(ဇ)-ကျီရာပြင်ကျေးရွာ၌ ကျေးလက် ကျန်းမာရေးဌာနတစ်ခု ဖွင့်လှစ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၁၀.၇.၂၀၁၂)

မြောက်ဦးမြို့နယ်ရှိ ကျီရာပြင်ကျေးရွာဟာ မြောက်ဦးမြို့မှ မြောက်ဘက် မိုင် ၂၀ နီးပါး ကွာဝေးသော အရပ်တွင် တည်ရှိသည့်ကျေးရွာ ဖြစ်ပါတယ်။ မြို့နဲ့အလွန်ဝေးကွာသော ရွာဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေးကိစ္စနှင့်ပတ်သက်လာလျှင် အခြေခံလူတန်းစားများ ဖြစ်တဲ့ အလုပ်သမား၊ လယ်သမားနှင့် ကျောင်းသူ ကျောင်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အလွန်အားနည်းနေပါသဖြင့် မိုင် ၂၀ နီးပါးကွာဝေးသော မြောက်ဦးမြို့ ပြည်သူ့ဆေးရုံနှင့် ၉ မိုင်ဝေး သော တိမ်ညိုကျေးလက်ကျန်းမာရေးဌာန ဆေးပေးခန်းများသို့ သွားရောက်ဆေးကုသရန် ဆန္ဒရှိကြ ပါသော်လည်း အခြေခံလူတန်းစားအများစုမှာ ကုန်ကျစရိတ် မတတ်နိုင်သဖြင့် အသက်အန္တရာယ် ဆုံးရှုံးရသည်အထိ ကြုံတွေ့ရကြောင်း ကြားသိ နေရပါတယ်။ ယခုအခါ ကျီရာပြင်ကျေးရွာတွင် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာအထက်တန်းကျောင်းခွဲ ဖွင့်လှစ်ထားပြီးဖြစ်၍ ပတ်ဝန်းကျင်    ၁၁ ရွာမှ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားလျက် ရှိနေပါတယ်။ လက်ရှိအခြေအနေတွင် ကျီရာပြင်ကျေးရွာ၌ ကျန်းမာရေးဆရာမ တစ်ဦးတည်းသာရှိသဖြင့် အရေးကြီးသောကျန်းမာရေး ကိစ္စနှင့်ကြုံကြိုက်လာခဲ့ပါလျှင် မည်သို့မျှ မတတ်နိုင်ဘဲ မြိုပေါ်ဆေးရုံနှင့် တိမ်ညိုဆေးခန်းများသို့ စရိတ်ကြီးစွာကုန်ကျခံ၍ သွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူကြရပါသည်။ တစ်ခါတရံ အချိန်ကြန့်ကြာမှုကြောင့် အသက်အန္တရာယ်ဆုံးရှုံးရသည်အထိ ဖြစ်ရပါသည်။ သို့ဖြစ်ပါ၍ ကျီရာပြင် ရွာနှင့် ပတ်ဝန်းကျင်ရွာများရှိ ဆင်းရဲနွမ်းပါးသော အလုပ်သမား၊ လယ်သမားနှင့် ကျောင်းသူ ကျောင်းသားများအတွက် အားထားရာ ကျန်းမာရေးစောင်‌့ရှောက်မှုများ မြှင့်တင်ပေးရန် ကျေးလက် ကျန်းမာရေးဌာနတစ်ခုလိုအပ်နေပြီဟု ဒေသခံများဆန္ဒအရ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် တင်ပြလို ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၂(ဂ)တွင် နိုင်ငံတော်သည် တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည်တို့ပါဝင်သော လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး အတွက် ကူညီဆောင်ရွက်မည်ဟု လည်းကောင်း၊ ပုဒ်မ ၂၈(က)တွင် နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေး တိုးတက်ရေး တို့အတွက် အလေးထားဆောင်ရွက်မည်ဟု လည်းကောင်း ဖော်ပြထားပါသဖြင့် ပတ်ဝန်းကျင်ကျေးရွာ ၁၁ ရွာကို ဗဟိုပြုသော ကျီရာပြင်ကျေးရွာ၌ ကျေးလက် ကျန်းမာရေးဌာနတစ်ခု ဖွင့်လှစ်ပေးခြင်းဖြင့် ကျေးလက် နေအခြေခံလူတန်းစားများနှင့် ကျောင်းသား ကျောင်းသူများကို ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပေးနိုင်မည် ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း လေးစားလိုက်နာရာရောက်မည် ဖြစ်ပါသည်။ ဒါကြောင့် ကျွန်တော် မေးလိုတဲ့မေးခွန်း ကတော့ (၁) မြောက်ဦးမြို့မှ မိုင် ၂၀ နီးပါးဝေးကွာသော ကျီရာပြင်ကျေးရွာ၌ ကျေးလက် ကျန်းမာရေး ဌာနတစ်ခု ဖွင့်လှစ်ပေးရန် ကျန်းမာရေးဝန်ကြီးဌာနမှ အစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိပါက မည်သည့်ခုနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
အဖြေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွန်းသာမှ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ မိုင် ၂၀ နီးပါးကွာဝေးသော ကျီရာပြင်ကျေးရွာ၌ ကျေးလက်ကျန်းမာရေး ဌာနတစ်ခု ဖွင့်လှစ်ပေးရန် မေးခွန်းနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ယခုလက်ရှိ ၂၅ ကုတင်ဆံ့မြို့နယ်ဆေးရုံတစ်ရုံ၊ မြောင်းဘွေတိုက်နယ်ဆေးရုံတစ်ရုံ၊ စုစုပေါင်းဆေးရုံ ၂ ရုံနှင့် ကျေးလက်ကျန်းမာရေးဌာန ၇ ခုတို့နှင့် ဒေသနေပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စီမံကိန်းများလျာထားရေးဆွဲပြီးတော့ ဆေးရုံနှင့်ကျေးလက်ကျန်းမာရေးဌာန အသစ် များကို နှစ်စဉ်ဘဏ္ဍာရေးနှစ်မှာ စိစစ်တိုးချဲ့ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြတဲ့ မြောက်ဦးမြို့နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုပြည့်စုံစွာရရှိစေရန်အတွက် ကျီရာပြင်ကျေးရွာမှာ ကျေးလက်ကျန်းမာရေးဌာန ဖွင်‌့လှစ်ခွင့်ရရှိရေးကို လိုအပ်တဲ့အချက်အလက်များ ပြုစုပြီးတော့ ယခုနှစ် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်အတွင်းမှာ ဦးစားပေးဖွဲ့စည်းပုံအဆိုပြုချက်များ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။