(ဂ)-လွတ်ငြိမ်းချမ်းသာခွင့်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၂၂-၃-၂၀၁၁)

ကမ္ဘာ့နိုင်ငံတော်တော်များများတွင် စနစ်ဟောင်းတစ်ခုမှ စနစ်သစ်တစ်ခုသို့ အောင်မြင်ချောမွေ့စွာ ပြောင်းလဲခြင်း ကဲ့သို့သော သမိုင်းဝင်နေ့ထူးနေ့မြတ်များကို ဂုဏ်ပြု မင်္ဂလာ ယူသည့်အနေဖြင့် ပြည်သူအပေါင်းအား ရွှင်လန်းဝမ်းမြောက်ဝမ်းသာ ရှိကြစေရန် ရည်ရွယ်၍ အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အစဉ်အလာများ ရှိခဲ့ပါသည်။ ယခုလည်း ကျွန်တော်တို့သည် ပါတီစုံဒီမိုကရေစီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သစ်ကြီးကို အောင်အောင် မြင်မြင် ချောချောမွေ့မွေ့ဖြင့် ကူးပြောင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ထိုကဲ့သို့သော မင်္ဂလာ အခါသမယတွင် ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားများ ဖြစ်ကြသော ဦးခွန်ထွန်းဦး ၊ ဦးစိုင်းညွန့်လွင်နှင့် ဦးဆေထင့် တို့နှင့်အတူ အခြားသော အကျဉ်းကျ ပုဂ္ဂိုလ်များ လွတ်ငြိမ်းချမ်းသာခွင့်ရကြလိမ့်မည်ဟု ရိုးသားစွာ ယုံကြည်မျှော်လင့် ထားမိပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်သစ်ကြီးကို ထူထောင်ပေးတဲ့ ခေါင်းဆောင်ကြီးများက တိုင်းရင်းသား ပြည်သူအပေါင်း ဝမ်း‌ြမောက်ဝမ်းသာ ရှိကြစေရန် ဆောင်ရွက်ပေးရာတွင် မည်သူ့ကိုမျှ ခြွင်းချက် မထားဘဲ စိတ်သဘောထားကြီးစွာဖြင့် ခွင့်လွှတ်ခြင်းတရားလက်ကိုင်ထား၍ မည်သို့ မည်ပုံ စဉ်းစား ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမောင်ဦး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

၂၀၀၈ ခုနှစ် ပြည်ထောင်စုမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအ‌ြခေခံ ဥပဒေပုဒ်မ ၁၆ အရ နိုင်ငံတော်သမ္မတ သည် နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံတော် အုပ်ချုပ်ရေးအကြီးအကဲ ဖြစ်သည်။ အပြစ်ဒဏ် ကျခံလျက်ရှိသော အကျဉ်းသားများ၏ လွတ်ငြိမ်း ချမ်းသာခွင့်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၀၄ အရ နိုင်ငံတော်သမ္မတ သည်-

(က)    ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်။

(ခ )    အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်း

ချမ်းသာခွင့်ပေးပိုင်ခွင့်ရှိသည်လို့ ပြဋ္ဌာန်း ပါရှိပါတယ်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၁ (၁) မှာ နိုင်ငံတော်သမ္မတ၏  လုပ်ပိုင်ခွင့်ဖြစ်သော အကျဉ်းသား

များ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြပါရှိပါတယ်။

          ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား အပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံတော် သမ္မတသည်မည်သည့်အခါမဆိုစည်းကမ်းချက်မထားဘဲဖြစ်စေ၊ပြစ်ဒဏ်စီရင်ခြင်းခံရသူ၏ သဘောတူ သည့် စည်းကမ်းချက်တစ်ခုခု ထား၍ဖြစ်စေ ၊ ၎င်းအပေါ် ချမှတ်သည့် အပြစ်ဒဏ်ကို အတည်ပြုခြင်း၊ အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည်။ သို့မဟုတ် ၎င်းစီရင်သည့် ပြစ်ဒဏ် အားလုံး သို့မဟုတ် အစိတ်အပိုင်းတစ်စုံတစ်ရာကို လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်သည်လို့ ဖော်ပြပါရှိ ပါတယ်။

အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဟာ လွှတ်တော်နှင့်သော်လည်းကောင်း၊ တရားစီရင်ခြင်းနှင့်သော်လည်းကောင်း သက်ဆိုင်ခြင်းမရှိပါ ။ အုပ်ချုပ်ရေး ယန္တရားရဲ့ အကြီးအကဲ ဖြစ်သော နိုင်ငံတော်သမ္မတမှ တိုင်းပြည်ရဲ့ အခြေအနေ အရပ်ရပ်အပေါ် စဉ်းစားချင့်ချိန်သုံးသပ်၍ ဆောင်ရွက်ရတဲ့ အမှုကိစ္စဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတသည် ‌ဥပဒေက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့် အရ အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် တိုင်းပြည်အတွင်း အကျိုးယုတ် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နှင့် အညီ ဆောင်ရွက်ရတာလည်း ဖြစ်ပါတယ်။ ယခုအခါမှာ အဆိုရှင်တင်ပြခဲ့တဲ့အတိုင်း နိုင်ငံတော်မှာ အစိုးရသစ်တစ်ရပ်ဖွဲ့ပြီးတော့ အုပ်ချုပ်ရေး ယန္တရားသစ်စတင် လည်ပတ်နိုင်ရေး အတွက် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအ‌ဝေးကို ကျင်းပနေဆဲ ကာလဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်မယ့် ပုဂ္ဂိုလ်ကို ရွေးချယ်ပြီးဖြစ်ပေမယ့် နိုင်ငံတော်သမ္မတ အနေနဲ့ စတင် တာဝန်ထမ်းဆောင်ခြင်းမရှိသေးပါ။ ထို့အပြင် အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် အတွက် နိုင်ငံတော်သမ္မတအား ထောက်ခံချက်ပေးရမယ့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကိုလည်း ဖွဲ့စည်းနိုင်ခြင်းမရှိသေးဘူးဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်စားလှယ်ကြီး မေးမြန်းခဲ့တဲ့ မေးခွန်းနဲ့ပတ်သက်လို့ အစိုးရသစ်တာဝန်ယူတဲ့ အချိန်အခါတွေရောက်မှသာ ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်နေပါသဖြင့် အဲဒီအချိန်အထိ စောင့်ဆိုင်းပေးပါလို့ ဖြေကြားပါသည်။