ကချင်ပြည်နယ်၊ မချမ်းဘော မြို့နယ်ရှိ ထာခချောင်းရေတံခွန်မှ ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရန် သက်ဆိုင်ရာမှ ကွင်းဆင်းတိုင်းတာမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်ကို လေ့လာတွေ့ရှိရပါတယ်။ အဲဒါကြောင့် (က) အဆိုပါ ထာခချောင်း ရေတံခွန်မှ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ရည်ရွယ်ချက်ရှိ ပါသလား။ (ခ)ရှိပါက မည်သည့်အချိန် လုပ်ငန်းစတင်နိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ကချင်ပြည်နယ် မချမ်းဘော မြို့နယ်ရှိ ထာခချောင်း ရေတံခွန်မှ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန် သက်ဆိုင်ရာမှ ကွင်းဆင်း တိုင်းတာမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်ကို လေ့လာသိရှိပါတယ်။ အဆိုပါ ထာခချောင်း ရေတံခွန်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ရည်ရွယ်ချက်ရှိပါသလား။ ရှိပါက မည်သည့်အချိန် လုပ်ငန်း စတင်နိုင်မည်နည်း ဆိုပြီးဖြစ်ပါတယ်။ မေးခွန်းနဲ့ပတ်သက်ပြီးတော့ ရေအားလျှပ်စစ်စီမံကိန်း များရဲ့ လုပ်ငန်းအစီအစဉ် ဆောင်ရွက်မှုနဲ့ နည်းပညာသဘောသဘာဝကို ကျွန်တော် ဦးစွာရှင်းလင်း တင်ပြပေးပါမယ်။ ရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပထမဦးစွာ နိုင်ငံတော် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ကို တင်ပြပြီးတော့ ဆောင်ရွက်ခွင့် ခွင့်ပြုချက် ရယူရပါတယ်။ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ရဲ့ အတည်ပြုချက် ၊ ခွင့်ပြုချက်ရပြီး ပြီဆိုရင်စီမံကိန်းလုပ်ဖို့အတွက် ဖြစ်နိုင်စွမ်းရှိမရှိ ပဏာမစူးစမ်းလေ့လာမှု၊ တိုင်းတာမှုများ ပြုလုပ် ရပါတယ်။ ပဏာမစူးစမ်းလေ့လာများမှုလုပ်တဲ့အခါမှာ စီမံကိန်းလုပ်မယ့် မြစ် သို့မဟုတ် ချောင်း တစ်လျှောက်မှာ တစ်နှစ်ပတ်လုံးရွာသွန်းတဲ့ မိုးရေချိန်ပမာဏ၊ အဲဒီချောင်းထဲကို အဲဒီမြစ်ထဲကို တစ်နှစ်ပတ်လုံး စီးဝင်တဲ့ရေပမာဏ၊ ဘူမိဗေဒ အနေအထားများ၊ စီမံကိန်း လုပ်နိုင်တဲ့ နေရာတွေ မည်မျှရှိသည်၊ စီမံကိန်းလုပ်နိုင်မယ့်နေရာ မြစ် သို့မဟုတ် ချောင်းရဲ့ အထက်ပိုင်းဒေသ up stream နေရာများ၊ အောက်ပိုင်းဒေသ down Stream နေရာတွေမှာ စီမံကိန်းကြောင့် ဖြစ်ပေါ် ပြောင်းလဲနိုင်သော သဘာဝပတ်ဝန်းကျင် အခြေအနေတို့ကို အချိန်ယူ ပြီးတော့ အသေးစိတ်လေ့လာ ရပါတယ်။ အဲဒါကို မြစ်ဝှမ်းတစ်လျှောက် လေ့လာခြင်း၊ Basin study လို့ခေါ်ဆိုသတ်မှတ်ပါတယ်။ သာမန်အားဖြင့် အဲဒီပဏာမ စူးစမ်းလေ့လာမှု ပြုဖို့အတွက် အချိန် ၁၈ လခန့် လိုအပ်ပါတယ်။ ပဏာမစူးစမ်းလေ့လာမှုများ ပြုလုပ်ပြီးတဲ့အခါမှာ ရရှိလာတဲ့ အစီရင်ခံစာပေါ်မှာ မူတည်ပြီးတော့ အသေးစိတ်စူးစမ်းလေ့လာမှု ထပ်မံပြုလုပ်ရပါတယ်။ တစ်ခါတစ်ရံမှာ ပဏာမ စူးစမ်းလေ့လာမှု ပြုလုပ်တဲ့အခါမှာ စီမံကိန်းဆောင်ရွက်နိုင်တဲ့နေရာ ၃ နေရာ၊ ၄ နေရာ စသည်ဖြင့် ရရှိတတ်ပါတယ်။ အဲဒီအထဲက အကောင်းဆုံး၊ အသင့်လျော်ဆုံးနေရာကို ရွေးချယ်ပြီးတော့ အသေးစိတ်ထပ်မံ စူးစမ်းလေ့လာတိုင်းတာပြီး တည်ဆောက်မယ့် အသေးစိတ် ပုံစံဒီဇိုင်း တစ်ခုရရှိတဲ့အထိ လေ့လာဆောင်ရွက်ရပါတယ်။ သာမန်အားဖြင့် အဲဒီအသေးစိတ် ဒီဇိုင်းရသည်အထိ စူးစမ်းလေ့လာမှု အတွက် အချိန် ၁၂ လခန့် လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ရေအားလျှပ်စစ် စီမံကိန်းတစ်ခုဆွဲရန် ဖြစ်နိုင်မဖြစ်နိုင်၊ ဖြစ်နိုင်စွမ်း ဖြစ်နိုင်ချေရှိမရှိ စူးစမ်းလေ့လာအတည်ပြု ဒီဇိုင်းပုံစံထုတ်လုပ်နိုင်တဲ့အထိ အချိန်ကာလ လပေါင်း ၃၀ ခန့်ကြာမြင့်ပါတယ်။ ဖြစ်နိုင်စွမ်းရှိသည်ဟု ဆိုပြီးတော့ သေချာတဲ့နေရာ တစ်ခုရရှိပြီဆိုရင် အဲဒီနေရာမှာ လျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်မယ်ဆိုရင် စီမံကိန်းရဲ့ ပမာဏ အကြီး၊အသေးပေါ်မူတည်ပြီးတော့ တည်ဆောက်ချိန်က နှစ်ကာလအားဖြင့် သုံးနှစ်မှ ၁၀ နှစ် အထိ အချိန်ယူတည်ဆောက်ရပါတယ်။ဆိုလိုတာကတော့ ရေအားလျှပ်စစ်စီမံကိန်းတစ်ခု စူးစမ်းလေ့လာရန် ၊ အကောင်အထည်ဖော်ရန်အတွက်၊ တည်ဆောက်ရန်အတွက် အချိန်ကာလ များစွာလိုအပ်ကြောင်း တင်ပြလိုခြင်းဖြစ်ပါတယ်။ နိုင်ငံတော်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ အသေးစားရေအားလျှပ်စစ် စီမံကိန်းနဲ့ ဓာတ်အားပေးစက်ရုံများ ၃၃ ခုရှိပါတယ်။ အလတ်စားနဲ့ အကြီးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနဲ့ ကျောက်မီးသွေး သဘာ၀ ဓာတ်ငွေ့သုံးတဲ့ စက်ရုံပေါင်း အားလုံးပေါင်း ၃၂ ခုရှိပါတယ်။ နိုင်ငံတော်မှာ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်ပေး နိုင်ဖို့ရည်ရွယ်ပြီးတော့ ၂၀၀၁ခုနှစ်က စပြီးတော့ နှစ် ၃၀ လျှပ်စစ် မဟာဗျူဟာနှစ်ရှည်စီမံကိန်းရေးဆွဲပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို စီမံကိန်းများကိုရေးဆွဲ အကောင်အထည်ဖော်တဲ့ နေရာမှာ ဝန်ကြီးဌာနကိုယ်တိုင်ဆောင်ရွက်တဲ့ နည်းလမ်း၊ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပေးသောနည်းလမ်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီးတော့ ဆောင်ရွက် သော နည်းလမ်းဆိုပြီးတော့ နည်းလမ်း သုံးခုနဲ့ ဆောင်ရွက် လျက်ရှိပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ စောစောက ကနဦးက တင်ပြခဲ့တဲ့ ရေအားလျှပ်စစ် စီမံကိန်းများရဲ့ လုပ်ငန်းအစီအစဉ်အတိုင်း ဆောင်ရွက်လျက်ရှိပြီးတော့ ယနေ့နိုင်ငံတော်မှာ တည်ဆောက်ဆဲနှင့် ဆောင်ရွက်ဆဲ လျှပ်စစ်စီမံကိန်း များ စူးစမ်းလေ့လာ တိုင်းတာဆဲ လျှပ်စစ်စီမံကိန်းများ စုစုပေါင်း ၆၈ ခု ရှိပြီးတော့ အဲဒီစီမံကိန်းတွေ ကနေပြီးတော့ စုစုပေါင်း လျှပ်စစ်စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၄၅၀၀၀ ကျော်လောက် ရရှိမှာဖြစ် ပါတယ်။ ဒါကျွန်တော်စီမံကိန်း တစ်ခုဆောင်ရွက်တဲ့အခါမှာ ဘာတွေလိုအပ်တယ်ဆိုတာ ပဏာမ ဆွေးနွေးတင်ပြခြင်း ဖြစ်ပါတယ်။
ကိုယ်စားလှယ် ဦးအင်ဖုန်ဆန်း မေးတဲ့ မချမ်းဘောမြို့နယ်မှာရှိတဲ့ ထာခချောင်း၊ ရေအား လျှပ်စစ်စီမံကိန်းဟာ နိုင်ငံတော်အထူးစီမံကိန်းများ အကောင်အထည်ဖေါ်ရေးအဖွဲ့က ခွင့်ပြုချက်ရရှိ ပြီးတဲ့စီမံကိန်းဖြစ်ပါတယ်။ စီမံကိန်းတည်ဆောက်ဖို့အတွက် ဖြစ်နိုင်စွမ်းရှိမရှိ စူးစမ်းလေ့လာဆဲကာလ ဖြစ်ပါတယ်။ ထာခချောင်းရေအားလျှပ်စစ်စီမံကိန်းဟာ အသေးစားလျှပ်စစ် စီမံကိန်းအမျိုးအစား ဖြစ်ပါတယ်။ တိုင်းရင်းသားလုပ်ငန်းရှင် ကုမ္ပဏီတစ်ခုမှ အကောင်အထည်ဖေါ်မယ့် စီမံကိန်း ဖြစ်ပါတယ်။ စူးစမ်းလေ့လာမှုကာလပြီးဆုံး၍ လျှပ်စစ်စီမံကိန်းသစ်ဆောင်ရွက်ရန် ဖြစ်နိုင်စွမ်း ရှိတယ်ဆိုရင် ဆက်လက်ဆောင်ရွက်မယ့် အသေးစား ရေအားလျှပ်စစ်စီမံကိန်းဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ လျှပ်စစ်ကဏ္ဍနဲ့ပတ်သက်ပြီးတော့ ၂၀၀၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၈၈ ဇယား ၂ မှာပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစား ရေအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးမှအပ မဟာဓာတ်အားလိုင်းနဲ့ ဆက်သွယ်ခြင်း မရှိသော အလတ်စားနှင့် အသေးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိကြောင်း ဖေါ်ပြ ထားပါတယ်။ ဒါကြောင့်မို့လို့ အခြေခံဥပဒေအရ ဒေသန္တရသုံး အသေးစားလျှပ်စစ်စီမံကိန်းများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲမှုဖြင့် ပုဂ္ဂလိကများ၊ သမဝါယမ အသင်းများကလည်း ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုယ်တိုင် ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖေါ် တည်ဆောက်ပြီးတော့ ကိုယ်တိုင် ဓာတ်အားထုတ်လုပ်ပြီး ဖြန့်ဖြူးရောင်းချခွင့် ရှိကြောင်းကိုလည်း သိရှိနိုင်ရန်ရှင်းလင်းဖြေကြားပါသည်။
