ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်ပြည်သူ ၉၀ ရာခိုင်နှုန်းခန့်မှာ ယာယီသက်သေခံလက်မှတ် အဖြူရောင်ကတ်များကို ကိုင်ဆောင် ထားပြီး ပညာရေး၊ ခရီးသွားလာရေး၊ စီးပွားရေးကိစ္စများတွင် အခက်အခဲ များစွာရှိနေ၍ ပြည်သူများ အတွက်ရော၊ နိုင်ငံတော်အတွက်ပါ များစွာနစ်နာဆုံးရှုံးရပါသည်။ ထို့အတူ ရခိုင်ပြည်နယ်ရှိ အခြား မြို့နယ်များတွင်လည်း အလားတူ နစ်နာမှုများရှိပါသည်။ သို့ဖြစ်ပါ၍ မောင်တောခရိုင်နှင့် အခြား မြို့နယ်များရှိပြည်သူများအား ယာယီသက်သေခံလက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို သက်ဆိုင်ရာမှ မည်သည့်နေ့မှစ၍ လဲလှယ်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံမှာ ၁၉၈၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီးတော့ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ နိုင်ငံသား၊ နိုင်ငံခြားသွေးနှောတဲ့ ကပြားများ၊ နိုင်ငံသားဟုတ် မဟုတ် သံသယရှိသူများကို မြန်မာနိုင်ငံသားအဖြစ်လျှောက်ထားနိုင်တယ်လို့ စတင်ကြေညာခဲ့ကြတာ ရှိပါတယ်။ အဲဒီရဲ့အရင်မှာ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု ဥပဒေဆိုတာလည်း ရှိခဲ့ပါ တယ်။ မြန်မာနိုင်ငံသားဖြစ်လိုလျှင် ဖြစ်စေ၊ မြန်မာနိုင်ငံသားဟုတ်မဟုတ်နဲ့စပ်လျဉ်းပြီးတော့ ဒွိဟ သံသယရှင်းလိုလျှင်ဖြစ်စေ ယင်းဥပဒေအရ လိုက်နာဆောင်ရွက်နိုင်ပါတယ်။ ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့သူများကိုလည်း မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတော်က မြန်မာနိုင်ငံသား အဖြစ် အသိအမှတ်ပြုပေးခဲ့ပါတယ်။ သူတို့အနေနဲ့ သားစဉ်မြေးဆက် ဥပဒေအရ ခိုင်မာတဲ့မြန်မာနိုင်ငံ သားအဖြစ်ကို ရရှိခဲ့ကြပါတယ်။ခုနက ကျွန်တော်တင်ပြခဲ့တဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား အက်ဥပဒေ ပေါ်ပေါက်ပြီးတဲ့နောက်ပိုင်းမှာတော့ အောက်ဖော်ပြပါ ပုဒ်မများနဲ့အကျုံးဝင်တဲ့ နိုင်ငံသားများကိုသာ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခွင့်အဖြစ် အကျုံးဝင်ကြောင်း သတ်မှတ်ခဲ့ပါတယ်။ ပုဒ်မ ၃ နိုင်ငံတော်တွင်ပါဝင်သောနယ်မြေတစ်ခု၌ မြန်မာသက္ကရာဇ် ၁၁၈၅၊ ခရစ်သက္ကရာဇ် ၁၈၂၃ မတိုင်မီကာလ မှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသား မျိုးနွယ်များနှင့် မျိုးနွယ်စုများသည် နိုင်ငံသားဖြစ်သည်။ ပုဒ်မ ၅ တိုင်းရင်း သားတိုင်းသည်လည်းကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှ ဖွေးဖွားလာသူတိုင်းသည်လည်းကောင်း မွေးရာပါ နိုင်ငံသားဖြစ်သည်။ ပုဒ်မ ၆ ဤဥပဒေတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူသည် နိုင်ငံသားဖြစ်သည်။ သို့ရာတွင် ပုဒ်မ ၁၈ ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းလျှင် အရေးယူခြင်းခံရမည်ဟု ဖော်ပြထားပါတယ်။ ပုဒ်မ ၁၈ မှာ ဖော်ပြချက်ကတော့ နိုင်ငံသားတစ်ဦး မဟုတ်မမှန်ဖော်ပြခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းတို့ဖြင့် နိုင်ငံသားအဖြစ်ရရှိပါက နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်း ခံရမယ့်အပြင် ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေဒဏ် ၅၀၀၀၀ ကိုပါ ကျခံစေရမည်ဟု ဥပဒေက သတ်မှတ်ထား ပြီးဖြစ် ပါတယ်။ ပုဒ်မ ၇ မှာ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသည့် အောက်ပါ သူတို့သည်လည်း နိုင်ငံသား ဖြစ်သည်ဆိုပြီးတော့ အခွင့်အရေးပေးထားခဲ့ပါတယ်-
(၁) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားလာသူများ၊
(၂) နိုင်ငံသားနှင့် ဧည့်နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားလာသူများ၊
(၃) နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားလာသူများ၊
(၄) ဧည့်နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားလာသော သားသမီးနှင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားလာသူများ၊
(၅) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားလာသော သားသမီးနှင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားလာသူများ၊
(၆) ဧည့်နိုင်ငံသားနှင့်နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားလာသော သားသမီးနှင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားလာသူများ၊
လို့ သတ်မှတ်ချက်ခြောက်မျိုးပြဋ္ဌာန်းခဲ့ပါတယ်။ အထောက်အထားပြည့်စုံစွာ မတင်ပြနိုင်ရင် နိုင်ငံသား အဖြစ် သတ်မှတ်နိုင်မည်မဟုတ်ပါ။ နိုင်ငံသား၊ နိုင်ငံခြားသား သံသယအဖြစ်သာ သတ်မှတ်နိုင်မှာ ဖြစ် ပါတယ်။ ယင်းတို့အနေနဲ့ အနည်းဆုံး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် မတိုင်မီကာလအတွင်း နိုင်ငံတော်အတွင်း ရောက်ရှိနေထိုင်သူနှင့် ထိုသူတို့မှ နိုင်ငံတော်အတွင်းမွေးဖွားသည့် သားသမီးများ ဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာ ပြသနိုင်လျှင် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၄၂ ၊ ၄၃ အရ နိုင်ငံသားပြုလိုခွင့်ရကြောင်း လျှောက်ထားနိုင်သည်လို့ သတ်မှတ်ထားပြီးဖြစ်ပါတယ်။ ပုဒ်မ ၄၂ က ဘာလဲဆိုရင် ကျွန်တော်တို့ ရှင်းပြရရင်တော့ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ မတိုင်မီ ကာလအတွင်း နိုင်ငံတော်အတွင်း၌ ရောက်ရှိနေထိုင်သူနှင့် ထိုသူတို့မှ နိုင်ငံတော်အတွင်း မွေးဖွားသည့် သားသမီးသည် ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု ဥပဒေအရ လျှောက်ထားရန် ကျန်ရှိကြောင်း ခိုင်လုံသောအထောက်အထားဖြင့် ဗဟိုအဖွဲ့သို့ နိုင်ငံသားပြုရန် လျှောက်ထားနိုင်သည်။ ပုဒ်မ ၄၃၊ ဤဥပဒေ တည်သည့်နေ့မှစ၍ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသည့် အောက်ပါသူတို့သည်လည်း နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားနိုင်သည်လို့ ပါရှိပါတယ်။ အဲဒါတွေကတော့ နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားလာသူများ ၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားလာသူများ၊ ဧည့်နိုင်ငံ သား၊ အခြားနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားလာသူများ၊ နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားလာ သူများ၊ နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားလာသူများလို့ သတ်မှတ်ပါရှိပါတယ်။ ပုဒ်မ ၄၄ မှာ ထပ်ဆင့်ပြဋ္ဌာန်းတာကတော့ ပုဒ်မ ၄၂ သို့မဟုတ် ပုဒ်မ ၄၃ ပါပြဋ္ဌာန်းချက်နှင့် ကိုက်ညီသူ ဖြစ်ခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ခြင်း၊ တိုင်းရင်းသား ဘာသာစကားတစ်မျိုးမျိုးကို ကောင်းမွန် စွာ ပြောတတ်ခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ ရူးသွပ်သူမဟုတ်ခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဥပဒေနှင့်အညီ ရသင့်ရထိုက်တဲ့ ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်ခွင့် ရရှိရေးနဲ့ပတ်သက်ပြီးတော့ မိမိနှင့်တကွ မိဘဘိုးဘွားများရဲ့ ခိုင်မာတဲ့အထောက်အထား အချက်အလက်များကို ခိုင်ခိုင်မာမာ စုဆောင်းတင်ပြဖို့လိုအပ်ပါတယ်။ ယခုအခါမှာ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားများ နဲ့ တကွ အခြားလူမျိုးများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်နိုင်ငံသားဆိုင်ရာ ဥပဒေများအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးများ အပြည့်အဝရရှိစေဖို့ အခြားတိုင်းနဲ့ပြည်နယ်တွေမှာ မရှိသေးတဲ့ သာသနာရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဌာနကို သီးခြားတစ်ခုဖွဲ့စည်းပြီးတော့မှ လုပ်ငန်းများဆောင်ရွက် လျက်ရှိပါတယ်။ မေးခွန်းရဲ့ အနှစ်ချုပ်မှာပါတဲ့ သက်ဆိုင်ရာမှ မည်သည့်နေ့မှစ၍ လဲလှယ်ပေးမည်ကို သိရှိလိုပါကြောင်း မေးခွန်းနဲ့စပ်လျဉ်းပြီး ဖြေကြားရမယ်ဆိုပါက ဤလုပ်ငန်းစဉ်သည် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တစ်ခုတည်းအနေနဲ့ ဆုံးဖြတ်၊ ဆောင်ရွက်ပေးနိုင်သော ကိစ္စရပ် မဟုတ်ပါသဖြင့် သက်ဆိုင်ရာ လွှတ်တော်၊ နိုင်ငံတော်အစိုးရအဖွဲ့အစည်းတို့ရဲ့ အဆုံး အဖြတ်ကို ရယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
