(ခ)-နိုင်ငံ့ဝန်ထမ်းများအဖြစ် အမှန်တကယ်အလုပ် လုပ်ကိုင်လို၍ အလုပ်လျှောက်ထားလာသည့် အ သက်(၃၀/၃၅)နှစ်ခန့်ဘွဲ့ရပြီးသူများအား နိုင်ငံ့ဝန် ထမ်းအဖြစ် ဦးစားပေး ခန့်ထားရန် အစီအစဉ်ရှိ/ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၈)ရက်မြောက်နေ့ (၁၈.၂.၂၀၁၅)

ဦးခင်မောင်ညို (ပေါက်) ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်စေရန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် ကာလဖြစ်ပေရာ ဆင်းရဲနွမ်းပါးမှုလျော့ ချရေး၊ အလုပ်လက်မဲ့ လျော့နည်းရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက်လည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးနေမှုများ ရှိနေသော်လည်း ဘွဲ့ရ၍ အလုပ်လုပ်ကိုင်လိုသော လူငယ်လူလတ်များ အလုပ်လုပ်ကိုင်ရန် အကြိမ်ကြိမ် အလုပ်လျှောက်ထားရင်း အသက် ၃၀၊ ၃၅ နှစ်ပြည့်သွား၍ နိုင်ငံ့ဝန်ထမ်းဖြစ်ခွင့်မရဖြစ်ကာ အလုပ်လက်မဲ့များအဖြစ် များစွာတွေ့မြင်ကြနေရ ပါကြောင်း၊ ထိုသို့ဖြစ်နေရခြင်းမှာလည်း နိုင်ငံ့ဝန်ထမ်းများ ခန့်ထားရာတွင် အသက်ကန့်သတ်ချက်များနှင့် ခေါ်ယူခန့်ထားပေးနေခြင်းများကြောင့် အလုပ်လျှောက်၍ အလုပ်မရကာ အသက်ကြီးလာပြီး အလုပ်လုပ်ကိုင်ခွင့်များ ဝေးကွာနေကြရပြီး အလုပ်လက်မဲ့ဘဝသို့ ရောက်ရှိ သွားခဲ့ရပါကြောင်း၊ ထိုကဲ့သို့ ဖြစ်ပေါ်နေမှုများကြောင့် အလုပ်လက်မဲ့ဖြစ်ခဲ့ရသော လူငယ်လူလတ်များနှင့် ၎င်းတို့၏ မိဘများအပါအဝင် အများပြည်သူအပေါင်းတို့က စိတ်မကောင်းဖြစ်ရပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၁ တွင် နိုင်ငံတော်သည် ပြည်သူများ အလုပ်လက်မဲ့နည်းပါးစေရန် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့နောက် နိုင်ငံ့ဝန်ထမ်းများခန့်ထားရာတွင် အမှန်တကယ်လိုအပ်၍ အသက်အပိုင်းအခြား ကန့်သတ်ချက်ဖြင့် ခန့်ထားပေးရန် လုပ်ငန်းတာဝန်များမှအပ ကျန်လုပ်ငန်းတာဝန်အများစုကို ခန့်ထားတာဝန်ပေးမှုများတွင် ဘွဲ့ရပြီးအသက် ၃၀၊ ၃၅ နှစ်ခန့် ရှိပြီး အလုပ်လုပ်လို၍ လျှောက်ထားကြသော လူငယ်လူလတ်များ အလုပ်လက်မဲ့နည်းပါးစေရန် နိုင်ငံတော်က တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသည့်သဘောဖြင့် ဦးစားပေးခန့်ထားပေးရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ဆိုပါက နိုင်ငံတော်အစိုးရအပေါ် ပြည်သူများက ကျေးဇူးတင် နေမည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံ့ဝန်ထမ်းများအဖြစ် အမှန်တကယ် အလုပ်လုပ်လို၍ အလုပ်လျှောက်ထားလာကြသည့် အသက် ၃၀၊ ၃၅ နှစ်ခန့် ဘွဲ့ရပြီးသူများအား နိုင်ငံ့ဝန်ထမ်းအဖြစ် ဦးစားပေးခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါကမည်သို့ ဆောင်ရွက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်နှင့် နိုင်ငံတော်မှ မည်သို့ကူညီဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုရားထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဒေါက်တာကျော်ကျော်ဌေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စုရားထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဒေါက်တာကျော်ကျော်ဌေး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင်ရှာဖွေရေးရုံးများတွင် လိုအပ်သော ပညာအရည်အချင်းများ၊ လုပ်ကိုင်နိုင်သော အသက် ၁၈ နှစ်ပြည့်ပြီးသူများကို မှတ်ပုံတင်ပြီး သင့်တော်သည့် လုပ်ငန်းခွင်များတွင် ဝင်ရောက်ရန် လုပ်ငန်းများကို စီစဉ်ချိတ်ဆက်ဆောင်ရွက်ပေးနေပါကြောင်း၊  မိမိတို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ပြန်တမ်းဝင်အရာရှိ အဆင့် စတင်ခန့်ရာထူး လစ်လပ်မည်ဆိုပါက ၎င်းရာထူးနေရာတွင် ခန့်အပ်လိုကြောင်း အမှာစာပေးပို့လာသည့် လိုအပ်ချက်အရ အသက်၊ ပညာအရည်အချင်း ကန့်သတ်ချက်နှင့် အဆိုပြုလာသည့်အပေါ်တွင် ကြော်ငြာခေါ်ယူပေးကာ ရေးဖြေစာမေးပွဲများ ကျင်းပပြီး စိတ်အခြေအနေစစ်ဆေး၍  လူတွေ့စစ်ဆေးခြင်းများပြုလုပ်ပြီး လုပ်ငန်းများကို ရရှိစေရန် စီရင်ဆောင်ရွက် ပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်နေရာတွင် ပြန်တမ်းဝင် အရာရှိအဆင်‌့ စတင်ခန့်ရာထူးအတွက် ပြင်ပ ပုဂ္ဂိုလ်ကို ၃၅ နှစ်၊ ဝန်ထမ်းဖြစ်ပါက ၄၅ နှစ်ထက်မကျော်လွန်စေရဟု ယျေဘုယျအားဖြင့် သတ်မှတ်ထား ရှိပါကြောင်း၊ သတ်မှတ်ထားရှိသည်နှင့်အညီ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးကလည်း သတ်မှတ်ထားသည့်အတိုင်း အဆိုပြုလျက်ရှိပါကြောင်း၊ မေးခွန်းပါ ၃၀၊ ၃၅ နှစ်ထက်ပိုပြီး အသက်ကန့်သတ်ချက်သည် ပြင်ပ ၃၅ နှစ်၊ ဝန်ထမ်းဖြစ်ပါက ၄၀ နှစ်ဟု ယေဘုယျအားဖြင့် အခွင့်အလမ်းပေးထားသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဘွဲ့ရလူငယ်များ အလုပ်ရရှိရေးအတွက် တစ်ချိန်က တစ်နေရာတည်းမှာသာ စာမေးပွဲများ ကျင်းပပေးနေရာမှ နေပြည်တော်အပါအဝင် စင်တာ ၁၅ ခုဖွင့်ပြီး စာမေးပွဲများကျင်းပသည့်အတွက် ယခင်ကထက် ပိုမိုများပြားစွာဖြေဆိုနိုင်သည့် အခွင့်အလမ်းများ၊ ယှဉ်ပြိုင်နိုင်သည့် အခွင့်အလမ်းများ ရလာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ရာထူးရွေးချယ်ရေးစနစ်တွင် အရည်အချင်းရှိသူကို ဦးစားပေးသည့်စနစ်ကို ကျင့်သုံးပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရေးဖြေစာမေးပွဲကို မြန်မာ၊ အင်္ဂလိပ်၊ အထွေထွေဗဟုသုတ ဖြေဆိုအောင်မြင်ပြီးသူများကို လူတွေ့စစ်ဆေးမှုပြုလုပ် သည့်အခါ အရည်အချင်း တူညီနေမည်ဆိုပါက အသက်ကြီးနေသူများကို ဦးစားပေးရွေးချယ်လျက်ရှိသည်မှာ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသည့်နေရာများ၊ ဝေးလံခေါင်သီဒေသမှ လူငယ်များကိုလည်း ဦးစားပေးရွေးချယ် လျက်ရှိပါကြောင်း၊ တချို့သောလက်ထောက်ဆရာဝန်များကို ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးကို သွားရောက်၍ မိမိတို့ အင်တာဗျူးများစစ်ဆေးပြီး ရွေးချယ်ပေးနေသည်ကိုလည်း စီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခုနိုင်ငံဝန်ထမ်းများနှင့် လက်ရှိအခြေအနေတွင် နိုင်ငံဝန်ထမ်းဖွဲ့စည်းပုံများကို ဥပဒေတွေများနှင့် ဖွဲ့စည်းထားသည့်အတွက် နေရာနှင့်လျှောက်ထားသူအပေါ်မူတည်ပြီး ရွေးချယ်ရသည့်အတွက် တချို့နေရာများတွင် အခက်အခဲရှိသည်ကို နားလည်လက်ခံပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ လူငယ်များအလုပ်ရရှိစေရန် မိမိတို့ ပိုမိုကောင်းမွန်သည့် နည်းစနစ်များ စီမံဆောင်ရွက်ပေးနေသည်ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားပါသည်။