(င)-ကရင်ပြည်နယ်အတွင်း မှ စစ်ပြေးဒုက္ခသည်များ နှင့် စပ်လျဉ်းသည့်မေးခွန်း။

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၂၁-၃-၂၀၁၁)

 (က)   ပြည်တွင်းစစ်ကြောင့် ကရင်ပြည်နယ်အတွင်း ပြေးလွှားရှောင်တိမ်းနေရသည့် စစ်ပြေး ဒုက္ခသည်များ မည်မျှ ရှိနေပါသနည်း။

(ခ )    ၎င်းဒုက္ခသည်များအတွက် မည်သို့သော လူမှုဒုက္ခဆိုင်ရာ အကူအညီများကို ဆောင်ရွက် ပေးလျက်ရှိနေပါသနည်း။

(ဂ )    အတိုင်းအတာ မည်မျှ ဆောင်ရွက်ပေးပြီးဖြစ်ပါသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်ဆန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကိုယ်စားလှယ်တော်ကြီး ဦးစောသိန်းအောင် မေးမြန်းတဲ့ ဒုတိယ မေးခွန်းကိုလည်း ကိုယ်စားလှယ်ကြီးများ အားလုံး ကြားသိခဲ့ကြပြီးဖြစ်ပါတယ်။ အဲဒီမေးခွန်းရဲ့ အဓိကကျတဲ့အဖြေ သို့မဟုတ် အခြေခံကျတဲ့ အ‌ြဖေဟာ ကျွန်တော့်ရဲ့ ပထမ ‌ြဖေကြားချက်ထဲမှာ ပါရှိသွားပြီးဖြစ်ပါတယ်။ သို့သော်လည်း ဦးစောသိန်း အောင်နဲ့တကွ ကိုယ်စားလှယ်ကြီးများ ပိုမိုပြီးမြင်နိုင်အောင် အနည်းငယ် ဖြည့်စွက် ရှင်းလင်း ‌ြဖေကြားပါမယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားပါတယ်။ စစ်ကို မလိုလားပါဘူး။ ထို့အတူပါပဲ သွေးထွက်သံယိုမှုကို မလိုလားပါဘူး။ ဒါပေမယ့်လည်း နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး၊ ပြည်သူများရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးအတွက် မလွှဲမရှောင်သာ လက်နက်စွဲကိုင် တိုက်ခိုက်နေရခြင်း ဖြစ်ပါတယ်။ နှစ်ဖက်လက်နက်ကိုင် ပဋိပက္ခရယ်လို့ ဖြစ်လာရင် နှစ်ဖက်အဖွဲ့မှာ ထိခိုက်နစ်နာမှာ သဘာဝပါပဲ။ အလားတူပဲ နှစ်ဖက်လက်နက်ကိုင် ပဋိပက္ခရယ်လို့ ဖြစ်တဲ့ဒေသ ဒါမှမဟုတ်ရင်လည်းပဲ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့ ဒေသမှာ ရှိနေကြတဲ့ ပြည်သူများရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကိစ္စများဟာလည်း အနည်းနဲ့အများ ထိခိုက်မှာ အမှန်ပါပဲ။ ဒါ့ကြောင့်လည်း တပ်မတော်အစိုးရအနေနဲ့ တိုင်းပြည်တာဝန်ကို ယူခဲ့ရတဲ့ ၁၉၈၈ ကစပြီး ငြိမ်းချမ်းရေး ကို ကြိုးပမ်းတည်ဆောက်ခဲ့ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ မလွှဲမကင်းသာလို့ လက်နက်ကိုင်တိုက်ခိုက်ရပေမယ့် တဖက်က ငြိမ်းချမ်းရေးကို ကြိုးပမ်းတည်ဆောက်တဲ့အတွက် ကရင် ပြည်နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြား ဥပဒေဘောင်အတွင်း ဝင်ရောက် လာတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေနဲ့ပတ်သက်ပြီးပြောရရင် ဦးသာထူးကျော် ဦးဆောင်တဲ့ DKBA အဖွဲ့၊ ဦးစောသမူဟဲ ဦးဆောင်တဲ့ ဟောင်သရော အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့၊ ဖဒို ဦးအောင်ဆန်း ဦးဆောင်တဲ့ ဘုရားကုန်း အထူးဒေသငြိမ်းချမ်းရေးအဖွဲ့၊ ဦးစောဖယ်ရီမိုး ဦးဆောင်တဲ့ သံတောင်အထူးဒေသငြိမ်းချမ်းရေးအဖွဲ့၊ ဦးကိုကြီး ဦးဆောင်တဲ့ သံတောင်‌ြမောက်ပိုင်း အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ဦးဌေးမောင် ဦးဆောင်တဲ့ KNU ၊ KNLA ငြိမ်းချမ်းရေး ကောင်စီအပါအဝင် စုစုပေါင်း ၆ ဖွဲ့ ဖြစ်ပါတယ်။ အဲဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဥပဒေ ဘောင်အတွင်း ဝင်ရောက်လာတဲ့အခါမှာ တပ်ဖွဲ့ဝင်ပေါင်း ၅၉၇၃ ဦး ပါဝင်လာသလို ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် ထိခိုက်နစ်နာရတဲ့ ပြည်သူပေါင်း ၂၀၀၀၀ ကျော်လည်း တစ်ပါတည်း ပါဝင်လာခဲ့ပါတယ်။ အဲဒီ ဝင်ရောက်လာကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ပြည်တွင်း ပဋိပက္ခကြောင့် ထိခိုက်နစ်နာကြရတဲ့ ပြည်သူများရဲ့ လတ်တလော ဘ၀ ရပ်တည်ရေးနဲ့ ရေရှည် ရပ်တည် နိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေနဲ့ အစီအမံများချမှတ်ပြီး ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့ပါတယ်။ လတ်တလောဘ၀ ရပ်တည်နိုင်ရေးအတွက် လိုအပ်တဲ့ ဆန်၊ ရိုးရိုးဆား၊ အိုင်အိုဒင်းဆား အပါအဝင်  ရိက္ခာအမယ်များနဲ့ ငွေကြေးများကို ပံ့ပိုးကူညီပေးခဲ့ပါတယ်။ အဝတ်အထည် ၊ အိမ်သုံး ပစ္စည်း၊ လူသုံးပစ္စည်းများ ကိုလည်း ပံ့ပိုးကူညီပေးခဲ့ပါတယ်။ ရေရှည်ရပ်တည်နိုင်ရေးအတွက်လည်း စိုက်ပျိုးရေး ၊ ရာသီ သီးနှံစိုက်ပျိုးရေးများ၊ နှစ်ရှည်သီးနှံစိုက်ပျိုးရေး ဆောင်ရွက်နိုင်အောင် မတည် ဆောင်ရွက်ပေးခဲ့ ပါတယ်။ လိုအပ်တဲ့ မျိုးကောင်းမျိုးသန့်နဲ့စိုက်ပျိုးနည်းများ ၊ စိုက်ပျိုးရေးအတွက် လိုအပ်မယ့် လယ်ထွန်စက်၊ ရေစုတ်စက်၊ စပါးရိတ်စက်များသယ်ယူ ပို့ဆောင်ရေးအတွက် လိုအပ်တဲ့ လုပ်ငန်း ယာဉ်များ ပံ့ပိုး ဆောင်ရွက်ပေးခဲ့ပါတယ်။ မွေးမြူရေးအတွက်လည်း မျိုးကောင်းမျိုးသန့် ဝက်မျိုး၊ ကြက်မျိုးများနဲ့၊ မွေးမြူရေးနည်းများကို ပံ့ပိုးဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ ကိစ္စများမှာ လည်း စီမံဆောင်ရွက် ပေးခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းက ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကြောင့် ထိခိုက်နစ်နာခဲ့ကြရတဲ့ ပြည်သူများအတွက် ဆောင်ရွက်ပေးခဲ့တဲ့ ငွေကြေးပမာဏဟာ ကျပ်သန်းပေါင်း ၆၇၇၃.၂၅၃ သန်းရှိခဲ့ပါတယ်။ တနည်းအားဖြင့်ပြောရင် ကျပ်ငွေပေါင်း ၆.၇ ဘီလီယံကျော် ဖြစ်ပါတယ်။ ထို့အတူပဲ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် များရဲ့ တည်ဆောက်ရေးလုပ်ငန်းများ၊ ပို့ဆောင်ရေးလုပ်ငန်းများမှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းယာဉ်များ အပါအဝင် ယာဉ်ပေါင်း ၃၈၃ စီးကိုလည်း  ဥပဒေနဲ့အညီ ဖြစ်အောင် ကာကွယ်ရေးဝန်ကြီးဌာနက ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုအခါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်များဟာ အခြေခံဥပဒေနဲ့ အညီ နယ်ခြားစောင့်တပ်များ၊ ဒေသပြည်သူ့စစ်များအဖြစ် ဖွဲ့စည်းခဲ့ကြပြီး ဖြစ်ပါတယ်။ အဲဒီလို       ဖွဲ့စည်းတဲ့ နေရာမှာ အသက်အရွယ်ကြီးရင့်မှုအရ သော်လည်းကောင်း၊ ကျန်းမာရေးမကောင်း၍ သော်လည်းကောင်း၊ ထိခိုက်မှုအရ ကိုယ်လက်အင်္ဂါ မသန်စွမ်း၍သော်လည်းကောင်း ဆက်လက်ပါဝင် နိုင်ခြင်းမရှိကြတဲ့ လက်နက်ကိုင် တပ်ဖွဲ့များအတွက်လည်း နိုင်ငံတော်အစိုးရက တစ်လုံးတစ်ခဲတည်း ပံ့ပိုးငွေများ ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလို တစ်လုံးတစ်ခဲတည်း ပံ့ပိုးငွေထုတ်ပေးခဲ့တဲ့ ငွေကြေးပမာဏဟာ ကျပ်သိန်းပေါင်း ၃၄၀၃ အထိ ရှိခဲ့ပါတယ်။ ယနေ့အခါမှာ ပြည်တွင်း လက်နက်ကိုင်  ပဋိပက္ခကို အပြည့်အ၀ မချုပ်ငြိမ်းသေးတဲ့ အတွက် ၁၉၈၈ ကနေ ၂၀၁၀ အထိ ပြည်တွင်း သောင်းကျန်းမှုများကြောင့် ပြည်သူတွေထိခိုက်နစ်နာ ခဲ့ရတဲ့ အကြိမ်ပေါင်း ၁၂၉ ကြိမ်ရှိတယ်လို့ မှတ်တမ်းအရ သိရပါတယ်။ အဲဒီ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကြောင့် ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ခြေပေါင်းက ၁၂၆၇၉၊ အိမ်ထောင်စုပေါင်းက  ၁၄၉၅၃ ၊ ပြည်သူပေါင်းက ၆၄၉၂၉ ဦးရှိတယ်လို့သိရပါတယ်။ အဲဒီလို ပြည်တွင်း ပဋိပက္ခကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ပြည်သူတွေထဲမှာ ကရင်ပြည်နယ်  ပြည်သူတွေ အများအပြား ပါဝင်နေပါတယ်။ ဒါ့ကြောင့်လဲ လက်နက်ကိုင် ပဋိပက္ခ ကြောင့် ထိခိုက်နစ်နာရတဲ့ ကရင်ပြည်သူတွေနဲ့ ကရင်ပြည်သူတွေ နေထိုင်တဲ့ ကရင်ပြည်နယ်မှာ အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်အောင် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍအသီးသီးဖွံ့ဖြိုးတိုးတက်လာအောင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းနှင့် နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဲဒီအဆိုပါ လုပ်ငန်းနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် အတွင်းမှာ နိုင်ငံတော်က ကျခံသုံးစွဲခဲ့တဲ့ ငွေပေါင်းဟာ ကျပ်သန်းပေါင်း ၁၈၈၁၂.၈၆ သန်း၊ သို့မဟုတ် ၁၈.၈၁ ဘီလီယံကျော် ရှိကြောင်း ပြောကြားလိုပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်း ပဋိပက္ခ ကြောင့် ထိခိုက်ရတဲ့ ပြည်သူများအပါအဝင် ဒေသတစ်ခုလုံးအတွက် အခုလို ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ပေးနေပေမယ့် အချို့သော ပြည်သူအနည်းစုကတော့ အနေ အစားချောင်တဲ့ မြန်မာနိုင်ငံနယ်စပ်အနီး တစ်ဖက်နိုင်ငံမှာရှိတဲ့ သူတို့အခေါ် ဒုက္ခသည်စခန်းများကို သွားရောက်နေကြတာလည်းရှိပါတယ်။ သို့သော်လည်း အဲဒီဒုက္ခသည်စခန်း(ခေါ်)အခြေပြု နေရာမှာ အများစုရှိနေကြတဲ့ သူတွေကတော့ ကြွင်းကျန်  လက်နက်ကိုင်သောင်းကျန်းသူများနဲ့ သူတို့ရဲ့ မိသားစုများ ၊ ပြည်ပြေးများ၊ ပြည်တွင်းမှာ အမှုအမျိုးမျိုးကျူးလွန်ပြီးတော့ ထွက်ပြေးနေကြတဲ့၊ တိမ်းရှောင်နေကြတဲ့ သူများကသာ အများစုဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ဒါကြောင့် ဒီအ‌ြခေအနေတွေ အပါအဝင် လက်နက်ကိုင် ပဋိပက္ခအားလုံး ချုပ်ငြိမ်းပြီး အပြည့်အဝနဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ကရင်ပြည်နယ်မှာ ထာဝရ အေးချမ်းရှင်သန်တဲ့ဘဝကို တည်ဆောက်နိုင်အောင် ကျွန်တော်ရဲ့ ပထမရှင်းလင်းချက်မှာ ပါတဲ့အတိုင်း အစိုးရနဲ့ ပြည်သူ   လက်တွဲပြီး အခြေခံဥပဒေနဲ့အညီ ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။