(က)-ရွှေလီရေအားလျှပ်စစ်စက်ရုံ(၁) သို့မဟုတ် ဆည်တော်ကြီးရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အား သွယ်တန်းဖြန့်ဖြူးထုတ်လုပ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဌမနေ့ (၁၁.၇.၂၀၁၂)

မဘိမ်းမြို့နယ်အတွင်း ရွှေလီရေအားလျှပ်စစ်စက်ရုံမှ ထုတ်လုပ်သော မဟာဓာတ်အားလိုင်းသည် တကောင်းတောင်သို့ သွယ်တန်းထားပြီးဖြစ်သဖြင့်  မဘိမ်း မြို့နယ်အတွင်း ကျေးရွာများကို ဖြန့်ဖြူးပေးနိုင်ဖို့ အစီအစဉ်များရှိပါသလား။ သို့တည်းမဟုတ် ဆည်တော်ကြီးရေအားလျှပ်စစ်စက်ရုံမှ မိုးကုတ်သို့ မဟာဓာတ်အားလိုင်းဖြင့် ပို့လွှတ်သော ဓာတ်အားကို မိုးမိတ်သို့လည်းကောင်း၊ မိုးမိတ်မှ မဘိမ်းသို့လည်းကောင်း၊ တစ်ဆင့်ဆီ သွယ်တန်း ဖြန့်ဖြူးထုတ်လုပ်ပေးမည့် အစီအစဉ်များရှိပါသလား။ ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေး မည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါသည်။


 

ဖြေကြားသူ
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး
အဖြေ

မဘိမ်းမြို့ဟာ မိုးမိတ်မြို့မှ ၃၈ မိုင်ကွာဝေးပြီး မီးသုံးသူဦးရေ ၄၂၁ ဦးရှိပါသည်။ 150KVA မီးစက်နှင့် မီးပေးထားပါတယ်။ တစ်လကို ဒီဇယ်ဂါလန် ၅၂၀ ကုန်ကျသုံးစွဲပြီးတော့ နေ့စဉ်  ၁ နာရီ ၄၅ မိနစ်ခန့် လျှပ်စစ်ဓာတ်အားပေးလျက်ရှိပါတယ်။ ရွှေလီ(၁)မှ တကောင်းတောင်ကို နီကယ်သတ္တုမိုင်းအတွက် အသုံးပြုရန် သီးခြားတည်ဆောက်ထားသော မဟာဓာတ်အားလိုင်း ဖြစ်ပါတယ်။ ဓာတ်အားစနစ်မှာလည်း 220 KV ဓာတ်အားစနစ် ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံ ဓာတ်အား 230KV ဓာတ်အားစနစ်ဖြစ်တဲ့အတွက်ကြောင့် ဓာတ်အားစနစ်ချင်း မတူညီတဲ့အတွက် ကြောင့် ဓာတ်အားပေးလို့ မရဘူးဖြစ်ပါတယ်။ မဘိမ်းမြို့ကို ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရေး အတွက် ပထမအဆင့်အနေဖြင့် လက်ပံလှခွဲရုံမှာ အဆင့်မြှင့်တင်ခြင်း၊ လက်ပံလှ-မိုးကုတ် 66 KV ဓာတ်အားလိုင်း ၅၂ မိုင်တည်ဆောက်ခြင်းနှင့် လက်ရှိမိုးကုတ် 33 KVဓာတ်အားခွဲရုံကို 66 KV ဓာတ်အားခွဲရုံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် လျာထားပြီးဖြစ်တဲ့အတွက်ကြောင့် ဘဏ္ဍာငွေခွဲဝေရရှိမှုပေါ်မူတည်ပြီးတော့ လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အထက်ကတင်ပြခဲ့တဲ့ ပထမအဆင့်လုပ်ငန်းများ ဆောင်ရွက်၍ မဘိမ်းမြို့ကို ဓာတ်အားရောက်ရှိပြီးပါက မဘိမ်းမြို့ကို ဓာတ်အားဖြန့်ဖြူးပေးရန်အတွက် ဒုတိယ အဆင့်အနေဖြင့် မိုးကုတ်မှမိုးမိတ်သို့ 66KV ဓာတ်အားလိုင်း ၂၈ မိုင်၊ မိုးမိတ်မှ 63/33KV 3MBA ခွဲရုံတစ်ရုံ တည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။ မိုးမိတ်မြို့တွင် 63/33KV  ဓာတ်အားခွဲရုံ တည်ဆောက် ပြီးပါက မိုးမိတ်မှမဘိမ်းကို 33KV ဓာတ်အားလိုင်း ၃၈ မိုင်၊ မဘိမ်းမှ 33KV ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ပေးရမှာ ဖြစ်တဲ့အတွက်ကြောင့် ယင်းစီမံကိန်းများကို ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်း လျာထားချက်တွေ ပါဝင်ထည့်သွင်းပေးပြီး လာမည့်ဘဏ္ဍာရေးနှစ်များမှာ ဘဏ္ဍာငွေခွဲဝေရရှိမှုပေါ် မူတည်ပြီး ထည့်သွင်းသွားမှာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။