(ခ)-အာဝါဒေး(Our Days) ကဲ့သို့သော လောင်းကစားမှုနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၂၂-၃-၂၀၁၁)

ကျွန်တော်တို့ ဒေသအပါအဝင် တချို့သော တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ အာဝါဒေးခေါ်တဲ့ အမည်သစ်တစ်ခုနဲ့ လောင်းကစားပွဲ တွေပေါ်ပေါက်နေပါတယ်။ ဒေသက ရိုးရာယဉ်ကျေးမှုပွဲတွေ၊ ဘာသာရေးပွဲတွေကို အမှီပြုပြီး အာဝါဒေးလောင်းကစားပွဲကို ပြုလုပ်နေကြခြင်းဖြစ်ပါတယ်။ လောင်းကစားပွဲမှာ အနီတောင်၊ လေးကောင်ဂျင်၊ ဖဲဝိုင်းအစရှိသော ကစားမျိုးပေါင်း များစွာပါဝင်ပါတယ်။ ပွဲမဖြစ်ခင်တစ်လ ဒါမှမဟုတ် နှစ်လအထိ ကြိုတင်ပြီး လောင်းကစားပွဲကို ပြုလုပ်သလို ပွဲပြီးသော်လည်း တစ်လ၊ နှစ်လတိုင်သည် ဆက်လက်ပြုလုပ်ထားတာ တွေ့ရှိပါတယ်။ ဝိသမလောဘသမားတွေရဲ့ တည်ခင်း ထားတဲ့ ဒီလောင်းကစားပွဲမှာ မူလတန်းအရွယ် ကလေးသူငယ်များကအစ အသက် ၇၀၊ ၈၀ အဆုံး ကြီးကြီးငယ်ငယ်၊ ကျားကျားမမ ပိုးဖလံမျိုး မီးကိုတိုးသလို ကြိတ်ကြိတ်တိုး ပါဝင်ပြီး လောင်းကစားတာ တွေ့မြင်ရပါတယ်။ ဒါကြောင့် ဒီ အာဝါဒေးလောင်းကစားမှုဟာ အသိမကြွယ်သေးတဲ့ စာသင်သား ကလေးသူငယ်တွေကို ဖျက်ဆီးသလို ကျေးရွာသူ၊ ရွာသားများရဲ့ ရိုးသားတဲ့စိတ်ဓာတ်၊ ဖြူစင်တဲ့ စာရိတ္တနဲ့တကွ မိမိတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို စိစိညက်ညက် ကြေမွပျက်စီးအောင် ပြုလုပ်နေပါတယ်။ ဒါ့အပြင် ဒေသခံ ရွာသားများဟာ ဒီ အာဝါဒေးလောင်းကစားကြောင့် အိမ်ပေါင်၊ ယာပေါင်၊ ပစ္စည်းတွေပေါင်နှံပြီး လောင်းကစားမှုပြုတာကြောင့် ပြည်သူတွေရဲ့ဘဝကို ဆိုးသထက်ဆိုးအောင် ပြုလုပ်နေရာ ရောက်ပါတယ်။ စာသင်သားကလေးသူငယ်များရဲ့ ပညာရေးကိုလည်း များစွာ အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ဒီအာဝါဒေးဟူသော လောင်းကစားမှုအတွက် နိုင်ငံတော်မှ ပြည်သူများရဲ့ အကျိုးစီးပွားကို ကာကွယ်သောအားဖြင့် မည်သို့ ဆောင်ရွက်ပေးနိုင်မည် ဆိုတာကို အထူးသိလိုတဲ့အတွက် မေးမြန်းခြင်းဖြစ်ပါတယ်။ မေးခွန်းကို တစ်ဆက်တစ်စပ်တည်း မေးမြန်းဖို့ လိုအပ်တဲ့အတွက် ထပ်ဆင့်မေးခွန်းနဲ့ မေးမြန်းထားပါတယ်။ ပြည်သူတွေရဲ့ စိတ်ဓာတ်၊ စာရိတ္တနှင့် ပစ္စည်းဥစ္စာများကို ထိခိုက်နစ်နာဆုံးရှုံးစေသော အာဝါဒေးကဲ့သို့ လောင်းကစားမှုကို နိုင်ငံတော် ဒေသတစ်ချို့တွင် တရားဝင်ပြုလုပ်နေသည်ကို အစိုးရကသိပါသလား။ မသိလျှင် စုံစမ်း၍ အရေးယူ ဆောင်ရွက်ပေးမည်လား။ မဆောင်ရွက်ပေးနိုင်ပါလျှင်အဘယ်ကြောင့်နည်း ဆိုသည်ကို မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမောင်ဦး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

နိုင်ငံတော်အနေနဲ့ ၁၉၈၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့မှာ လောင်းကစားဥပဒေ ကို ထပ်မံထုတ်ပြန်ခဲ့ပါတယ်။ အဲဒီရည်ရွယ်ချက်ကို ကျွန်တော်တို့ ငယ်ငယ်က နားလည်ရတာတော့ ယခင်ကထုတ်ပြန်ထားတဲ့ လောင်းကစားဥပဒေဟာ အပြစ်ဒဏ်၊ ပြစ်မှုပြစ်ဒဏ် မထိရောက်တဲ့အတွက် နိုင်ငံတော် အနေနဲ့ ဥပဒေကို အသစ်ပြဋ္ဌာန်းခဲ့တယ်လို့ ကျွန်တော်တို့ နားလည်မှတ်သားမိခဲ့ပါတယ်။ အဲဒီ ဥပဒေ ၂(က)အရ လောင်းကစားခြင်းဆိုသည်မှာ ကံကစားခြင်း၊ ကျွမ်းကျင်မှု ကစားခြင်း တစ်ခုခုပါဝင်ပြီး ငွေကြေးအတွက်သော်လည်းကောင်း၊ ငွေကြေးတန်ဖိုးရှိသော သို့မဟုတ် ငွေကြေး တန်ဖိုးအဖြစ် ပြောင်းလဲသတ်မှတ်ရန် သဘောတူပြီးဖြစ်သော ပစ္စည်းတစ်စုံတစ်ရာအတွက် လည်းကောင်း၊ အကောက်အစား ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ၊ လောင်းကစားခြင်းကို ဆိုသည်လို့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။ ပုဒ်မ ၂ (ဃ)ကျတဲ့အခါမှာ လောင်းကစားခြင်းတွင် အကျုံးဝင်သည့် လောင်းကစားကိရိယာဆိုသည်မှာ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသော ဖဲ၊ အံစာ၊ မာကျောက်၊ တိုကင်၊ ဒင်္ဂါး၊ ဇယ်ပြား၊ ကစားခုံ၊ ကစားကွက်၊ ဇယား၊ ကားချပ်၊ သေတ္တာ၊ ပုံစံ၊ လက်မှတ်၊ စာရင်း၊ လောင်းကစားခြင်းတို့အတွက် ကြံစည်ပြုလုပ်ထားသော သို့မဟုတ် အသုံးပြုနိုင်သောအခြားအရာများ၊ လောင်းကစားခြင်း၌ အသုံးပြုသော တိရစ္ဆာန်၊ ယာဉ်တို့ကို ဆိုလိုသည်လို့ အဓိပ္ပါယ်ဖွင့် သတ်မှတ်ထားပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ လောင်းကစားဥပဒေပုဒ်မ ၂၂ အရ ခန့်အပ်ထားတဲ့ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီးတော့မှ ၁၉၈၇ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့မှာ အမိန့်ကြော်ငြာစာ ၁/၈၇ နဲ့ လောင်းကစားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်သတ်မှတ် ခဲ့ပါတယ်။ ၎င်းတွင် လောင်းကစားခြင်း၌ ပါဝင်သူများ အဓိပ္ပါယ်သတ်မှတ်ချက်၊ ဖမ်းဆီးဆောင်ရွက် ရန် နည်းလမ်းများ၊ ဖမ်းဆီးရေးအဖွဲ့ ဖွဲ့စည်းခြင်းစသည်တို့ အသေးစိတ်သတ်မှတ်ပြီးတော့ စနစ်တကျ ဆောင်ရွက်ရန် ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ယနေ့အထိ ပျော်ပွဲရွှင်ပွဲတွေ၊ ဇာတ်ပွဲတွေ၊ ဘုရားပွဲတွေ ပြည်နယ်အဆင့်ဆင့် အထိမ်းအမှတ်နေ့များမှာ သက်ဆိုင်ရာဌာနများက အဆင့်ဆင့်သော ဒေသဆိုင်ရာ တာဝန်ရှိသူများ ဖွဲ့စည်းကာ ပွဲမိန့်များကို တောင်းခံပြီးတော့မှ အောက်ပါစည်းကမ်းချက်များကို လိုက်နာစေမှသာ ခွင့်ပြုပေးလျက်ရှိပါတယ် -

-         ပွဲခင်းအတွင်း သန့်ရှင်းရေးနဲ့ ကျန်းမာရေးနှင့်ညီညွတ်စေဖို့ ၊

-         စီမံချက်ပါအတိုင်း လုံခြုံရေးနဲ့ စနစ်တကျ ဆောင်ရွက်စေဖို့၊

-         သတ်မှတ်ရက် အတိုင်းအတာအတိုင်းသာ ကျင်းပဖို့၊

-         လုံခြုံရေး၊ ကူးစက်ရောဂါပြန့်ပွားမှု၊ အခြားအကြောင်းတစ်ရပ်ရပ် ဖြစ်ပေါ်လာလို့ရှိရင် ဆက်လက်ကျင်းပရန်မသင့်ဟု အကြောင်းကြားလျှင် ချက်ချင်းရပ်ပေးဖို့၊

-         နောက်ဆုံးအချက်အနေနဲ့  မည်သည့်လောင်းကစားမှုမျိုးကိုမှ   မပြုလုပ်ရ ဆိုပြီးတော့ ထည့်သွင်းသတ်မှတ် စည်းကမ်းချက်များ ပေးလျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော် အတွင်းမှာ ရှိတဲ့ ဒေသအချို့မှာ ဂုံးခင်းကစားတာတို့၊ ဘောလုံးပစ်တာတို့၊ ဘဲခေါင်း ကြိမ်ကွင်းစွပ်တာတို့၊ မြှားပစ် တာတို့ ဒီလို လောင်းကစားဥပဒေနဲ့ ငြိစွန်းတဲ့ ဒေသအလိုက် ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ခြင်းကို အရပ်စကားအရ အာဝါဒေးလို့ ယနေ့ခေါ်ဝေါ် သတ်မှတ်နေကြခြင်း ဖြစ်ပါတယ်။

အချုပ်အားဖြင့်တော့ နိုင်ငံတော်အနေနဲ့ သတ်မှတ်ပြဋ္ဌာန်းထားတဲ့လောင်းကစားဥပဒေနဲ့ငြိစွန်း တဲ့ မည်သည့်လောင်းကစားခြင်းကိုမှ သိလျက်နဲ့ တရားဝင်ခွင့်ပြုခြင်းမဟုတ်ဆိုတာကို အဓိက ဒီအချက်များအရ သိနိုင်မည်ဖြစ်ပါတယ်။ မိမိတို့ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ တာဝန်ရှိသူများအနေနဲ့ ကြိုတင်အသိပညာပေးခြင်း၊ အမိန့်ညွှန်ကြားချက်များ၊ ဥပဒေများနှင့် တားဆီးဆောင်ရွက်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းစတဲ့ ဆောင်ရွက်ချက်များသာမက အဓိကတာဝန်ရှိသူများကိုပါ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါတယ်လို့ ဒီနေရာက ကျွန်တော် ရဲရဲဝံ့ဝံ့ ကြေညာရဲပါတယ်။ လောင်းကစားဖမ်းဆီးဖော်ထုတ်မှုနဲ့ပတ်သက်ပြီးတော့ ကိန်းဂဏန်းအရတင်ပြရမယ်ဆိုလျှင် ၂၀၁၀ ခုနှစ် အတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ လောင်းကစားမှု အားလုံးပေါင်း ၁၉၉၀၊ တရားခံပေါင်း ၃၃၀၀ ကျော်နဲ့ လောင်းကြေးငွေကျပ်ပေါင်း ၂၄၁၉ သိန်းကျော် ဖမ်းဆီးဖော်ထုတ် အရေးယူခဲ့ပါတယ်ဆိုတာ မှတ်တမ်းမှတ်ရာနှင့် ကျွန်တော်တို့ ခိုင်ခိုင်မာမာ ပြောကြားနိုင်ပါတယ်။ နှစ်စဉ်နှစ်စဉ် လောင်းကစားမှုများနဲ့ ပတ်သက်လို့ တစ်နိုင်ငံလုံးအတိုင်းအတာအရ ပိုမိုတားဆီး နိုင်တယ်လို့ ပြောနိုင်ပါတယ်။ သို့သော်လည်းပဲ လုံးဝ ပပျောက်အောင်တော့ ဆက်လက်ကြိုးစား ဆောင်ရွက်ဆဲ ဖြစ်တယ်လို့လည်း တင်ပြလိုပါတယ်။

          သို့ပါ၍ မေးမြန်းချက်ပါ တရားမဝင်လောင်းကစားမှုကို အုပ်ချုပ်ရေး၊ လုံခြုံရေးအဖွဲ့ အစည်းများအနေနဲ့ကြိုတင်တားမြစ်ခြင်း၊ ကိုယ်တိုင်သတင်းပေးမှတစ်ဆင့်စုံစမ်းခြင်း၊ အရေးယူဆောင် ရွက်ခြင်းများကို ဆောင်ရွက်နေပြီး ဥပဒေနှင့်အညီ မဆောင်ရွက်ပေးနိုင်စရာ မည်သည့်အကြောင်းမျှ မရှိပါကြောင်း ပြောကြားလိုပါတယ်။ တစ်ဆက်တည်းမှာပဲ မိမိရဲ့လုံခြုံရေး၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများအနေနဲ့ မြန်မာပြည်တစ်ဝန်းလုံး ကျေးရွာအဆင့်အထိ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးဆောင်ရွက်ရာမှာ သူ့ချည်းသက်သက်ဆောင်ရွက်ရန် ခက်ခဲလျက် ရှိပါတယ်။ လစ်ဟာမှုများလည်း ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ပြည်သူပါမှ အောင်ပွဲရဆိုတဲ့ မိမိတို့ ဝန်ကြီးဌာန ခံယူကျင့်သုံးထားတဲ့ဆောင်ပုဒ်အတိုင်း ပြည်သူများအပိုင်းကလည်း ပူးပေါင်းသတင်းပေးဆောင်ရွက် ကြဖို့ တိုက်တွန်းပါကြောင်း ဖြေကြားပါသည်။