အချို့သော ကုမ္ပဏီကြီးများက တောင်သူလယ်သမားများ၏ လယ်ယာမြေများကို သိမ်းယူပြီး လျော်ကြေး အသင့်အတင့်သာပေး၍ ကုမ္ပဏီပိုင် လုပ်ငန်းများ ထူထောင်သည့် ဖြစ်စဉ်များတွင် တောင်သူလယ်သမားများမှာ များစွာမကျေမနပ် ဖြစ်နေကြကြောင်းကို ကြားသိနေရပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် လယ်ယာစိုက်ပျိုးရေး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ထိုလယ်သမားကိစ္စများကို ပြေလည်အောင် ကောင်းမွန်စွာဖြေရှင်းပေးနိုင်မှ တောင်သူလယ်သမား များ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါသည်။ ထိုသို့သော မကျေမနပ် ဖြစ်ပွားရခြင်း များအပြင် တောင်သူလယ်သမားများ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ကြရာတွင် ပြင်ပမှ အတိုးကြီးကြီးဖြင့် ငွေချေးယူ သုံးစွဲနေကြရခြင်းမှာ လယ်လုပ်သူတိုင်း လယ်လုပ်ပိုင်ခွင့် သာရှိပြီး၊ လယ်လုပ်သူတိုင်း လယ်ပိုင်ခွင့်(တနည်းအားဖြင့် မိမိပိုင်လယ်ယာြမေကို ပေါင်နှံလွှဲပြောင်း ရောင်းချခွင့်) မရှိသော ဥပဒေကြောင့် ဖြစ်ပါသည်။
အထက်ဖော်ပြပါ ကိစ္စရပ်များ မပေါ်ပေါက်စေရန် အနာဂတ်ကာလ အစိုးရက ဥပဒေ ပြဋ္ဌာန်း၍ လယ်သမားများ၏ လယ်ယာမြေ ပိုင်ဆိုင်ခွင့်ကို အာမခံချက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါသည်။
ကျွန်တော့်မေးခွန်းကို ပိုမိုရှင်းရှင်းလင်းလင်း ဖြစ်စေရန် ဒီနေရာမှာ အနည်းငယ် ဖြည့်စွက် ပြောကြားခွင့်ပြုစေလိုပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လယ်သမားအများစုဟာ သူတို့ ပိုင်ဆိုင်တဲ့ အဖိုးတန်ပစ္စည်းဆိုလို့ လယ်ယာမြေကလွဲရင် တခြားဘာမျှမရှိပါ။ ရှေးယခင် ခေတ်များကဆိုလျှင် စိုက်ပျိုးစရိတ်၊ စားစရိတ်များရရှိရန် အတိုးအရင်းများ တစ်ထပ်တိုး၊ နှစ်ထပ်တိုး များနှင့် မတရားငွေညှစ်ယူတဲ့ ချစ်တီးကုလား ငွေရှင်ကြေးရှင်များထံ မိမိပိုင်လယ်ယာမြေကို ပေါင်နှံ ရပါတယ်။ ဒီလို အတိုးကြီးစားစနစ်ကြောင့် လယ်တွေ ယာတွေ ဆုံးရှုံးခဲ့ကြရပြီး လယ်မဲ့ ၊ ယာမဲ့များ ဘ၀ ရောက်ကြရပါတယ်။ ယခုခေတ်မှာတော့ အစိုးရကချေးပေးတဲ့ စိုက်ပျိုးစရိတ်မှာ မလုံလောက်တာ ကြောင့် တစ်နှစ်ကို ၆၀% အတိုးလောက်ရှိတဲ့ အတိုးကြီးကြီးနဲ့ ပြင်ပကချေးငှားလုပ်ကိုင် နေကြရ ပါတယ်။ ဒီအတိုးနှုန်းဟာ တစ်လ ၅ိ/-ကျပ် အတိုးနှုန်း ရှိတာမို့ သူတို့အတွက် အသက်သာဆုံး နှုန်းထားလို့ ြပောနိုင်ပြီး များသောအားဖြင့်ကတော့ ဒီနှုန်းထက် ပိုမိုများပြားနေတာ တွေ့ရပါတယ်။ ဒီလိုနဲ့ သူတို့တစ်နှစ်လုပ်တဲ့ အမြတ်ဟာ သိပ်ပြီးတော့ ခံစားရတယ်လို့ မရှိပါဘူး။ အစိုးရဘဏ်၊ ပုဂ္ဂလိက ဘဏ်ကြီးတွေထံမှာ အတိုးနှုန်းသက်သက်သာသာနှင့် မိမိလိုသမျှငွေကို ချေးငှားသုံးစွဲ လိုပေမယ့် ဘဏ်တွေရဲ့ထုံးစံအတိုင်း အပေါင်ခံပစ္စည်းမရှိလျှင် ငွေမချေးနိုင်တာကြောင့် ဘာမှ မတတ်နိုင်ပါဘူး။ ဥပဒေအရလဲ မြေယာကို ပေါင်နှံခွင့်မရှိပါဘူး။ ဒါကြောင့် အနာဂတ်အစိုးရက လယ်သမားများ ပိုင်ဆိုင်တဲ့ လယ်ယာမြေများကို ဂရန်ကဲ့သို့သော ပိုင်ဆိုင်မှု အထောက်အထားများ ထုတ်ပေးပြီး ၊ ပုဂ္ဂလိက ဘဏ်ကြီးများကလည်း လယ်ယာမြေကို အပေါင်ခံကာ စိုက်ပျိုးရေးမှာ အတိုးနှုန်း သက်သက်သာသာနဲ့ လယ်သမားတွေလိုတဲ့ ငွေကို ပြည့်ပြည့်၀၀ချေးငှား စိုက်ထုတ်ပေးမယ် ဆိုရင်လယ်ယာစိုက်ပျိုးရေးလောကကြီးဟာ ဒီထက်ပိုပြီး ကောင်းကျိုးချမ်းသာများ ရရှိလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီလိုသာ အကျိုးရှိမယ်ဆိုရင် တောင်သူလယ်သမား အများစုဟာ မိမိပိုင်လယ်ယာ မြေကို ရောင်းချစရာမလိုဘဲ လယ်ယာစိုက်ပျိုးရေးကို တစိုက်မတ်မတ် လုပ်သွားမှာ အသေအချာ ဖြစ်ပါတယ်။ အတိုးကြီးစားစနစ်ကို ရှောင်လွဲနိုင်တဲ့အတွက် လယ်ယာမြေများ မတရားအသိမ်းခံရခြင်း ဒုက္ခမှလဲ ကင်းဝေးမှာ အမှန်ဖြစ်ပါတယ်။ ဒါ့အပြင် မိမိပိုင် လယ်ယာမြေကို လုပ်ကိုင်မစားလောက်တာ ကြောင့် ကာလပေါက်ဈေးနဲ့ ရောင်းချပြီး အခြားသော အလုပ်အကိုင်များကို ပြောင်းရွှေ့ လုပ်ကိုင်ချင်တယ်ဆိုရင်လဲ တရားဝင်ပေါက်ဈေးနဲ့ မိမိ ကြိုက်နှစ်သက်သလို ရောင်းချခွင့် ရှိတယ်ဆိုရင် အဲဒီဥပဒေဟာ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို အလေးထားတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး တစ်ရပ်ရဲ့ ဂုဏ်နဲ့ ဒြပ်နဲ့ ကိုက်ညီတဲ့ ဥပဒေတစ်ရပ် ဖြစ်လာလိမ့်မယ်လို့ ယူဆမိတဲ့အတွက် ဒီလို ဥပဒေမျိုးကို အနာဂတ်ကာလအစိုးရက ပြဋ္ဌာန်းပေးရန် ရှိ၊ မရှိ သိလိုပါတယ်ခင်ဗျား။ ကျေးဇူး တင်ပါတယ်။
ရှမ်းပြည်နယ်၊ သီပေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း(ခ) ဦးမင်းထွန်းက အချို့သော ကုမ္ပဏီကြီးများက တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေများကို သိမ်းယူပြီး လျော်ကြေးအသင့်အတင့်သာ ပေးတဲ့အတွက် ဒီဖြစ်စဉ်တွေအပေါ် တောင်သူ လယ်သမား တွေကများစွာ မကျေမနပ် ဖြစ်နေကြကြောင်း ကြားသိရပါတယ်။ ဒီလို မကျေမနပ်ဖြစ်ပွား ရသည့် အပြင် တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ကိုင်တဲ့နေရာမှာ ပြင်ပမှ ငွေချေးယူသုံးစွဲရခြင်း၊ ကုမ္ပဏီပိုင် လုပ်ငန်းများထူထောင်သည့်ဖြစ်စဉ်များတွင် တောင်သူလယ်သမားများမှာ များစွာ မကျေမနပ် ဖြစ်နေကြသည်ကို ကြားသိနေရပါကြောင်း၊ ထိုကဲ့သို့သော မကျေမနပ် ဖြစ်ပွားရခြင်းများ အပြင် တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြရာတွင် ပြင်ပမှ အတိုးကြီးကြီးဖြင့် ငွေချေးယူ သုံးစွဲနေရခြင်းမှာ လယ်လုပ်သူတိုင်း လယ်လုပ်ပိုင်ခွင့်သာ ရှိပြီး၊ လယ်လုပ်သူတိုင်း လယ်ပိုင်ခွင့် (တစ်နည်းအားဖြင့် မိမိပိုင်လယ်ယာမြေကို ပေါင်နှံလွှဲပြောင်း ရောင်းချခွင့်)မရှိတဲ့ ဥပဒေကြောင့် ဖြစ်ပါကြောင်း၊ အထက်ဖော်ပြပါ ကိစ္စရပ်တွေ မပေါ်ပေါက် စေဖို့အတွက် အနာဂတ် ကာလ အစိုးရက ဥပဒေ ပြဋ္ဌာန်း၍ လယ်သမားများ၏ လယ်ယာမြေ ပိုင်ဆိုင်ခွင့်ကို အာမခံချက်ပေးရန် အစီအစဉ် ရှိ မရှိ သိလိုပါကြောင်း မေးမြန်းထားပါတယ်။
ဦးရဲထွန်းရဲ့ မေးခွန်းမှာ ပထမအချက်အနေဖြင့် တောင်သူလယ်သမားတွေရဲ့ လယ်ယာ မြေတွေကို သိမ်းယူပြီး လျော်ကြေးအသင့်အတင့်သာပေးတဲ့အတွက် ဒီလို ကုမ္ပဏီပိုင် လုပ်ငန်းတွေ ထူထောင်သည့်ဖြစ်စဉ်တွေမှာ တောင်သူလယ်သမားတွေကများစွာ မကျေမနပ် ဖြစ်နေ ကြကြောင်း ဖော်ပြမေးမြန်းထားတာတွေ့ရပါတယ်။ ဒီမေးခွန်းနှင့်ပတ်သက်လို့ ဖြေကြားရရင် အခုနက ကျွန်တော် ြဖေကြားတဲ့ အထဲမှာ တစ်ချို့တစ်ဝက်ပါပြီးဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃၈ (၁)မှာ နိုင်ငံတော်သမ္မတဟာ ဒေသတစ်ခုခုတွင် သီးနှံအမျိုးအစား တစ်ခုခုကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် သော်လည်းကောင်း၊ နိုင်ငံတော်အတွက်ဖြစ်စေ၊ တောင်သူ လယ်သမားများအတွက်ဖြစ်စေ၊ အကျိုးဖြစ်ထွန်းစေ မယ်လို့ ထင်မြင်ယူဆလျင်၊ အဆိုပါ သီးနှံအမျိုးအစားကို စိုက်ပျိုးစေရန် သော်လည်း ကောင်း၊ အဆိုပါ နည်းလမ်းအတိုင်း လယ်ယာမြေကို အသုံးချစေရန်သော်လည်းကောင်း၊ သင့်လျော်သည့် ထင်မြင်ချက်အတိုင်း ဆောင်ရွက်နိုင်သည်။ သို့တည်းမဟုတ် ဆောင်ရွက်စေနိုင်သည်ဟူ၍ လည်းကောင်း၊ ယင်းဥပဒေပုဒ်မ ၃၉ မှာ ဤ အက် ဥပဒေပါ အခြားပြဋ္ဌာန်းချက်များတွင် မည်သို့ပင်ပါရှိစေကာမူ နိုင်ငံတော်သမ္မတသည် သို့တည်းမဟုတ် ဤကိစ္စအလို့ငှါ နိုင်ငံတော်သမ္မတက ခန့်အပ်သောအာဏာပိုင်သည် လိုအပ်သည်ဟု ထင်မြင် ယူဆလျှင် မည်သည့်လယ်ယာမြေကိုမဆို မိမိသတ်မှတ်သည့်နည်းလမ်းအတိုင်း အသုံးချရန် ဆင့်ဆို နိုင်သည်ဟု ဖော်ပြထားတာဖြစ်ပါတယ်။ ဒီဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း နိုင်ငံတော်နှင့် အများ ပြည်သူအကျိုးအတွက် အမှန်တကယ် လိုအပ်လာမယ်ဆိုရင် လယ်ယာမြေတွေကို သိမ်းယူမှုများ ရှိနိုင်ပါတယ်။ သာမန်အားဖြင့် တောင်သူတွေလုပ်ကိုင်နေတဲ့ လယ်မြေတွေကို ရှောင်လွှဲပြီးမရတဲ့ အြခေအနေတွေမှအပ သိမ်းယူမှုများမရှိဘူးလို့ဘဲ ကျွန်တော်ပြောကြားလိုပါတယ်။ ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃၉ အရ အခြားနည်း အသုံးပြုရန်ကိစ္စနှင့် စပ်လျဉ်းပြီး ၁၉၈၈ ခုနှစ်၊ စကားရပ်များအစားထိုးခြင်း ဥပဒေနှင့်အညီ နိုင်ငံတော် အကျိုးအတွက် ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေ၊ စီမံကိန်းတွေ ပေါ်ပေါက်လာမယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်က အနည်းဆုံးလိုအပ်တဲ့ မြေဧရိယာကိုသာ သိမ်းယူခြင်းနှင့် ထိုက်သင့်တဲ့ ထောက်ပံ့မှုများပေးနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက် ပေးလျက် ရှိပါတယ်။ ဒါ့ကြောင့် ထူးခြားသော အခြေအနေတွေရှိတယ်ဆိုရင် တိုင်းဒေသကြီး/ပြည်နယ်များမှာ ရှိတဲ့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ ဖြစ်ကြောင်းလည်းပဲ ကျွန်တော် တင်ပြလိုပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေဖြင့်လည်း ညှိနှိုင်းဆောင်ရွက် ပေးသွားမှာ ဖြစ်ကြောင်း တင်ပြ လိုပါတယ်။
နိုင်ငံတော်အနေနဲ့ တောင်သူလယ်သမားတွေရဲ့အကျိုးအတွက် အစဉ်တစိုက် ကာကွယ် ဖော်ဆောင်လျက်ရှိပါတယ်။ မြေမှန်သမျှဟာ နိုင်ငံတော်ကသာ ပိုင်ဆိုင်ပေမယ့် လယ်ယာ လုပ်ငန်းကို လုပ်ကိုင်နေသူ လယ်သမားများ အခွင့်အရေးနှင့် အကျိုးကိုကာကွယ်နေတဲ့အနေဖြင့် ၁၉၆၃ ခုနှစ်၊ သီးစားချထားရေးဥပဒေကို ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေမှာ လုပ်သူ ဟာ မြေလုပ်ပိုင်ခွင့် ရှိသည်။ မိသားစုအတူတကွလုပ်ကိုင်ပါက ဆက်ခံခွင့်ရှိသည်။ သီးစားခကို မည်သူ့ကိုမျှပေးရန် မလိုပါ။ မြေယာစည်းကမ်းမပျက်သရွေ့ ကာလပတ်လုံး လုပ်ကိုင်ခွင့်ရှိသည်လို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ လယ်သမားများလုပ်ကိုင်ခွင့် စည်းကမ်း မပျက်သရွေ့ လယ်မြေကို လုပ်ပိုင်ခွင့် ရှိနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တောင်သူ လယ်သမားအကျိုးအတွက် ပြဋ္ဌာန်းခဲ့တဲ့ ၁၉၆၃ ခုနှစ် ၊ တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်တဲ့ ပုဒ်မ ၃ (၁)မှာ တည်ဆဲ အခြား တရားဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင် ရှိစေကာမူ လယ်မြေကို မသိမ်းဖို့၊ လယ်မြေနဲ့ ပတ်သက်တဲ့ ထွန်ယက်ရေး ကိရိယာတွေ မသိမ်းဖို့ ၊ မလုပ်ရဘူးလို့ မတားဖို့၊ လယ်ယာမြေကို လုပ်နေတဲ့ ကျွဲ၊ နွား ကိရိယာ တန်ဆာပလာကိစ္စနှင့် ပတ်သက်လို့ ဒါတွေ မသိမ်းဖို့ ၊ နောက်တစ်ခါ တောင်သူ လယ်သမား တွေကို ဘယ်လိုအကြောင်းနဲ့မှ ဖမ်းဆီး ချုပ်နှောင်ခြင်း မပြုဖို့ ဆိုပြီးတော့မှ ဒီလို ပြဋ္ဌာန်း ပါရှိတာလည်း ဖြစ်ပါတယ်။ ဒီဖော်ပြပါ ဥပဒေပြဋ္ဌာန်းချက်များအရ တောင်သူလယ်သမားများအနေနဲ့ သူတို့ စိုက်ပျိုးလုပ်ကိုင်နေတဲ့ လယ်ယာမြေတွေကို လုပ်ကိုင်ခွင့် စည်းကမ်းမပျက်သရွေ့ အစဉ်တစိုက် လုပ်ကိုင်ခွင့်ရရှိရေးအတွက် အာမခံချက်ပေးထားပြီး ဖြစ်ပါတယ်။ တကယ်လို့သာ လယ်ယာမြေကို ပေါင်နှံခွင့်၊ လွှဲပြောင်းခွင့်၊ ရောင်းချခွင့်ရှိ လာမယ်ဆိုရင် အကြွေးနဲ့လည်း သိမ်းယူပိုင်ခွင့်ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လယ်သမားများ လုပ်ပိုင်ခွင့်ရှိတဲ့ အဖိုးတန်လယ်မြေတွေဟာ ဆုံးရှုံးလာမယ့် အခြေအနေမျိုးတွေကို ကျရောက် လာမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ကိုင်တဲ့အချိန်မှာ ပြင်ပက အတိုးကြီးကြီးနဲ့ ငွေချေးယူ သုံးစွဲနေရတဲ့ လယ်သမားတွေကို အထောက်အကူပြုဖို့အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်က နှစ်စဉ်ထုတ်ချေး ပေးလျက်ရှိပါ တယ်။ တောင်သူတွေ လိုအပ်ချက် ပေါ်မူတည်ပြီး နှစ်စဉ်ချေးငွေတွေ ကိုလည်းပဲ တိုးတက်ဆောင်ရွက် ပေးလျက်ရှိပါတယ်။ တချို့သော သီးနှံတွေအတွက် ကြိုတင် ဝယ်ယူငွေတွေထုတ်ပေးပြီး စိုက်စရိတ် အတွက် အသုံးပြုနိုင်အောင်လည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအပြင် သမဝါယမ ဝန်ကြီးဌာနကလည်း စိုက်စရိတ်ချေးငွေတွေ ရရှိရေးအတွက် ပေါင်းစပ် ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် သီးနှံအထူးပြု အဖွဲ့တွေကို ဖွဲ့စည်း၍ လည်းကောင်း၊ အကျိုးလိုလားသူလုပ်ငန်းရှင် တွေကို စုစည်း၍သော်လည်းကောင်း၊ စိုက်စရိတ် အတွက် အထောက်အကူပြုနိုင်ရေးအတွက်လည်း ဆောင်ရွက်နေပါတယ်။ နောင်မှာတော့ တောင်သူ လယ်သမားတွေ ကိုယ်တိုင် ထည့်ဝင်စုဆောင်းငွေ တွေနဲ့ စိုက်စရိတ်တွေကို အထောက်အကူ ပြုနိုင်ရေး အတွက်လည်း ဆောင်ရွက်ဖို့ ကြိုးပမ်းသွားကြမှာ ဖြစ်ပါတယ်။ ကျေးလက်နေ တောင်သူအများစုဟာ အခြားလိုအပ်ချက်တွေကြောင့် အတိုးကြီးကြီးနဲ့ ချေးငွေကို ပြင်ပက ရယူ သုံးစွဲနေတာတွေလည်းရှိနိုင် ပါတယ်။ လယ်ယာမြေတွေကို ပိုင်ဆိုင်မှုအနေနဲ့ အသုံးချပြီး လွှဲပြောင်း၊ ပေါင်နှံ၊ ရောင်းချခွင့်ပြုခဲ့ ခြင်းကြောင့် ငွေရှင်ကြေးရှင်၊ လူနည်းစု လက်ထဲကို လယ်ယာြမေတွေ ရောက်ရှိသွားပြီး အများစု ဖြစ်တဲ့ တောင်သူလယ်သမားတွေမှာ မြေမဲ့၊ ယာမဲ့ ဘဝတွေကို ရောက်ရှိခဲ့ဘူးတဲ့သာဓကတွေ မြန်မာပြည်မှာ ဖြစ်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုအဖြစ်မျိုးတွေ နောက်ထပ်ရှိမလာစေဖို့ တည်ဆဲဥပဒေ၊ နည်းဥပဒေ တွေက လယ်ယာမြေတွေကို နိုင်ငံတော်ကအမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ကြတဲ့ တောင်သူလယ်သမား တွေကိုသာ မြေယာချထားလုပ်ပိုင်ခွင့်တွေ ပေးအပ်ထားပြီး၊ တောင်သူ လယ်သမားတွေ ဘက်ကအကာအကွယ်ပေးထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် တောင်သူများအကျိုးအတွက် တည်ဆဲ မြေယာဥပဒေများအရ ဆက်လက်ကျင့်သုံး ဆောင်ရွက်ခြင်းကသာ လက်ရှိ အခြေ အနေမှာ အသင့်တော်ဆုံး ဖြစ်ကြောင်း ဖြေကြားပါသည်။
