(ဃ)-ကရင်ပြည်နယ်မှပြည်သူတို့၏ လိုလားတောင့်တချက်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၂၁-၃-၂၀၁၁)

 (က)   ကရင်ပြည်နယ်ရှိ လက်ရှိစစ်မက်ရေးရာနှင့် ပြေးလွှားတိမ်းရှောင်နေရသော စစ်ဘေး ဒုက္ခသည်များကို စာနာထောက်ထားလျက် ကရင်ပြည်နယ်မှ ပြည်သူလူထုများမှ အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးကို လိုလားတောင့်တ နေကြပါသည်။ ကရင် ပြည်နယ် ပြည်သူတို့၏ လိုလားတောင့်တချက်ကို အကောင်အထည်ဖော်ပေးနိုင်ပါ မည်လား။

( ခ )   အကောင်အထည်ဖော်ပေးနိုင်ပါလျှင် မည်သို့သော ပုံစံဖြင့် အကောင်အထည်ဖော် ပေး မည်နည်း။ ပြည်သူတို့မှ မည်သို့ ပူးပေါင်းဆောင်ရွက်နိုင်မည်နည်း။

( ဂ )   အကောင်အထည်ဖော် မဆောင်ရွက်ပေးနိုင်ပါလျှင် အဘယ်ကြောင့်နည်း ဆိုသည်ကို မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်ဆန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကရင်ပြည်နယ်၊ ပြည်သူလူထုက အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို လိုလားတောင့်တသလို နိုင်ငံတော်အစိုးရအနေနဲ့လည်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို လိုလားတောင့်တပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်မှာ ငြိမ်းချမ်းရေးရရှိအောင်နဲ့ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အခါအခွင့်သင့်တာမို့ နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရအောင် ကြိုးပမ်းတည်ဆောက်မှုများကို ဆက်စပ်ရှင်းလင်းပြောကြားလိုပါတယ်။

          ကိုယ်စားလှယ်ကြီးများအားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ၁၉၈၈ ခုနှစ်မှာ ပြည်တွင်းပြည်ပ ပယောဂများကြောင့် မင်းမဲ့စရိုက်များ လွှမ်းမိုးကာ အုပ်ချုပ်မှုယန္တရား ပျက်ပြားပြီး၊ တိုင်းပြည်ပြိုကွဲ ပျက်စီးတော့မယ့်အ‌ြခေအနေကို ရောက်တာမို့ တပ်မတော်က တိုင်းပြည်တာဝန်ကို ယူခဲ့ရပါတယ်။ တိုင်းပြည်တာဝန်ကို ယူခဲ့ရတဲ့အချိန်က စပြီး တိုင်းပြည်မှာ တည်ငြိမ်အေးချမ်းအောင်နဲ့ ဖွံ့ဖြိုးတိုးတက် အောင် ကြိုးပမ်းပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ငြိမ်အေးချမ်းမှု၊ ဒါမှမဟုတ်ရင် ငြိမ်းချမ်းမှုဟာ အဓိကကျပါတယ်။ ငြိမ်းချမ်းမှုမရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုမှ ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး သမိုင်းကို ပြန်ကြည့်ရင်    ၁၉၄၈ခုနှစ် လွတ်လပ်ရေးရသည်မှ ၁၉၆၂ ခုနှစ်အထိ ရောင်စုံသောင်းကျန်းသူများကြောင့် နိုင်ငံတော်မှာ တည်ငြိမ်အေးချမ်းမှု၊ ငြိမ်းချမ်းမှု လုံးဝမရှိခဲ့သလောက် ဖြစ်ပါတယ်။ အလားတူပါပဲ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ကြား အခြေအနေမှာလည်း တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှု အတိုင်းအတာတစ်ခုထိ တိုးတက်လာတာမှန်သော်လည်း တည်ငြိမ်အေးချမ်းမှုနဲ့ ငြိမ်းချမ်းမှုဟာ အားနည်းခဲ့ပါတယ်။ ဒါကြောင့် ၁၉၄၈ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ တာဝန်ယူခဲ့ကြတဲ့ အစိုးရ အသီးသီးက နိုင်ငံတော်မှာ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတာကို တွေ့ရပါတယ်။ သို့သော်လည်း ထိရောက်အောင်မြင်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခဲ့ကြခြင်းမရှိပါဘူး။ အဲဒီလို မတည်ဆောက်နိုင်ခဲ့တဲ့အတွက်လည်း နိုင်ငံတော်မှာ ထိရောက်အောင်မြင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မရခဲ့ပါဘူး။

ဥက္ကဋ္ဌကြီးနှင့်တကွ ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ တိုင်းပြည်တာဝန်ကို ယူခဲ့ရတဲ့ တပ်မတော်နဲ့ တပ်မတော်ရဲ့ ခေါင်းဆောင် နိုင်ငံတော်အကြီးအကဲဟာ အဲဒီအတိတ်သမိုင်းက ဖြစ်စဉ်တွေကို သင်ခန်းစာ ယူပြီး၊ ယခင် အစိုးရများရဲ့ မူဝါဒများနဲ့မတူတဲ့ တကယ်လည်း ငြိမ်းချမ်းရေး ကို အောင်မြင်အောင် ဖော်ဆောင် ပေးနိုင်မယ့် ငြိမ်းချမ်းရေးနည်းသစ်ကို ရှာကြံခဲ့ပါတယ်။ အဲဒီလို ရှာကြံပြီး ငြိမ်းချမ်းရေး နည်းသစ်ဖြစ်တဲ့ နိုင်ငံရေး အမြတ်မထုတ်တဲ့ စေတနာကို အရင်းခံတဲ့၊ ပကတိ အရှိတရားနဲ့လည်းညီတဲ့၊ ဒေသရဲ့ကောင်းကျိုးကိုလည်း ဖော်ဆောင်ပေးနိုင်မယ့် တစ်ဖက်အဖွဲ့အစည်း များကလည်း လက်ခံနိုင်တဲ့၊ ငြိမ်းချမ်းရေးနည်းသစ်နဲ့ ငြိမ်းချမ်းရေးကို ကြိုးပမ်းတည်ဆောက်ခဲ့ ပါတယ်။ ဒါ့ကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး ၁၇ ဖွဲ့၊ အဖွဲ့ငယ်ပေါင်း ၂၃ ဖွဲ့ဟာ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြပါတယ်။ တစ်နည်းအားဖြင့် ပြောရင်တော့ နိုင်ငံတော်မှာ လက်နက်စွဲကိုင်ဆန့်ကျင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ဥပဒေ ဘောင်အတွင်း ဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ သို့သော်လည်း အဲဒီအဖွဲ့များအနက်မှ ပဲ့ထွက်ပြီးကျန်နေခဲ့တဲ့ အဖွဲ့ သုံးဖွဲ့သာ ဥပဒေပြင်ပမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကနေ့အခါ နိုင်ငံတော်မှာ ဘယ်ခေတ်အခါကနဲ့မှ မတူအောင် ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီငြိမ်းချမ်းမှုရဲ့ အကျိုးကိုလည်း ပြည်သူတွေ ရရှိခံစား နေကြပြီဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးနှင့်တကွ ကိုယ်စားလှယ်ကြီးများခင်ဗျား။ နိုင်ငံတော် အစိုးရအနေနဲ့ အဲဒီလို ငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့သလို ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းပဲ ကြိုးပမ်းတည်ဆောက် ပေးခဲ့ပါတယ်။ တည်ငြိမ်အေးချမ်းသွားတဲ့ ဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်ဖို့၊ တိုးတက်မှုရဖို့အတွက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ချမှတ်ပြီး အကောင်အထည် ဖော် ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒီစီမံကိန်းမှာ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဥက္ကဋ္ဌတာဝန်ယူ ကြပ်မတ်ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒီစီမံကိန်းနဲ့ တစ်နိုင်ငံလုံးရဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးခဲ့တဲ့ ကျပ်ငွေပေါင်းကို တင်ပြရရင် ကျပ်ငွေပေါင်း ၃၄၁.၅၂ ဘီလီယံကျော် သုံးစွဲ အကောင်အထည်ဖော်ပေးခဲ့ပါတယ်။ ဒါ့အပြင်လည်းပဲ အထူးဖွံ့ဖြိုးရေးဇုန် ၂၄ ခု သတ်မှတ်ပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားဖြည့် ၊ ထပ်ဖြည့် ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း ကျေးလက်ဒေသ လုပ်ငန်းစဉ် ခုနှစ်ရပ် ချမှတ်ပြီး ကျယ်ကျယ် ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် လည်း စီးပွားရေး ငါးနှစ် စီမံကိန်းတွေ ဆင့်ကဲဆင့်ကဲ ချမှတ်ပြီးတော့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ယနေ့အခါမှာ ဘယ်ခေတ်ဘယ်အခါကနဲ့မှမတူအောင် နိုင်ငံတော်မှာ ဖွံ့ဖြိုးတိုးတက်မှု ရရှိနေခဲ့ပြီဖြစ်ပါတယ်။ အဲဒီရရှိလာတဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကျိုးစီးပွားများကိုလည်း ပြည်သူများ ရရှိခံစားနေကြပြီဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအဆောက်အဦ အားလုံးနီးပါးကိုလည်း တည်ဆောက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင်‌့ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ အခြေအနေဟာ ဆက်လက်ပြီး ဖွံ့ဖြိုး တိုးတက်မယ်‌့ အခြေခံပေါ်ကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးနှင့်တကွ ကိုယ်စားလှယ်ကြီးများခင်ဗျား။ နိုင်ငံတော်အစိုးရအနေနဲ့ အဲဒီလို ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးသလို ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပါတယ်။ အမျိုးသားညီလာခံကို အခက်အခဲ အမျိုးမျိုးကြားက အောင်မြင်အောင်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခြေခံဥပဒေမူကြမ်းရေးဆွဲပြီး ပြည်သူ့ဆန္ဒခံယူပွဲနဲ့လည်း အခြေခံဥပဒေကို အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအခြေခံဥပဒေနဲ့အညီ ပါတီစုံ အထွေထွေရွေးကောက်ပွဲများကျင်းပပြီးတော့ ကနေ့အခါမှာ လွှတ်တော်အသီးသီးခေါ်ယူ ကျင်းပနေပြီဖြစ်ပါတယ်။ လွှတ်တော်အသီးသီးကလည်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဆိုင်ရာ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် အဖွဲ့အစည်းများကို ဖွဲ့စည်းပေးလျက် ရှိနေပါတယ်။ မကြာခင်ပေါ်ပေါက်လာတော့မယ့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အဖွဲ့များက နိုင်ငံတော်ရဲ့ အမျိုးသားရေး ရည်မှန်းချက်ဖြစ်တဲ့ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံကို ဆက်လက်တည်ဆောက်ကြတော့မှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ အဲ့ဒီ အ‌ခြေခံဥပဒေနဲ့အညီ ဒီမိုကရေစီဖော်ဆောင်တဲ့ ဖြစ်စဉ်မှာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်များအတွက်လည်းပဲ ယာယီ ငြိမ်းချမ်းရေးမှသည် ထာဝရ ငြိမ်းချမ်းရေးဖြစ်အောင် ကြိုးပမ်းဖော်ဆောင်ပေးခဲ့ပါတယ်။ အဲဒီလို ကြိုးပမ်းဖော်ဆောင်ပေးခဲ့တဲ့အတွက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အများစုဟာ အခြေခံ ဥပဒေနဲ့အညီ ၎င်းတို့ရဲ့ အဖွဲ့အစည်းများကို ဖျက်သိမ်းခဲ့ကြပြီး ဖြစ်ပါတယ်။ အချို့အဖွဲ့များကတော့ ၎င်းတို့ရဲ့ အဖွဲ့အစည်းများကို အခြေခံဥပဒေနဲ့အညီ ဖျက်သိမ်းပြီး တဲ့နောက် ဥပဒေနဲ့အညီ နိုင်ငံရေးပါတီများထူထောင်ကာ တိုင်းပြည်အကျိုးကို ကြိုးပမ်းဆောင်ရွက် ကြပြီဖြစ်ပါတယ်။ အလားတူပါပဲ လက်နက်ကိုင်အဖွဲ့များအတွက်လည်း အခြေခံဥပဒေနဲ့အညီ နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့များ၊ ဒေသပြည်သူ့စစ်များအဖြစ် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါတယ်။ တပ်ဖွဲ့ဝင် များကလည်း နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့နဲ့ ဒေသပြည်သူ့ စစ်များအဖြစ် တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေကြပြီ ဖြစ်ပါတယ်။ သို့သော်လည်း အခြေခံဥပဒေနဲ့အညီ ဖော်ဆောင်နိုင်ခြင်းမရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ကျန်ရှိနေတာကိုလည်းပဲ ဝမ်းနည်းဖွယ်တွေ့ရှိရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အဲဒီအဖွဲ့တွေအတွက်လည်း ယာယီငြိမ်းချမ်းရေးမှသည် ထာဝရ ငြိမ်းချမ်း ရေးကို ကူးပြောင်းနိုင်ဖို့ မှန်ကန်တဲ့စေတနာ၊ မျှော်မြင်တဲ့အသိ၊ နားလည်စာနာတဲ့ စိတ်ထားများနဲ့ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အတူပဲ နယ်စပ်ဒေသမှာ ကြွင်းကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်များအတွက်လည်း ငြိမ်းချမ်းရေး တံခါးဖွင့်ထားပြီး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါ တယ်။ ထို့အတူ မကြာမီမှာ ပေါ်ပေါက်လာတော့မယ့် အစိုးရသစ်အနေနဲ့လည်း ငြိမ်းချမ်းရေး တံခါးဖွင့်ပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ဥက္ကဋ္ဌကြီးနှင်‌့တကွ ကိုယ်စားလှယ်ကြီးများခင်ဗျား။ ငြိမ်းချမ်းရေးကို အောင်မြင်အောင် တည်ဆောက်ကြတဲ့နေရာမှာ နိုင်ငံတော်အစိုးရနဲ့ ပြည်သူများက ငြိမ်းချမ်းရေးကို လိုလားသလို တစ်ဖက်အဖွဲ့အစည်းများကလည်း ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားဖို့ လိုပါတယ်။ ဒါမှသာ အောင်မြင်အောင်ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း အချို့သော အဖွဲ့အစည်းများဟာ ၎င်းတို့ကိုယ်တိုင် အမှန်တကယ်ငြိမ်းချမ်းရေးကို မလိုလားကြတဲ့အပြင် ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းလာတဲ့ အခြားအဖွဲ့အစည်းများကိုလည်း ငြိမ်းချမ်းရေးမအောင်မြင်အောင် သွေးထိုး စည်းရုံးမှုတွေနဲ့ ပျက်အောင် ဖျက်နေတာ ရှိပါတယ်။ အခုလို အနုနည်းအပြင် အကြမ်းနည်းနဲ့ အကြပ်ကိုင် ခြိမ်းခြောက် တားဆီးတာ၊ အကြမ်းနည်းနဲ့ တိုက်ခိုက်တားဆီးတာတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ကြွင်းကျန်နေတဲ့ သောင်းကျန်းသူများ၊  ပြည်ပြေးများ၊ အချို့သော နိုင်ငံကြီးများ ၊ အချို့သော INGO များက ဥပဒေဘောင်အတွင်း ဝင်ရောက်ပြီး အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း မပြုနိုင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ယာယီငြိမ်းချမ်းရေးပျက်အောင်ပင် သွေးထိုး၊ စည်းရုံး ဆောင်ရွက်နေတာတွေ ရှိပါတယ်။ တကယ်တော့ ကရင်ပြည်နယ်မှာ ကနေ့ ကြွင်းကျန်နေတဲ့ မတည်ငြိမ်မှုတွေ ပပျောက်ပြီး အပြည့်အ၀ ငြိမ်းချမ်းရေးရဖို့ဆိုရင် အချို့သော နိုင်ငံကြီးများ၊ အချို့သော INGO များနှင့် အိမ်နီးချင်း တစ်ဖက်နိုင်ငံတို့ရဲ့ စေတနာမှန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ  အဓိက ကျပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ နယ်နိမိတ်အနီး အိမ်နီးချင်းတစ်ဖက်နိုင်ငံအတွင်းမှာ  သူတို့ အခေါ် ဒုက္ခသည်စခန်းဆိုတဲ့ အခြေပြုစခန်းတွေ အများအပြားရှိနေတာကို ကျွန်တော်တို့ တွေ့ရပါ တယ်။ အဲဒီစခန်းများဟာ အချို့သော နိုင်ငံကြီးများ၊ အချို့သော INGO များနှင့် အိမ်နီးချင်း တစ်ဖက် နိုင်ငံရဲ့ ပံ့ပိုးကူညီမှုနဲ့ ထူ‌ထောင်ထားတာ ဖြစ်ပါတယ်။ အဲဒီစခန်းများမှာ ကိုယ်စားလှယ်တော်ကြီး ဦးစောသိန်းအောင်ပြောသလို့ ဒုက္ခသည် အနည်းအပါးရှိကောင်းရှိနိုင်မှာ ဖြစ်သလို အကြွင်းအကျန် လက်နက်ကိုင်သောင်းကျန်းသူများ ၊ သူတို့ရဲ့ မိသားစုများ၊ ပြည်ပြေးများ ၊ အများအပြားအဲဒီမှာ အခြေပြုနေတာကိုလည်း သတိပြုကြရမှာ ဖြစ်ပါတယ်။ သောင်းကျန်းသူများဟာ အဲဒီစခန်းများမှာ အခြေပြုပြီး ကျွန်တော်တို့နိုင်ငံအတွင်း ဝင်ရောက်နှောက်ယှက် ပြောက်ကျားနည်းနဲ့ တိုက်ခိုက် လျက်ရှိပါတယ်။ ဒါကြောင့်လည်း ကရင်ပြည်နယ်အတွင်းမှာ တိုက်ခိုက်မှု‌တွေ ဆက်လက် ဖြစ်ပွား နေရတာ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီသောင်းကျန်းသူများဟာ ပြည်ပနိုင်ငံကြီးများ  အချို့      အချို့သော INGO များရဲ့ အကူအညီနဲ့ အဲဒီအ‌ြခေပြုစခန်းများကြောင့် သက်ဆိုးရှည်နေရခြင်း ဖြစ်ပါ တယ်။ ဒီနေရာမှာ ကရင်ပြည်နယ် ဖြစ်စဉ်လို ဖြစ်ခဲ့ပြီး တည်ငြိမ်အေးချမ်းမှု ရရှိသွားတဲ့ သာဓက ကိုလည်း ကျွန်တော် တင်ပြလိုပါတယ်။ အဲဒါကတော့ တစ်ချိန်တုန်းက ကျွန်တော်တို့ နိုင်ငံရဲ့ အရှေ့ ြမောက်ပိုင်းမှာ အင်အားကြီးမားတဲ့ ဗကပ များ အခြေပြုလုပ်ရှားခဲ့ဘူးပါတယ်။ ဗကပ များဟာ အင်အားကြီးမားတာနဲ့အမျှ တပ်မတော်အနေနဲ့ တိုက်ပွဲကြီးများကို ပြင်းပြင်းထန်ထန် ခက်ခက်ခဲခဲ ရင်ဆိုင် ခဲ့ရပါတယ်။ သို့သော်လည်း  အိမ်နီးချင်း တစ်ဖက်နိုင်ငံက အိမ်နီးချင်းကောင်း ပီသစွာ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဘူးဆိုတဲ့ မူအတိုင်းတိတိကျကျရပ်တည် ပေးခဲ့တဲ့အတွက် အခုဆိုရင် အဲဒီ မြန်မာနိုင်ငံရဲ့ အရှေ့‌ြမောက်ဒေသမှာ ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေးကို တည်ဆောက် နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အလားတူပါပဲ ဦးစောသိန်းအောင် ပြောတဲ့ ကရင်ပြည်နယ်အတွင်းက ကြွင်းကျန် မတည်ငြိမ်မှုများဟာလည်း အိမ်နီးချင်းတစ်ဖက်နိုင်ငံကသာ အိမ်နီးချင်းကောင်း ပီသစွာ စေတနာမှန်နဲ့ ရပ်တည် ပေးမယ်ဆိုရင် မကြာခင်အတွင်း တည်ငြိမ်အေးချမ်းသွားမှာ ဖြစ်ကြောင်း ပြောကြား လိုပါတယ်။

မည်သို့ပင်ဖြစ်ပါစေ လက်ရှိ နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်အနေနဲ့ရော ဆက်လက်ပြီးတာဝန်ယူမယ့် အစိုးရသစ်အနေနဲ့ပါ ကရင်ပြည်နယ်မှာ ငြိမ်းချမ်းရေးအပြည့်အဝရဖို့အတွက် ငြိမ်းချမ်းရေးတံခါး ဖွင့်ထားပြီး အခြခံဥပဒေနဲ့အညီ ဆက်လက် ကြိုးပမ်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။  ကရင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ရုပ်ပိုင်းဆိုင်ရာတည်ဆောက်မှုများအဖြစ် စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းတံတား စတဲ့ ကဏ္ဍအသီးသီးမှာ အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ အလားတူ စိတ်ပိုင်းဆိုင်ရာ တည်ဆောက်မှုအနေနဲ့လည်း မှန်ကန်တဲ့ ပြည်ထောင်စု စိတ်ဓာတ် ထွန်းကားလာစေ ရေးအတွက် လိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ကဏ္ဍများမှာ ကျယ်ကျယ် ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်နယ်အစိုးရအနေနဲ့လည်း ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းမှု ၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုများ တိုးမြှင့် ဆောင်ရွက်နိုင်အောင် ပူးပေါင်းကူညီပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ်စားလှယ်တော်ကြီး ဦးစောသိန်းအောင် မေးမြန်းတဲ့ ပြည်သူများက ဘယ်လို ပူးပေါင်းဆောင်ရွက် ရမှာလည်းဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောကြားရရင် ပြည်သူများအနေနဲ့ နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရနဲ့အတူ မိမိဒေသ ပိုမို ဖွံ့ဖြိုး တိုးတက် အောင်၊ မိမိဒေသ ပိုမိုတည်ငြိမ်အေးချမ်းအောင်၊ ၎င်းကမှ တဆင့် ငြိမ်းချမ်းရေးပိုမို ကျယ်ပြန့် အောင်၊ ၎င်းကမှ တဆင့် အပြည့်အဝနဲ့ ထာဝရငြိမ်းချမ်းရေး  ရရှိအောင် ကြိုးပမ်းတည်ဆောက်    ကြရမှာပဲ ဖြစ်ပါတယ်။ အဲဒီလို တည်ဆောက်ခြင်းသည်သာလျှင် ကျွန်တော်တို့ အားလုံးအတွက် အသင့်မြတ်ဆုံး၊  အမှန်ကန်ဆုံးနဲ့ အန္တရာယ်အကင်းဆုံး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော်ရဲ့ ရှင်းလင်းပြောကြားချက်များကို ခြုံပြီးအနှစ်ချုပ် ပြန်ပြီးပြောရရင် လက်ရှိနိုင်ငံတော် အစိုးရအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်နေသလို ငြိမ်းချမ်းရေးတံခါးဖွင့်ပြီး ငြိမ်းချမ်းရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ မကြာမီ ပေါ်ပေါက်လာ တော့မယ့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသစ်အနေနဲ့လည်း ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ပေးမှာ ဖြစ်သလို ကရင်ပြည်နယ်မှာ အပြည့်အဝနဲ့ ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက်လည်း အခြေခံဥပဒေနှင့်အညီ မှန်ကန်တဲ့ စေတနာ၊ မျှော်မြင်တဲ့အသိ၊ နားလည်စာနာတဲ့ စိတ်ထားများနဲ့ အစွမ်းကုန်ကြိုးပမ်းတည်ဆောက်သွားမှာ ဖြစ်ကြောင်း ပြောကြား လိုပါတယ်။ ပြည်သူများအနေနဲ့လည်း အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်တဲ့ ဒီလုပ်ငန်းစဉ်များမှာ ပါဝင် ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် ဦးစောသိန်းအောင် အပါအဝင် ကရင်ပြည်နယ် ပြည်သူများ မျှော်လင့် တောင့်တနေတဲ့ ကရင်ပြည်နယ်မှာ အပြည်‌့အဝနဲ့ ထာဝရ ငြိမ်းချမ်းရေးရအောင် မလွဲမသွေ တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။