ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယခုအခါမှာ အများပြည်သူတို့ အနေနဲ့ ဤဥပဒေကို မည်သည့်နေ့ရက်၊ အချိန်အခါတွင် စတင်၍ ကျင့်သုံးမည်ကို အထူးပင် သိလိုနေကြပါတယ်။ သို့ဖြစ်ပါသောကြောင့် ယနေ့ ဤလွှတ်တော်တွင် တာဝန်ရှိသူများမှ ဖြေကြားပေးပါရန် မေးမြန်းပါသည်။
ပြည်သူ့စစ်မှုထမ်းခြင်း နှင့်စပ်လျဉ်းပြီး ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင်
ကျင်းပသော တိုင်းပြည်ပြုလွှတ်တော်အစည်း အဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်အုပ်ချုပ် နေစဉ်အခါတုန်းက မြန်မာပြည်ကို ကာကွယ်ဖို့ တာဝန်သည် အင်္ဂလိပ်၏တာဝန်သာဖြစ်ကြောင်း၊ သို့သော် မိမိတို့လွတ်လပ်ရေးရရှိသည့်အခါတွင် မြန်မာပြည်ကိုကာကွယ်ရမည့်် တာဝန်သည် မြန်မာ များကသာလျှင် အဓိကဖြစ်ကြောင်း၊ မိမိတို့သည် ယခင်ကကဲ့သို့ အေးအေးဆေးဆေး နေ၍ မဖြစ်နိုင်တော့ကြောင်း၊ မိမိတို့နိုင်ငံတော်အစိုးရက တိုင်းပြည် ကာကွယ်ရန် စစ်သားများနည်းနေလျှင် မြန်မာတိုင်း၊ မြန်မာတိုင်း အရွယ်ရောက်သည့်သူမှန်သမျှ ကျန်းမာသည့် သူမှန်သမျှ စစ်မှုမထမ်းမနေရ ဆိုပြီး ဥပဒေနှင့်အညီ စစ်ထဲကို ထည့်ရလိမ့်မည်ဖြစ်ကြောင်း၊ နှစ်နှစ်တန်သည်ဖြစ်စေ၊ သုံးနှစ်တန်သည် ဖြစ်စေ စစ်ထဲဝင်ရမည်ဖြစ်ကြောင်း၊ စစ်ဖြစ်သည့်အခါမှာလည်း ဝင်တိုက်ရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စ များသည် လွတ်လပ်ရေးရသည့်အခါ ထမ်းဆောင်ရမည့် အဓိကတာဝန်များဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှစ၍ လွတ်လပ်ရေး ရပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတော်အဖြစ် ရပ်တည်လျက်ရှိပါတယ်။ မိမိတို့နိုင်ငံကို ကာကွယ်ဖို့ မိမိတို့နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် ၁၉၅၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှာ ၁၉၅၉ ခုနှစ်၊ အက်ဥပဒေအမှတ် ၇ ဖြင့် ၁၉၅၉ ခုနှစ်၊ ပြည်သူ့စစ်မှုထမ်း အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ ယင်းဥပဒေပုဒ်မ ၁ ၊ ပုဒ်မခွဲ ၂ မှာ ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်ရမည်ဟု ပြဋ္ဌာန်းထားသည့်အလျောက် တော်လှန်ရေး ကောင်စီ၏ ၂၉ ရက် ဇွန်လ ၁၉၆၂ ခုနှစ်၊ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၉၈/၆၂ အရ ယင်းဥပဒေသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှစ၍ှ အာဏာတည်ခဲ့ပါတယ်။ အဲဒီ ဥပဒေကို ပြဋ္ဌာန်းပြီးသည့်နောက် ပြည်သူ့စစ်မှုထမ်းအဖြစ် ထမ်းဆောင်လိုသော လျှောက်ထား သူများအနက် ထိုစဉ်ကလိုအပ်တဲ့ ဆရာဝန်အချို့ကိုသာ လက်ခံခဲ့ပါတယ်။
အဲ့ဒီနောက် ၁၉၇၄ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့သည့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၇၁ တွင် နိုင်ငံသားတိုင်းသည် ဥပဒေအရ၊ (က)စစ်ပညာသင်ကြားရမည်၊ (ခ)နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရမည်ဟု ပြဋ္ဌာန်း ခဲ့ပါတယ်။ လေးစားအပ်တဲ့ဥက္ကဋ္ဌကြီး ခင်ဗျား။ ၂၀၀၈ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၅ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေး သည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ် သည်ဟုလည်းကောင်း၊ ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ကိုလည်းကောင်း ပြဋ္ဌာန်းထားပါတယ်။ ယခု ပြဋ္ဌာန်းထားသည့် စစ်မှုထမ်းဥပဒေဟာ ၁၉၅၉ခုနှစ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ခေတ်ကာလနှင့် လျော်ညီစွာ ပြုပြင်ပြဋ္ဌာန်းထားခြင်း ဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ ၁ ၊ ပုဒ်မခွဲ(ခ)တွင် ဤဥပဒေသည် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာ တည်ရမည်ဟု ပြဋ္ဌာန်းထားပါတယ်။
ထိုပြဋ္ဌာန်းချက်ပါ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဆိုသည့် စကားရပ်ကို ၂၀၁၁ခုနှစ် စကားရပ်များ အစားထိုးခြင်း ဥပဒေအရ နိုင်ငံတော်သမ္မတ ဆိုသည့် စကားရပ်ဖြင့် အစားထိုးပြီး ဖြစ်သည့်အလျောက် နိုင်ငံတော်သမ္မတက နိုင်ငံတော်အတွက် လိုအပ်သည့် အချိန်မှသာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ယင်း အမိန့်ကြော်ငြာစာပါ သတ်မှတ်သည့် နေ့ရက်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေသည် အာဏာ တည်မည်ဖြစ်ပါသည်။ အဆိုပါဥပဒေအာဏာသက်ဝင်ပါက စစ်မှုထမ်းရန် မည်သို့မည်ပုံ ဆင့်ဆိုသွားမည်ကိုသိလိုပါကြောင်း မေးခွန်းနဲ့စပ်လျဉ်းပြီး ဤဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း ဖြေကြားပါသည်။
