ရှမ်းပြည်နယ်မှ ကျောင်းသားများဟာ နီးစပ်ရာ မန္တလေးဆေးတက္ကသိုလ်၌ မတက် ရဘဲ ပိုမို ခရီးဝေးတဲ့ မကွေးဆေးတက္ကသိုလ်သို့ သွားရောက်သင်ကြားရခြင်း၊ ရှမ်းပြည်နယ်မှ စီးပွားရေး တက္ကသိုလ်ကျောင်းသားများဟာ မုံရွာစီးပွားရေးတက္ကသိုလ်သို့ သွားရောက်သင်ကြားရခြင်း စသဖြင့် ဇုန်အလိုက် သတ်မှတ်ထားတဲ့ တက္ကသိုလ် ၊ ကောလိပ်များတွင်သာ သွားရောက် သင်ကြားရတဲ့
ကန့်သတ်ချက်ကြောင့်လည်းကောင်း၊ ရှေးယခင်ကကဲ့သို့ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနများမှ စီစဉ်ပေးတဲ့နေထိုင်စားသောက်စရိတ် သက်သာစွာဖြင့် ပညာသင်ခွင့်ရတဲ့ တက္ကသိုလ် ကျောင်းသား အဆောင်များ မရှိတော့သဖြင့် နေထိုင် စားသောက်စရိတ်နဲ့ ခရီးစရိတ် ဝန်ပိမှုကြောင့် လည်းကောင်း၊
အခြေခံလူတန်းစားများရဲ့ သား၊ သမီးများ အဆင့်မြင့်ပညာ ဆက်လက်သင်ကြားနိုင်ရေးမှာ အခက်အခဲ များစွာကြုံတွေ့ရသဖြင့် ပညာရေးအဟောသိကံဖြစ်မှု များစွာရှိနေကာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း အားနည်းနေတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် အနာဂတ်အစိုးရက လူ့စွမ်းအားအရင်းအမြစ် တိုးမြှင့်ဖော်ထုတ်နိုင်ရေးအတွက် အထက်ပါအားနည်းချက်များကို မည်သို့ စီမံ၊ဖြေရှင်း၊ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆေးတက္ကသိုလ်များကို တက်ရောက်သင်ကြားခွင့်နှင့် ပတ်သက်၍ ၁၉၆၄ ခုနှစ်မှ စပြီးတော့ စနစ်သစ် ပညာရေးအရ အခြေခံပညာအထက်တန်းစာမေးပွဲကို သိပ္ပံဘာသာ တွဲဖြင့် အောင်မြင်သူများကို ရမှတ်အလိုက် အခြေခံ၍ ဆေးတက္ကသိုလ်များကို ဝင်ခွင့် ပြုခဲ့ပါတယ်။ ထိုစဉ်က ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်နှင့် ဆေးတက္ကသိုလ် မန္တလေးဟူ၍ ဆေးတက္ကသိုလ်(၃)ခုသာ ရှိပြီးတော့ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ဦးရေ ၅၅၀ ကိုပဲ လက်ခံ
သင်ကြားပေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာပြည်အောက်ပိုင်းမှ ကျောင်းသူကျောင်းသားများက ထိုစဉ်က ဆေးတက္ကသိုလ် (၁) ရန်ကုန်နဲ့ ဆေးတက္ကသိုလ်(၂) ရန်ကုန်သို့လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးနှင့် မြန်မာပြည်အထက်ပိုင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကျောင်းသူ၊ ကျောင်းသား များသည် ဆေးတက္ကသိုလ်မန္တလေးသို့လည်းကောင်း ပညာသင်ကြားခွင့်ပြုခဲ့ပါတယ်။ ၂၀၀၁ခုနှစ်၊ မေလတွင် ဆေးတက္ကသိုလ်မကွေးကို ဖွင့်လှစ်ခဲ့ပြီးတော့ ကျောင်းသား၊ ကျောင်းသူဦးရေ တိုးမြှင့် လက်ခံရာ ယခု အချိန်အခါမှာ ဆိုလို့ရှိရင် ကျောင်းသား၊ ကျောင်းသူဦးရေ (၂၄၀၀)ကျော် လက်ခံ သင်ကြားပေးလျက် ရှိတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ထိုသို့ တိုးမြှင့်လက်ခံရာတွင် ဆေးတက္ကသိုလ် များသို့ အကြမ်းအားဖြင့် ကျောင်းသား၊ ကျောင်းသူဦးရေ (၆၀၀) ဦးစီခန့် ညီမျှစွာခွဲဝေ ချထားနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူ များသည် ဆေးတက္ကသိုလ်(၁) ရန်ကုန်နဲ့ ဆေးတက္ကသိုလ်(၂) ရန်ကုန်သို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ အောင်မြင်သူများသည် ဆေးတက္ကသိုလ်မန္တလေးသို့လည်းကောင်း၊ တက်ရောက် ပညာသင်ကြားခွင့် ရရှိအောင် ဆောင်ရွက်ခဲ့ပြီးတော့ ဆေးတက္ကသိုလ်မကွေးသို့ မကွေးတိုင်းဒေသကြီးမှ အောင်မြင်သူများ တက်ရောက်လျက်ရှိပါသည်။ သို့သော်ငြားလည်း မကွေးတိုင်းဒေသကြီးမှ အောင်မြင်သူများသည် နည်းသဖြင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အောင်မြင်သူအားလုံးကို မကွေးဆေးတက္ကသိုလ် ကို ကျွန်တော်တို့ တက်ရောက် ပညာသင်ကြားစေခဲ့သည့်အတိုင်း ယခုတိုင် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ဖြေကြားပါသည်။
