(ဃ)-ကြားဖြတ် ရွေးချယ်တင်မြှောက်ပွဲများကို ကျင်းပရန် မည်သို့ပြင်ဆင် ထားသည် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး နဝမနေ့ (၁၄-၃-၂၀၁၁)

သမ္မတ ၊ ဒုသမ္မတ အရွေးချယ်ခံထားရသူများအပါအဝင် အုပ်ချုပ်ရေးအာဏာ အတွင်းသို့ ရောက်သွားကြ မည့် လွှတ်တော်ကိုယ်စားလှယ်များ နေရာတွင် အစားထိုးရွေးချယ်ရန် ကြားဖြတ်ရွေးချယ် တင်မြှောက်ပွဲများကို ကျင်းပရန် မည်သို့ ပြင်ဆင်ထားသည် ၊ မည်သည်‌့အချိန်တွင် ကျင်းပမည်၊ လွတ်လပ်၍ တရားမျှတမှုရှိစေရန် မည်သို့စီမံထားသည် စသည်တို့ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေများ ၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ အပိုဒ် ၈၆ နဲ့အညီ လစ်လပ်သွားသော လွှတ်တော်ကိုယ်စားလှယ်များနေရာမှာ အစားထိုး ရွေးကောက်တင်မြှောက် နိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အကြောင်းကြားမှာဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လစ်လပ်တဲ့ လွှတ်တော် ကိုယ်စားလှယ်များ နေရာမှာ အစားထိုးရွေးကောက်တင်မြှောက်နိုင်ရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၆ အရ အောက်ပါနေ့ရက်တွေကို သတ်မှတ်ကြေညာမှာ ဖြစ်ပါတယ်-

(က)    လစ်လပ်သော မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်၊

(ခ )    လစ်လပ်သော မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း

          စတင်တင်သွင်းနိုင်သည့်နေ့ရက်၊

(ဂ )    လစ်လပ်သော မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည် စာရင်းတင်သွင်းနိုင်သည့်နောက်ဆုံးနေ့ရက်၊

(ဃ)    လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စိစစ်မည့် နေ့ရက်၊

(င )    လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင် သည့် နောက်ဆုံးနေ့ရက်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲများကို ကျင်းပနိုင်ဖို့အတွက်  လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်သွားတဲ့ မဲဆန္ဒနယ်များအတွက် မူလမဲစာရင်းကို အခြေပြု ပြီးတော့ နောက်ဆုံးအခြေအနေနှင့်ကိုက်ညီမှန်ကန်အောင် မဲစာရင်းများပြုစုခြင်း၊ မဲရုံ/မဲပုံး အစရှိတဲ့ ရွေးကောက်ပွဲအတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်ထားမှာ ဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် ခန့်မှန်းချိန်ကာလမှာ ပွင့်လင်းရာသီဖြစ်တဲ့ မိုးအကုန် ဆောင်းအကူး ဖြစ်တဲ့ ၂၀၁၁ ခုနှစ် ၊ အောက်တိုဘာလ ၊ နိုဝင်ဘာလခန့်မှာ ကျင်းပနိုင်မယ်လို့ ခန့်မှန်း ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲများကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေဖို့အတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ‌ဖြေကြားပါသည်။