယ်ယာမြေပိုင်ဆိုင်ခွင့်မရှိခြင်း၊ တိုက်ရိုက် လယ်ယာမြေကို အသုံး ပြုခွင့်လက်မှတ်မရရှိခြင်း။
(ခ) ရာသီဥတုကိုအမှီပြုရသော လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုနှင့် အခြားကဏ္ဍရင်းနှီးမြှုပ်နှံမှုတို့၏ နှိုင်းယှဉ်အကျိုးအမြတ်အလွန်ကွာခြားခြင်း။
(ဂ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေတွင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲမှု ဥပဒေတို့ အချင်းချင်းချိတ်ဆက်မှုအားနည်းခြင်း။
(ဃ) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ လက်တွေ့အကောင်အထည်ဖော်မှုတွင် အားနည်းနေခြင်း။
(င) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အခန်း(၁၀) ပုဒ်မ ၂၃ ပြဌာန်းချက်များသည် လယ်ယာကဏ္ဍ၏ လုပ်ငန်းသဘာဝအရ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အာမခံထားရှိရန် အခက်အခဲရှိခြင်း။
(စ) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အခန်း(၁၄) ပုဒ်မ ၃၅ ပြဌာန်းချက်များသည် ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီများအနေဖြင့် အခက်အခဲများစွာ ရှိနေခြင်း။
(ဆ) သီးနှံစိုက်ပျိုးထုတ်လုပ်၊ ပြုပြင်၊ တင်ပို့ရောင်းချမှုများတွင် ထိန်းကျောင်းကာကွယ်ပေးနိုင်သည့် ဥပဒေများ ပြည့်စုံရန်လိုအပ်လျက်ရှိနေခြင်း။
(ဇ) ပြည်ပတင်ပို့ရောင်းချမည့်် လယ်ယာထွက်ကုန်များ၏ အရည်အသွေး၊ စံချိန်စံညွှန်းများအပေါ် အတည်ပြုထောက်ခံချက်ပေးသည့် နိုင်ငံတကာအသိအမှတ်ပြုအဖွဲ့အစည်း/ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်မှု အားနည်းနေခြင်း။
(ဈ) လယ်ယာအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ခိုင်မာသောအခြေခံ အဆောက်အအုံများ လိုအပ်မှုရှိနေခြင်း များကိုတွေ့ရှိရပါကြောင်း။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ မိတ်ဆွေနိုင်ငံများ၏ အထောက်အပံ့အကူအညီများဖြင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ဆောင်ရွက်လျက်ရှိရာတွင် အထောက် အပံ့စီမံကိန်း ၂၁ ခုကို အမေရိကန်ဒေါ်လာ ၇၈.၁၃၇ သန်းဖြင့်လည်းကောင်း၊ ပြည်ပချေးငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းလေးခုကို အမေရိကန်ဒေါ်လာ ၃၇၀.၃၂၄ သန်းဖြင့်ဆောင်ရွက်လျက်ရှိသည့်အပြင် အထောက်အပံ့စီမံကိန်း ၁၂ ခုနှင့် ချေးငွေစီမံကိန်း လေးခုကို စုစုပေါင်းအမေရိကန်ဒေါ်လာ ၉၂၇.၇၈၆ သန်းဖြင့် အကောင်အထည်ဖော် နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လယ်ယာကဏ္ဍသို့ ပိုမိုစီးဝင်လာနိုင်စေရေး အတွက် ဥပဒေ၊ နည်းဥပဒေဆိုင်ရာလိုအပ်ချက်များ၊ ပြုပြင်မှုများ၊ အခြေခံအဆောက်အအုံ ဖြည့်ဆည်း တည်ဆောက်မှုများ၊ ပြည်ပဈေးကွက်အခွင့်အလမ်းရရှိစေရန် လမ်းဖွင့်ပေးမှုများဖြင့် ဖြည့်ဆည်း သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
