ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ တိုင်းဒေသကြီးများတွင် နေရာဒေသအလိုက် တိုးတက်ဖွံ့ဖြိုးမှု ကွာဟချက်ရှိတဲ့နည်းတူ ပြည်နယ်အသီးသီး၌လည်း တိုင်းရင်းသားလူမျိုးများနေထိုင်သော ဒေသအချို့နဲ့ နယ်စပ်ဒေသများဟာ တိုးတက်ဖွံ့ဖြိုးမှု နှေးကွေး နောက်ကျ ကျန်ရစ်ခဲ့သည်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ယခုအခါ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်သည် ယခင်ကထက် မကြုံစဖူး တိုးတက်ဖွံ့ဖြိုးလာတာနဲ့အမျှ ပြည်သူလူထုဟာ မြန်မာပြည် တစ်နံတစ်လျား မော်တော်ကား၊ မီးရထား၊ သင်္ဘော၊ လေယာဉ်ဖြင့် မိမိတို့လိုရာခရီးသို့ အလွယ်တကူ အချိန်တိုအတွင်း သွားလာနိုင်ကြပြီ ဖြစ်ပါတယ်။ သို့သော် မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင်သည် အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုအနည်းဆုံးဒေသဖြစ်နေတာကို တွေ့ရှိရပါ တယ်။ သာဓကအနေနဲ့ ပြောရမည်ဆိုရင် ပူတာအိုခရိုင်အတွင်းရှိ လုပ်သားပြည်သူများဟာ ပူတာအို မြို့မှ ၁၁၅ မိုင်ဝေးသော ခေါင်လန်ဖူးမြို့သို့ ြခေလျင်ခရီးဖြင့် ရက်ပေါင်း ၂၀ အသွားအပြန် ၂ လ နီးပါး ခရီးသွားလာရပါတယ်။ ထိုနည်းတူ ခေါင်လန်ဖူးမြို့နယ်၌ တာဝန်ကျသော ပြည်သူ့ဝန်ထမ်းများနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း မိမိတို့ရဲ့ အိပ်ယာလိပ်၊ ရိက္ခာပစ္စည်းများကို ကိုယ်တိုင်ထမ်းပိုးကာ ခရီးကြမ်းနှင်လျက် နိုင်ငံတာဝန်ထမ်းဆောင်ခဲ့သည်မှာ လွတ်လပ်ရေးရချိန်မှ ယနေ့ဒီအချိန်ထိ ဖြစ်ပါ တယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအြခေခံ ဥပဒေ ၂၂ (ဂ) တွင် နိုင်ငံတော်သည် တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေတဲ့ တိုင်းရင်းသားများရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေးတိုးတက် ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်မည်ဟု ပါရှိပါတယ်။ ထို့ကြောင့် -
(က) တိုးတက်ဖွံ့ဖြိုးမှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသအတွက် ကူညီ ဆောင်ရွက်ရန် မည်သည့်အစီအစဉ် ရှိပါသနည်း။
(ခ) တိုးတက်ဖွံ့ဖြိုးမှုနှေးကွေးလျက်ရှိသောတိုင်းရင်းသားလူမျိုးသို့မဟုတ်တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှ ကျေးလက်ဒေသများသို့ နိုင်ငံတော်မှ လေ့လာစုံစမ်းရေးအဖွဲ့ စေလွှတ်ပြီး ကွင်းဆင်းတွေ့ရှိချက်အပေါ် အြခေခံပြီး တိုင်းရင်းသားလူမျိုး၊ နယ်ြမေဒေသဖွံ့ဖြိုးရေးအတွက် ဦးစားပေးဆောင်ရွက်နိုင်ခြင်းရှိ/မရှိကို မေးမြန်းပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ ၁၉၈၈ ခုနှစ် မတိုင်မီ ပြည်တွင်းလက်နက်ကိုင် ဆူပူမှုနဲ့ လမ်းပန်းဆက်သွယ်မှု ခက်ခဲမှုကြောင့် နယ်စပ်ဒေသအပါအဝင် နယ်စပ်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးမှုဟာ များစွာနောက်ကျခဲ့တာကို ကျွန်တော်တို့တွေ့ရှိရမှာ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် ရောက်တဲ့ အခါမှာ ဒီအြခေအနေ သိရှိတဲ့အခါမှာ နိုင်ငံတော်ကို တာဝန်ယူထားတဲ့ အကြီးအကဲများဟာ ဒီနယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ဘဝမြင့်မားရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ဝန်ကြီးဌာနတစ်ခုချင်း သီးခြားဆောင်ရွက်မယ်ဆိုလို့ရှိရင် အချိန်ကြာ ပြီးတော့မှ တိုးတက်မှုဟာ နှောင့်နှေးနိုင်တဲ့ အြခေအနေရှိပါတယ်။ ဒါကြောင့်မို့ ဝန်ကြီးဌာနအားလုံး နယ်စပ်ဒေသမှာ စုစည်းပြီးတော့ ဆောင်ရွက်နိုင်ဖို့အတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို နိုင်ငံတော်မှာတာဝန်ရှိတဲ့ လူကြီးများကိုယ်တိုင် ပါဝင်ပြီးတော့မှ အထူးသဖြင့်တော့ ကျွန်တော်တို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌကြီး ကိုယ်တိုင် နာယက၊ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီးတော့မှ ကျွန်တော်တို့ ၁၉၈၉ ခုနှစ် မေလ ၂၅ ရက်နေ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အမိန့် (၂၃/၈၉)နဲ့ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ ကျွန်တော်တို့ ဒီဖွဲ့စည်းတာနဲ့ တစ်ပြိုင်နက်မှာပဲ နိုင်ငံတော်ရဲ့ဒီနေ့ဆောင်ရွက်နေတဲ့ စီမံကိန်းကြီး (၃)ရပ်အနက် ဒါ ပထမဆုံး အရေးကြီးဆုံး စီမံကိန်းကြီး ဖြစ်ပါတယ်။ ဒါဘာလဲ ဆိုတော့ နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းကြီး ဖြစ်ပါတယ်။ အဲဒီဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်မူဝါဒတွေကို အကောင်အထည်ဖော်ဖို့အတွက် ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ၂၇ ရက် နေ့ အမိန့်ကြော်ငြာစာ အမှတ် (၇၄/၂၀၀၄)နဲ့ ကျွန်တော်တို့ ဗဟို ကော်မတီမှတစ်ဆင့် လုပ်ငန်းကော်မတီကို ထပ်ပြီးတော့မှ ကျွန်တော်တို့ ဖွဲ့စည်းပါတယ်။ လုပ်ငန်း ကော်မတီမှာ ကျွန်တော်တို့အဆင့်ဆင့်တာဝန်ယူခဲ့ပြီးတော့ ကျွန်တော်တို့လုပ်ငန်း ကော်မတီဥက္ကဋ္ဌ အဖြစ် နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် တာဝန်ယူပြီးတော့မှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ အဲလိုဆောင်ရွက်တဲ့အခါမှာ လုပ်ငန်းကော်မတီရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့အတူ ကျွန်တော်တို့ ဝန်ကြီးဌာနအားလုံး ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းဆပ်ကော်မတီကိုလည်းပဲ ကျွန်တော်တို့ ဖွဲ့စည်းခဲ့ပါတယ်။ လုပ်ငန်းဆပ်ကော်မတီအပိုင်းကိုလည်း သီးခြားရှင်းပြမှာ ဖြစ်ပါတယ်။ အဲဒီလို ကျွန်တော်တို့ဗဟိုကော်မတီ လုပ်ငန်းကော်မတီက နေပြီးတော့မှ စေတနာမှန်စွာနဲ့ နယ်စပ်ဒေသမှာ ရှိတဲ့ တိုင်းရင်းသားတွေရဲ့ လူမှုအဆင့်အတန်းမြင့်မားရေး၊ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လာတဲ့အခါမှာ လုပ်ငန်းစစချင်းမှာပဲ နယ်စပ်ဒေသ၊ စောစောကတင်ပြခဲ့တဲ့ နယ်စပ်ဒေသမှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ဥပဒေဘောင်အတွင်းကို ဝင်ရောက်လာပြီးတော့မှ ဥပဒေဘောင် အတွင်းမှာ နိုင်ငံတော်အစိုးရနဲ့အတူလက်တွဲပြီးတော့မှ သူတို့ဒေသတွေဖွံ့ဖြိုးတိုးတက် အောင်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ပါတယ်။အဲဒီလို ဆောင်ရွက်ပေးခဲ့တဲ့ အြခေအနေကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့နဲ့ အဖွဲ့ငယ် ၂၂ ဖွဲ့ဟာ အဲဒီအချိန်က ဥပဒေဘောင်အတွင်း ဝင်ရောက်လာပါတယ်။ ဥပမာအနေနဲ့ တင်ပြရမယ်ဆိုရင် ကိုးကန့်ဒေသ ငြိမ်းချမ်းရေး အဖွဲ့ဟာ ၁၉၈၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာလည်းကောင်း၊ ‘ဝ’ ဒေသ အထူးဒေသ ၂ ငြိမ်းချမ်းရေးအဖွဲ့ဟာ ၁၉၈၉ ခုနှစ်၊ မေလ ၉ ရက်နေ့မှာလည်းကောင်း၊ SSA ငြိမ်းချမ်းရေးအဖွဲ့ဟာ ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာလည်းကောင်း၊ အထူးဒေသ ၄ ငြိမ်းချမ်းရေးအဖွဲ့ဟာ ၁၉၈၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှာလည်းကောင်း၊ကချင်ပြည်နယ်အထူးဒေသ ၁ NDAK ငြိမ်းချမ်းရေးအဖွဲ့ဟာလည်းပဲ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာလည်းကောင်း၊ ကချင်အထူး ဒေသ ၂ KIO ငြိမ်းချမ်းရေးအဖွဲ့ဟာလည်းပဲ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်မှာ လည်းကောင်း၊ အသီးသီးဥပဒေဘောင်ထဲကို ဝင်ရောက်လာကြပါတယ်။ အဲဒီလိုဥပဒေဘောင် အတွင်း ကို ဝင်ရောက်လာကြတဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ စောစောကတင်ပြခဲ့တဲ့ နိုင်ငံတော်ကနေ ဦးစီးဆောင်ရွက်နေတဲ့ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနဲ့အတူ လက်တွဲပြီးတော့မှ သူတို့ဒေသတွေ ဖွံ့ဖြိုးတိုးတက်အောင်လည်း ဆောင်ရွက် ပါတယ်။ အဲဒီလို ကျွန်တော်တို့ ပီပီပြင်ပြင် ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းရင်းသားတွေ ပါလာတဲ့ အခါမှာ ပိုပြီးတော့မှ ပီပီပြင်ပြင် ဆောင်ရွက်နိုင်ဖို့အတွက် ဝန်ကြီးဌာန ၁၈ ခုက ဒုတိယ ဝန်ကြီးများကို ဥက္ကဋ္ဌအဖြစ်တာဝန်ပေးပြီးတော့မှ ကျွန်တော်တို့လုပ်ငန်းကော်မတီရဲ့ အောက်မှာ ဆပ်ကော်မတီ ၁၈ ခုကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။ အဲဒီဆပ်ကော်မတီများကို တင်ပြရမယ်ဆိုရင် လမ်းတံတားလုပ်ငန်း ဆပ်ကော်မတီ၊ သယ်သူပို့ဆောင်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးလုပ်ငန်း ဆပ်ကော်မတီ၊ ပညာရေး လုပ်ငန်းဆပ်ကော်မတီ၊ စိုက်ပျိုးရေးလုပ်ငန်းဆပ်ကော်မတီ၊ သစ်တောလုပ်ငန်းဆပ်ကော်မတီ၊ မွေးမြူရေးလုပ်ငန်းဆပ်ကော်မတီ၊ ကုန်သွယ်ရေးလုပ်ငန်းဆပ်ကော်မတီ၊ စွမ်းအင်လုပ်ငန်းဆပ်ကော် မတီ၊ ပြည်သူ့စုံစမ်းရေးလုပ်ငန်း ဆပ်ကော်မတီ၊ သတ္တုတွင်းတူးဖော်ရေးလုပ်ငန်း ဆပ်ကော်မတီ၊ ဆက်သွယ်ရေး လုပ်ငန်းဆပ်ကော်မတီ၊ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း ဆပ်ကော်မတီ၊ စီမံခန့်ခွဲရေး နှင့် ဘဏ္ဍာရေးလုပ်ငန်း ဆပ်ကော်မတီစသည်ဖြင့် ကျွန်တော်တို့ ဆပ်ကော်မတီ ၁၈ ခုကို ဖွဲ့စည်း ပြီးတော့မှ ဒုတိယဝန်ကြီးများကိုယ်တိုင် နယ်စပ်ဒေသတွေ သွားရောက်ပြီးတော့မှ သူတို့သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် လိုအပ်ချက်တွေကို လုပ်ငန်း ကော်မတီမှာ တင်ပြပြီးတော့မှ အကောင်အထည် ဖော်ကြတဲ့အတွက် အရှိန်အဟုန် မြင့်မြင့်နဲ့ တိုးတက်အောင် စတင်ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါတယ်။ အဲဒီလိုဆပ်ကော်မတီတွေ ဆောင်ရွက်တဲ့အပြင် တစ်ခါဒေသဆိုင်ရာလုပ်ငန်းကော်မတီ ၁၁ခုကိုလည်းပဲ ကျွန်တော်တို့၁၉၈၉ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှာထပ်မံဖွဲ့စည်းပြီးတော့မှ ဒီဒေသဆိုင်ရာ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌအဖြစ် ပယက၊ တယက ဥက္ကဋ္ဌများ ကိုယ်တိုင်၊ စစ်တိုင်းမှူးများ ကိုယ်တိုင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီးတော့မှ သူတို့ဒေသတွေရဲ့ လိုအပ်ချက်တွေကို နိုင်ငံတော်ကို တင်ပြနိုင်ဖို့အတွက် ဒေသဆိုင်ရာလုပ်ငန်းကော်မတီတွေကို လေးလ တစ်ကြိမ် အစည်းအဝေးလုပ်ပြီးတော့မှ သူတို့ရဲ့ တင်ပြချက်တွေကို ကျွန်တော်တို့ မှတ်သားပြီးတော့မှ အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက် ရှိပါတယ်။ အဲဒီဒေသအလိုက် လုပ်ငန်းဆပ်ကော်မတီကို တင်ပြရမယ်ဆိုရင် ကချင်ပြည်နယ် ဒေသဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ၊ ရှမ်းပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်း ကော်မတီ၊ ကယားပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ၊ ကရင် ပြည်နယ်ဒေသဆိုင်ရာလုပ်ငန်း ကော်မတီ၊ မွန်ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ၊ တနင်္သာရီတိုင်းဒေသဆိုင်ရာလုပ်ငန်း ကော်မတီ၊ စစ်ကိုင်းတိုင်းဒေသဆိုင်ရာ လုပ်ငန်းကော်မတီ၊ ချင်းပြည်နယ်ဒေသ ဆိုင်ရာလုပ်ငန်း ကော်မတီ၊ ရခိုင်ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီးကို ဖွဲ့စည်းခဲ့ပြီးတော့ စောစော တင်ပြခဲ့တဲ့အတိုင်း ဒီအဖွဲ့တွေဟာ ကျွန်တော်တို့ဒေသရဲ့ လိုအပ်ချက်တွေကို လုပ်ငန်းကော်မတီ တင်ပြပြီးတော့မှ အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက် ရင်းနဲ့ပဲ ကျွန်တော်တို့ ဒီလုပ်ငန်းတွေကို ဘဏ္ဍာရေးအရရော၊ လုပ်ငန်းအုပ်ချုပ်မှုအရရော ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကိုလည်း ၁၉၉၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။ အဲဒီနယ်စပ် ဒေသ ဆိုင်ရာ ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ဒေသဆိုင်ရာ လုပ်ငန်းကော်မတီအဆင့်ဆင့် တင်ပြချက်အပေါ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီတို့ကနေပြီးတော့မှ ဦးစားပေး အဆင့်အလိုက် ခွဲပြီးတော့မှဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ ပါတယ်။ အဲဒီလို ဆောင်ရွက်ပေးခဲ့တဲ့အတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးအတွက်ကို နိုင်ငံတော်ကနေပြီးတော့ ၁၉၈၉-၁၉၉၀ ဘဏ္ဍာရေးနှစ်က နေပြီးတော့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံတစ်ဝန်းလုံးမှာ ဆောင်ရွက်ပေးမှုများနှင့် ပတ်သက်ပြီးတော့ တင်ပြရမယ်ဆိုရင် ကျွန်တော်တို့တွေ အဲဒါရန်ပုံငွေအနေနဲ့ ပထမဆုံး တင်ပြရမယ် ဆိုရင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေက နေပြီးတော့ ကျပ်သန်းပေါင်း ၁၃၀၀၄၀ သုံးစွဲခဲ့ပါတယ်။ ဝန်ကြီးဌာန၊ ကျွန်တော်တို့ ဝန်ကြီးဌာန ရန်ပုံငွေအရဆိုရင် ကျပ်သန်းပေါင်း ၂၁၄၂၃၃ အားလုံး ပေါင်းမယ်ဆိုရင် နိုင်ငံတော်ကနေပြီးတော့မှ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် ယနေ့အထိ ဆောင်ရွက်ခဲ့တဲ့ ငွေပေါင်းဟာ ကျပ်သန်းပေါင်း ၃၄၄၂၇၃.၉၇ သန်း၊ ဘီလီယံနဲ့ ပြောမယ်ဆိုရင် ၃၄၄ ဘီလီယံကျပ် အကုန်အကျခံပြီးတော့မှ ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ တစ်ခါ ထပ်မံပြီးတော့မှ ပိုပြီးတော့ အသေးစိတ်သိအောင် လမ်းတံတားနဲ့ပတ်သက်ပြီးတော့မှ ကဏ္ဍအလိုက် တင်ပြရမယ် ဆိုရင် လမ်းတံတားကဏ္ဍမှာ နယ်စပ်ဒေသအတွက် မြေသားလမ်း ၄၃၉၇ မိုင် ဖောက်လုပ်ပေးခဲ့ တယ်။ ကျောက်ခင်းလမ်း ၃၁၃၃ မိုင်၊ ကတ္တရာလမ်း ၄၇၃ မိုင်၊ လမ်းပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်း ၃၅၈၇ မိုင်ကို လမ်းတံတားနဲ့ပတ်သက်ပြီးတော့ တစ်နိုင်ငံလုံးမှာ ဆောင်ရွက်ပေးခဲ့တာကို ကျွန်တော်တို့ တင်ပြခြင်းဖြစ်ပါတယ်။
နောက်တစ်ခါ နယ်စပ်ဒေသတွေမှာ ပညာရေးကဏ္ဍနဲ့ပတ်သက်ပြီးတော့ ယခင်မရှိခဲ့တဲ့ မူလတန်းကျောင်းပေါင်း ၈၈၈ ကျောင်းကိုလည်း စတင်ပြီးတော့မှ နယ်စပ်ဒေသတွေမှာ ဖွင့်လှစ်ပေး နိုင်ခဲ့ပါတယ်။ ယခင်တုန်းကဆိုရင် မူလတန်းကျောင်းဆိုတာ နယ်စပ်ဒေသတွေမှာ ခုနက စောစော ကပြောခဲ့တဲ့ အခက်အခဲတွေကြောင့် လက်နက်ကိုင်ဆူပူမှု ၊ လမ်းပန်းဆက်သွယ်မှု ခက်ခဲမှု တွေကြောင့် မူလတန်းကျောင်း မရှိတဲ့နေရာတွေကို အသစ်ထပ်ပြီးတော့မှ ၈၈၈ ကျောင်း ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီကမှတစ်ဆင့် နှစ်ကြာလာတာနဲ့အခါမှာ မူလတန်း၊ အလယ်တန်း၊ မူလတန်းက နေပြီးတော့မှ လေးတန်းအောင်တဲ့ ကလေးတွေ ဆက်ပြီးတက်နိုင်ဖို့အတွက် အလယ်တန်းကျောင်း ၉၂ ကျောင်းကိုလည်းပဲ ထပ်မံတိုးချဲ့ပြီးတော့ ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီကမှ တစ်ဆင့် အထက်တန်း ကျောင်း ၉၄ ကျောင်းကိုလည်း ထပ်မံပြီးတော့မှ နယ်စပ်ဒေသတွေမှာ တိုးချဲ့ပြီးတော့ ဖွင့်လှစ်ပေး နိုင်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ကျန်းမာရေး ကဏ္ဍနဲ့ပတ်သက်ပြီးတော့ ယခင်တုန်းက ဆေးခန်း တောင် မရှိခဲ့တဲ့ နယ်စပ်ဒေသတွေမှာ အခု ကျွန်တော်တို့ဆောင်ရွက် ပြီးခဲ့တာ ဆိုရင် ဆေးရုံပေါင်း ၁၀၀ ကျော်၊ ဆေးခန်း ၉၆ ခန်း၊ ကျေးလက်ကျန်းမာရေးဌာန ၉၄ ခု ၊ ကျန်းမာရေးဌာနခွဲ ၂၀၂ ခု တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍနဲ့ ပတ်သက်ပြီးတော့ စိုက်ပျိုးရေးရုံး ၃၁ ခု ၊ စိုက်ပျိုးရေးစခန်း ၁၁၈ ခု ၊ ဆည် ၆၃ ခု ၊ တိုင်းတာပြီးဆည် ၇၇ ခု ၊ တူးမြောင်း ၅ ခု၊ လက်တွန်း ထွန်စက်စခန်း ၁၁ ခုတို့ကို လည်းပဲ တည်ဆောက်ပေးခဲ့ပြီး ဖြစ်ပါတယ်။
မွေးမြူရေးကဏ္ဍနဲ့ ပတ်သက်ပြီးတော့ မွေးမြူရေးခြံ ၂၀၊ တိရစ္ဆာန် မွေးမြူရေးနဲ့ ကုသရေးရုံး ၄၁ ရုံး၊ နွား ၇၃ ကောင်၊ မြည်း၊သိုး ၃၈ ကောင်ကိုလည်းပဲ ကျွန်တော်တို့ အခမဲ့ ဖြန့်ဖြူးပြီးတော့မှ ဒီဒေသတွေမှာ မျိုးရအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ သစ်တော ကဏ္ဍမှာ လည်းပဲ သစ်တော ကြိုးဝိုင်း ၁၁ ခု ၊ စီစဉ်ဆဲ သစ်တော ကြိုးဝိုင်း ၁၄ ခု၊ သစ်တော ပျိုးဥယျာဉ် ၁၄ ခု ကိုလည်းပဲ တည်ထောင်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပြည်သူ့ဆက်ဆံရေး ကဏ္ဍမှာဆိုလည်းပဲ ရုပ်မြင် သံကြားထပ်ဆင့်လွှင့်စက်၊ ကျွန်တော်တို့ နယ်စပ်ဒေသရဲ့ အစီအစဉ်နဲ့ ဆောင်ရွက်ပေးခဲ့တဲ့ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ဟာ ၁၁၃ ရုံ၊ နယ်စပ်ဒေသ တစ်လျှောက်လုံးမှာ တည်ဆောက် ပေးခဲ့ပါတယ်။ ဆက်သွယ်ရေး ကဏ္ဍမှာလည်းပဲ နယ်စပ် ဒေသဖွံ့ဖြိုးရေးအတွက်ကို စာတိုက် ၅၄ ခု၊ ကြေးနန်းရုံး ၄၇ ရုံး၊ တယ်လီဖုန်းဆက်သွယ်တဲ့လုပ်ငန်း ၈၆ ခု ကိုလည်းပဲ တည်ဆောက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ စွမ်းအင်ကဏ္ဍနှင့်ပတ်သက်လို့ မီးစက်အလုံးရေ ၂၇၆ လုံး၊ ရေအားလျှပ်စစ် စက်ရုံ ၅၁ ခုကိုလည်း တည်ဆောက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါတွေတည်ဆောက် နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ ဝန်ကြီးဌာနမှာ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ငါးရင်း တွဲဖက်ပြီးတော့မှ ြမေကော်စက် လေးစီး၊ မြေထိုးစက် ၄၂ စီး၊ မြေထိုးစက်ငယ် ၃၀၊ D 23 လေးစီး၊ D 37 ငါးစီး၊ လမ်းကြိတ်စက် ၂၇ စီး၊ ြမေသယ်ယာဉ် ၈၄ စီး ၊ လူရိုင်းလမ်းကြိတ်စက် ၅၅ စီး၊ အေရိုးလတ် ြမေသယ်ယာဉ် ၄၉ စီး အားလုံး စုစုပေါင်း ပေါင်းမယ်ဆိုရင် ယာဉ်/ယန္တရား ၃၂၀ အသုံးပြုပြီးတော့မှ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ ဆိုလို့ရှိရင်လည်း အဲဒီကနေ ကွက်ပြီး တင်ပြရမယ်ဆိုရင် မြေကော်စက် တစ်စီး၊ မြေထိုးစက် ၁၂ စီး၊ လမ်းကြိတ်စက် ခြောက်စီး၊ မြေသယ်ယာဉ် ရှစ်စီး၊ စုစုပေါင်း ယန္တရား ၂၇ စီးနဲ့ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ စောစောကတင်ပြချက်ကို နည်းနည်းလေးကွက်ပြီးတော့ ပြန်ပြောမယ်ဆိုရင် ခေါင်လန်ဖူး-ပန်နန်းတင်၊ ခေါင်လန်ဖူးဒေသပေါ့လေ လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက်လို့၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းကနေပြီးတော့မှ ဒါကို ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒီလမ်းတွေဟာ အမှန်ကတော့ မြို့တစ်မြို့နဲ့ တစ်မြို့ဆက်သွယ်တဲ့ လမ်းတွေဟာ ဆောက်လုပ်ရေး လမ်းတွေ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးလမ်းဖြစ်သော်လည်းပဲ တချို့လမ်းပန်း ဆက်သွယ်မှုခက်ခဲတဲ့ နေရာတွေမှာ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းကနေပြီးတော့မှ ဝင်ပြီးတော့မှ ကူညီပေးတဲ့အနေနဲ့ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့ကြောင့်မို့ ခေါင်လန်ဖူးဘက်ကိုလည်းပဲ နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်တိုင် လမ်းညွှန်ပြီးတော့မှ ဒီလမ်းတွေဖောက်ဖို့ ကျွန်တော်တို့ စတင်ပြီးဆောင်ရွက် နေပြီ ဖြစ်ပါတယ်။ အလားတူပဲ ပန်နန်းတင်ဒေသဆိုရင် ခုနက တင်ပြချက်ထဲ မပါသော်လည်းပဲ ပန်နန်းတင်ဒေသဟာဆိုရင် သွားရေးလာရေး အင်မတန်ခက်ပါတယ်။ မြို့နယ်ခွဲလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဒီပန်နန်းတင်ဒေသကို ကျွန်တော်တို့ မော်တော်ဆိုင်ကယ် သွားလို့ရအောင် ကျွန်တော်တို့ ဝန်ကြီးဌာနကပဲ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ပေါင်းပြီးတော့မှ ဆောင်ရွက်ပေး ခဲ့တဲ့အတွက် အခုဆိုရင် လမ်းပန်းဆက်သွယ်မှု ခက်ခဲတဲ့ ပန်နန်းတင်ဒေသဟာ ကျွန်တော်တို့ မော်တော်ဆိုင်ကယ်နဲ့ အလွယ်တကူ သွားလို့ရပြီ ဖြစ်ပါတယ်။ နောက်တစ်ဆင့် ကျွန်တော်တို့ ကားလမ်းကိုတိုးချဲ့ဖောက်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲလို အကောင်အထည်ဖော် ဆောင်ရွက်ပေးတဲ့အခါမှာ ကျွန်တော်တို့ အခုနက ပြောခဲ့တဲ့ ကချင်ပြည်နယ်အတွက်ကိုလည်းပဲ လမ်းတံတား လုပ်ငန်းမှာ ြမေသားလမ်း ၇၂၅ မိုင်၊ ကျောက်ခင်းလမ်း ၃၀၉ မိုင် ၊ ကတ္တရာ လမ်း၂ မိုင် ၊ လမ်းပြုပြင်ထိန်းသိမ်းခြင်း ၂၇၂ မိုင်ကိုလည်းပဲ ကျွန်တော်တို့ ငွေကျပ် သန်းပေါင်း ၂၇၈၀ ကုန်ကျခံ ပြီးတော့ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍမှာဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အလားတူပဲ ပညာရေး လုပ်ငန်းမှာ ကချင်ပြည်နယ်အတွက်ကို မူလတန်းကျောင်း ၁၇၃ ကျောင်း၊ အလယ်တန်း ကျောင်း ၁၃ ကျောင်း၊ အထက်တန်းကျောင်း ၁၀ ကျောင်း ကိုလည်းပဲ တိုးချဲ့ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်အတွက်ကို သီးခြား တင်ပြသွားခြင်း ဖြစ်ပါတယ်။ ဒါအပြင် နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်အရ ဒေသအသီးသီးမှာ အသက်ကြီး စာမတတ်တဲ့ သူတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့်မို့လို့ အသက်ကြီး စာမတတ်တဲ့ သူတွေ ကို 'အ'သုံးလုံး သင်တန်းတွေကို သင်ကြားပြီးတော့မှ ၁၉၉၆ခုနှစ်မှစပြီးတော့ ပညာရေးဝန်ကြီးဌာန နဲ့ပေါင်းပြီးတော့မှ ပညာရေး ဒုတိယဝန်ကြီးများ ကိုယ်တိုင် ဦးဆောင်ပြီးတော့ ကျွန်တော်တို့ နယ်စပ် ဒေသ 'အ'သုံးလုံး သင်တန်း တွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ၂၀၀၁ ခုနှစ် မှာ ၄၃၉ ဦး စာတတ်အောင် လုပ်ပေးခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ ၈၃၅ ဦး၊ ၂၀၀၆ ခုနှစ်မှာ ၂၈၆ ဦး ၊ ၂၀၀၇ ခုနှစ်မှာ ၈၅၅ ဦး၊ ၂၀၀၈ ခုနှစ်မှာ ၇၂၈ ဦး ၊ ၂၀၀၉ ခုနှစ်မှာ ၂၇၈ ဦး၊ ၂၀၁၀ မှာ ၈၀၇ ဦး စုစုပေါင်း သက်ကြီးစာမတတ်တဲ့ ပုဂ္ဂိုလ်များကို ကျွန်တော်တို့ ၄၂၂၈ ဦး အထိ စာတတ်အောင် ကျွန်တော်တို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ နောက်တစ်ခါ ဆက်ပြီးတော့မှ နယ်စပ်ဒေသတွေမှာ ယခင်တုန်းက တည်ငြိမ်အေးချမ်းမှုမရှိဘဲ ဖွံ့ဖြိုးမှု နောက်ကျခဲ့တဲ့ နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားလူငယ်များ စောင့်ရှောက်မှု အခြေအနေကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။ ယခင်တုန်းကဆိုရင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု မရှိတဲ့အတွက် နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသား လူငယ်လေးတွေဟာ ပညာတတ်တဲ့ အခွင့်အလမ်းတွေ၊ ပညာသင်ကြားရတဲ့ အခွင့်အလမ်းတွေ အများကြီး ဆုံးရှုံးခဲ့ပါတယ်။ ဒီဆုံးရှုံးမှုတွေကို ပြန်ပြီးတော့မှ ကျွန်တော်တို့ နိုင်ငံတော်ကနေပြီးတော့မှ ဒီလို ပညာမသင်နိုင်တဲ့ ကလေးတွေ အားလုံးကို ပညာသင် နိုင်အောင် စောစောကပြောတဲ့ သာမန်ပညာရေးစီမံကိန်းအပြင်ကို အထူးစီမံကိန်းအနေနဲ့ နယ်စပ်ဒေသကလေးတွေ ပညာရည်မြင့်မားရေး အတွက်ကိုလည်းပဲ ဆောင်ရွက် ပေးခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်ပေးခဲ့တဲ့အခါမှာ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ နယ်စပ် ဒေသတွေမှာ နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ၂၉ ကျောင်း ဖွင့်လှစ်ပေးပြီးတော့မှ ဒီကျောင်းတွေမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းထိ သင်ကြား နိုင်အောင်၊ စရိတ်အခမဲ့ သင်ကြားနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက် ပေးခဲ့ပါတယ်။ ဒါတွေကို အကြမ်းဖျင်း တင်ပြရမယ်ဆိုရင် ကချင်ပြည်နယ်မှာ ဆိုလို့ရှိရင် ပူတာအို ၊ မြစ်ကြီးနားမှာ နှစ်ကျောင်း၊ ဗန်းမော်မှာ တစ်ကျောင်း၊ ကချင်ပြည်နယ်မှာ လေးကျောင်း ကျွန်တော်တို့ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ ရှမ်းပြည်နယ်ြမောက်ပိုင်းမှာဆိုရင် လားရှိုး၊ ကွမ်းလုံ ၊ တန့်ယန်း၊ လောက်ကိုင်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ဆိုရင် ကျိုင်းတုံ၊ လွယ်မွေ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာဆိုရင် ပင်လုံ၊ ကယားပြည်နယ်မှာ ဆိုရင် လွိုင်ကော် ၊ ကရင်ပြည်နယ် မှာဆို ဘားအံ ၊ ရခိုင်ပြည်နယ်မှာဆို စစ်တွေ၊ နောက် မကွေးတိုင်းဒေသကြီးမှာဆိုသီးခြား ကျွန်တော်တို့ ဆင်းရဲ နွမ်းပါးတဲ့ ကလေးတွေအတွက်ကို ပခုက္ကူမှာလည်းပဲ ကျောင်း ၁ ကျောင်း ဖွင့်ပေးခဲ့ပါတယ်။ ချင်းပြည်နယ်မှာတော့ အထူးသဖြင့် ကျွန်တော်တို့ ချင်းပြည်နယ်မှာဆိုရင် ကျောင်း ၉ ကျောင်း ဖွင့်ပေး ထားပါတယ်။ မင်းတပ်မှာဆိုရင် နှစ်ကျောင်း၊ မတူပီ တစ်ကျောင်း၊ ကန်ပက်လက်၊ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ ၊ နောက်တစ်ခါ စစ်ကိုင်းတိုင်းဒေသကြီးမှာ ဆိုရင် ကလေး၊ ခန္တီး၊ လေရှီး ၊ လဟယ် ၊ ဒါ နာဂဒေသတွေပါ။ အဲလို ကျောင်းတွေ ကျွန်တော်တို့ ဖွင့်လှစ်ပြီး တော့မှ ဒီကလေးတွေကို မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ပညာသင်ကြားနိုင်အောင် အခမဲ့ သင်ကြားနိုင်အောင် ကျွန်တော်တို့ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလိုဆောင်ရွက် ပေးရုံတင်မဟုတ်ဘူး၊ ကျွန်တော်တို့ ဒီကလေးတွေကို ၁၀ တန်း အောင်တဲ့အခါမှာ အဆင်မြင့် တက္ကသိုလ် ပညာသင်ကြား နိုင်အောင် ရန်ကုန်နဲ့ မန္တလေးမှာ ၂၀၀၀ ပြည့်နှစ်က စပြီးတော့မှ ဒီဂရီကောလိပ်နှစ်ခု၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် နှစ်ခုကို ဖွင့်လှစ်ပြီးတော့မှ အဆင့်မြင့် ပညာသင်ကြားနိုင်အောင်လည်းပဲ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလိုကူညီဆောင်ရွက် ခဲ့တဲ့အတွက် ကျွန်တော်တို့ ဒီကျောင်းကနေပြီးတော့မှ B.A , B.Sc , AGTI ဘွဲ့တွေကို ကျွန်တော်တို့ ပထမအဆင့် ပေးခဲ့ပါတယ်။ တော်တဲ့ကလေးတွေကိုလည်းပဲ ခုနက AGTI သမားတွေက B.E , M.E, Ph.D အထိ ရောက်အောင် ဆက်ပြီးသင်နိုင်အောင် ကူညီဆောင်ရွက်ပေးပါတယ်။ အလားတူပဲဝိဇ္ဇာသိပ္ပံ B.A,B.Sc ရတဲ့ ကလေးတွေကိုလည်းပဲ Master ဘွဲ့ရအောင် M.A, M.Sc ထိရအောင် အခမဲ့သင်ကြား နိုင်အောင် ကျွန်တော်တို့ ကူညီဆောင်ရွက် ပေးခဲ့ပါတယ်။ အဲဒီလို ကူညီဆောင်ရွက် ပေးခဲ့တဲ့အတွက် ကျွန်တော်တို့ အခုအချိန်မှာဆိုရင် ကျောင်းဆင်း စုစုပေါင်း ၁၅၁၃ ဦးဟာ ခုနက ပြောခဲ့တဲ့ အခြေခံဘွဲ့ အပြင် အဆင့်မြင့်ဘွဲ့တွေကို ရရှိပြီးတော့မှ ကျွန်တော်တို့ ပြီးတာနဲ့ နယ်စပ်ဒေသမှာ တာဝန်ထမ်းဆောင် နိုင်မှုအတွက် နယ်စပ်ဒေသနဲ့ ဆက်စပ်နေတဲ့ ဝန်ကြီးဌာနများကို ကျွန်တော်တို့ အလုပ်တာဝန် တစ်ခါတည်း ခန့်အပ်ပေးခဲ့ပါတယ်။ ဒါကြောင့်မို့ ဆင်းရဲနွမ်းပါးတဲ့ တိုင်းရင်းသားလူငယ်တွေဟာ နယ်စပ်ဒေသတွေမှာ ပညာလည်းတတ်၊ အလုပ်လည်းရ ဆိုတဲ့သဘောနဲ့ ကျွန်တော်တို့ နယ်စပ်ဒေသမှာ ရှိတဲ့တာဝန်ထမ်းဆောင်တဲ့ ဝန်ကြီးဌာနတွေမှာ တာဝန်ပေးခဲ့ပါတယ်။ ဥပမာတင်ပြရမယ်ဆိုရင် ကျွန်တော်တို့ ဝန်ကြီးဌာနမှာဆိုရင် နယ်စပ်ဒေသ ဦးစီးဌာန၊ စည်ပင်သာယာရေး ဦးစီးဌာနမှာ ၅၆၈ ယောက် တာဝန်ပေးခဲ့တယ်။ ပြန်ကြားရေး ဝန်ကြီးဌာနမှာ ၇၄ ယောက်၊ ပြည်ထဲရေး ဝန်ကြီးဌာနမှာ ၃၅၁ ယောက်၊ လ.ဝ.က ပေါ့လေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှာ ၉၆ ယောက် ၊ အမျိုးသားစီမံကိန်းနဲ့ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှာ ၅၅ ယောက် ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်ြမောင်းဝန်ကြီးဌာနမှာ ၇၁ ယောက် ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှာ ၄၆ ယောက်၊ ဆက်သွယ်ရေးစာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာနမှာ ၅၅ ယောက် ၊ လျှပ်စစ်(၁)မှာ ၄၈ ယောက်၊ လျှပ်စစ်(၂)မှာ ၇၈ ယောက်၊ ဒါအားလုံး ခြုံလိုက်မယ်ဆိုရင် ကျွန်တော်တို့ စောစောက တင်ပြခဲ့တဲ့ ကျောင်းဆင်းကျောင်းသားအားလုံးကို နယ်စပ်ဒေသ သူတို့ရဲ့မူလဒေသ တွေမှာပဲ ကျွန်တော်တို့ အလုပ်အကိုင်ရရှိအောင် တစ်ခါတည်း ဖန်တီးပေးပြီး ခန့်အပ်ခဲ့ပါတယ်။ စောစောကကျွန်တော်တို့ Master ဘွဲ့နဲ့ ပတ်သက်လို့ အနည်းငယ် တင်ပြရ မယ်ဆိုရင် ဝိဇ္ဇာ/သိပ္ပံ အောင်ပြီးသား ကလေးတွေထဲကနေ ပြီးတော့မှ အခုအချိန်မှာဆိုရင် မဟာဝိဇ္ဇာ/မဟာသိပ္ပံ ရရှိတဲ့ ကျောင်းသားဟာ ၁၁၁ ဦး ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ ဒီတိုင်းရင်းသား တွေဟာလည်း ဆင်းရဲနွမ်းပါးတဲ့ တိုင်းရင်းသားတွေပဲဖြစ်ပါတယ်။ အဲဒီတော့ ဒီတိုင်းရင်းသားတွေကို ကျွန်တော်တို့ ဒါ B.A , B.Sc ကနေပြီးတော့ Master ဘွဲ့ရအောင် သင်ပေးသလို တစ်ဘက်ကလည်းပဲ အင်ဂျင်နီယာဘွဲ့ရအောင် ကျွန်တော်တို့ အခုဆိုရင် B,Tech ၁၃၆ ဦး ၊ B.E ၃၄ ဦး၊ M.E ၁၆ ဦး ၊ Ph.D တက်ဖို့အတွက် နှစ်ယောက်၊ နိုင်ငံတော်စရိတ်နဲ့ပဲ သူတို့ကို တစ်ဆင့်ပြီးတစ်ဆင့် တက်လာအောင် ကျွန်တော်တို့ သင်ကြားပေးခြင်း ဖြစ်ပါတယ်။အလားတူပဲ ကျွန်တော်တို့ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား/ တိုင်းရင်းသူ အမျိုးသမီးငယ်လေးတွေနဲ့ ပတ်သက်လို့လည်းပဲ အိမ်တွင်းမှု အတတ်ပညာ တတ်ခြင်းအားဖြင့် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း ဆောင်ရွက်နိုင်အောင် နယ်စပ်မှာရှိတဲ့ တိုင်းရင်းသူလေးတွေကိုလည်းပဲ အိမ်တွင်းမှု အတတ်ပညာကို ကျွန်တော်တို့ ကျောင်းတွေကို ဖွင့်လှစ်ပြီးတော့မှ သင်ကြား ပေးလျက်ရှိပါတယ်။ ဒါ အိမ်တွင်းမှုကျောင်း အားလုံး စုစုပေါင်း တစ်နိုင်ငံလုံးမှာ ၃၉ ကျောင်း ဖွင့်လှစ်ပြီးတော့မှ ဒီကျောင်းတွေမှာ ကျွန်တော်တို့ အိမ်တွင်းမှု အတတ်ပညာကို အခမဲ့သင်ပေးပြီးတော့မှ မိမိတို့ကိုယ်တိုင် အသက်မွေးဝမ်းကျောင်း ပြုလုပ် နိုင်အောင် အမျိုးသမီးငယ်လေးတွေကို မြေတောင်မြှောက်ပေးခဲ့ပါတယ်။ ဒီ ကျောင်းတွေကို ကြည့်မယ်ဆိုရင် ကချင်ပြည်နယ်မှာ ပူတာအို၊ ဗန်းမော်၊ ဒွန်ဘန်၊ ဒေါ့ဖုန်းယန် ဆိုပြီးတော့ လေးကျောင်း ဖွင့်ထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဆိုရင် မူဆယ်၊ လားရှိုး၊ လောက်ကိုင်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာဆိုရင် ကျိုင်းတုံ၊ မိုင်းဆတ် ၊ တာချီလိတ်၊ ကယားပြည်နယ်မှာဆို လွိုင်ကော်၊ ကရင်ပြည်နယ်မှာဆိုရင် ဘားအံ ၊ မြဝတီ ၊ မြိုင်ကြီးငူ ၊ ထို့ကော်ကိုး၊ မွန်ပြည်နယ်မှာဆိုရင် မုဒုံနဲ့ရေး၊ တနင်္သာရီတိုင်းမှာဆိုရင် မြိတ်နဲ့ ကော့သောင်း၊ ရခိုင်ပြည်နယ်မှာဆိုရင် မောင်တော ၊ ချင်းပြည်နယ် မှာဆိုရင် ခြောက်ကျောင်းရှိပါတယ်။ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မှာ ဖွင့်ထားပါတယ်။ နောက်ပြီးတော့မှ ဆင်းရဲနွမ်းပါးတဲ့ တိုင်းရင်းသူလေးတွေကို သင်ကြားနိုင်ဖို့အတွက် ပခုက္ကူ ၊ ရေစကြို ၊ မြိုင်၊ ပေါက် ၊ ဆိပ်ဖြူ မှာလည်း ဖွင့်ပေးထားပါတယ်။ နောက်တစ်ခါ စစ်ကိုင်းတိုင်းမှာဆိုရင်လည်းပဲ ယင်းမာပင် ၊ ပုလဲ ၊ ဆားလင်းကြီး ၊ လေရှီး ၊ လဟယ်၊ နန်းယွန်း၊ ခန္တီးမြို့တွေမှာလည်း ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီလိုဖွင့်လှစ် ပေးနိုင်ခဲ့တဲ့အရေအတွက်ကို ကြည့်မယ် ဆိုရင် ကျွန်တော်တို့ အမျိုးသမီး အိမ်တွင်းမှုသင်တန်းကျောင်း စတင်ဖွင့်လှစ်ခဲ့တဲ့ ၁၉၉၂ ခုနှစ် ကနေပြီးတော့ ဒီနေ့အထိ အမျိုးသမီးအိမ်တွင်းမှုသင်တန်း လုပ်ငန်း ပညာသင်ကျောင်း ကနေပြီးတော့ သင်တန်းအောင်မြင်ခဲ့တဲ့ သူ စုစုပေါင်း ၃၈၄၈၉ ဦး ရှိခဲ့ပြီးတော့ သင်ကြားတဲ့ ပညာရပ်တွေနဲ့ မိမိတို့အသက်မွေးဝမ်းကြောင်း လုပ်နိုင်အောင်လည်းပဲ ကျွန်တော်တို့ ဝန်ကြီးဌာနက ကူညီ ဆောင်ရွက်ပေးပြီး ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ စောစောက နယ်စပ်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း အဲဒီမှာ တစ်ခါ ထပ်ပြီးတော့မှ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လူငယ်လေးတွေရဲ့ ဘဝမြင့်မားရေး၊ နောက်တစ်ခါ ထပ်ပြီးတော့မှ တိုင်းရင်းသူ အမျိုးသမီးငယ်လေးတွေရဲ့ မိမိတို့ ကိုယ်တိုင် အသက်မွေးဝမ်းကျောင်းပညာနဲ့ ရပ်တည်နိုင်ရေး အတွက်ကိုလည်းပဲ ဘက်ပေါင်းစုံ ကနေပြီးတော့ နိုင်ငံတော်က ကူညီ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒါကြောင့် စောစောက ပြောပြတဲ့အချက်ကို ကြည့်ခြင်းအားဖြင့် ၊ ရှင်းလင်းပြတဲ့အချက်တွေကို ကြည့်ခြင်းအားဖြင့် တိုးတက်ဖွံ့ဖြိုးမှု နည်းပါးတဲ့ တိုင်းရင်းသားများ နေထိုင်ရာဒေသအတွက် ကူညီ ဆောင်ရွက်ပေးရန် မည်သည့်အစီအစဉ်ရှိပါသလဲ ဆိုတဲ့ မေးခွန်းဟာ ကျွန်တော် ရှင်းပြချက်နဲ့ ပတ်သက်လို့ အားလုံးဟာ ဖြေပြီးဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဆောင်ရွက်ချက်ဟာ ဒီစီမံကိန်းတွေမှာ ဘယ်လောက်ထိ အလေးအနက်ထား ဆောင်ရွက်ခဲ့တယ်ဆိုတာကို နည်းနည်းအသေးစိတ် သိအောင်လည်းပဲ ရှင်းပြ ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ တိုးတက်ဖွံ့ဖြိုးမှု နှေးကွေးနေလျက်ရှိတဲ့ တိုင်းရင်းသားလူမျိုး သို့မဟုတ် ဒေသများကို နိုင်ငံတော်မှ လေ့လာစုံစမ်းရေး အဖွဲ့ စေလွှတ်ပြီးတော့မှ တိုင်းရင်းသား လူမျိုးများ သို့မဟုတ် နယ်မြေဒေသဖွံ့ဖြိုးရေးအတွက်ကို ဦးစားပေးဆောင်ရွက်နိုင်မလားဆိုတဲ့ မေးခွန်းဟာ ကျွန်တော်တို့နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ သက်ဆိုင်ရာဒေသကော်မတီက နေပြီးတော့မြို့နယ်အဆင့်ထိ၊ မြို့နယ်အဆင့် လုပ်ငန်းကော်မတီများကို ဖွဲ့ပြီးတော့မှ အဆင့်ဆင့် ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် အခုအချိန်မှာလည်းပဲ နယ်စပ်ဒေသအားလုံးဟာ ယခင်နဲ့မတူ၊ ၈၈ မတိုင်ခင်နဲ့မတူ အများကြီး တိုးတက်ပြောင်းလဲပြီးတော့မှ နိုင်ငံတကာကနေ အံ့သြလောက်ဖွယ် ဖွံ့ဖြိုးတိုးတက်နေတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စုံစမ်းရေးအဖွဲ့ လွှတ်စရာမလိုဘဲ မြို့နယ် အဆင့်မှာတင် ကျွန်တော်တို့ကို တင်ပြတာနဲ့ မြို့နယ်ကနေ ခရိုင်၊ ခရိုင်ကနေတိုင်း၊ တိုင်းကနေ ပြီးတော့မှ ကျွန်တော်တို့ ဗဟိုဟာ ချက်ချင်းသိပြီးတော့မှ ဒီလုပ်ငန်းတွေကို အချိန်မီ၊ အချိန်နဲ့ တစ်ပြေးညီဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်တွေကို ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
