(ခ)တောင်သူလယ်သမား အခွင့်အရေး နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ (၉-၃-၂၀၁၁)

ရှေးယခင် ခေတ်အဆက်ဆက်က မြေယာပိုင်ဆိုင်ခွင့် အမျိုးမျိုးရှိခဲ့သော်လည်း နိုင်ငံတော်က သာလျှင် ပိုင်ရှင်ဖြစ်သည်ဟု အ‌ြခေခံမူဝါဒချမှတ်ခြင်းပြုလုပ်ပြီး ထိုမှတဆင့် လက်ရှိ လယ်လုပ်သူ မူရင်းလက်ငုတ်ဖြစ်ကြသော တောင်သူလယ်သမားများသာ လယ်ယာမြေ လုပ်ပိုင်ခွင့် ရှိစေရမည် ဟူသော  ဦးတည်ချက်ဖြင့် သီးစားချထားရေး ဥပဒေကို ၁၉၆၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါတယ်။ ဦးခွေးနှင့် ကိုရေး ပါ ၂ ၊ ၁၉၅၆ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၉ တွင် ပင်မကျင့်ထုံး ဥပဒေကလည်း တောင်သူလယ်သမားများကို အတော်အသင့် ကာကွယ်ပေးထားပြီးဖြစ်ပါတယ်။ ထိုအခွင့်အရေးများ နှင့် မလုံလောက်သေးဟု ယူဆသဖြင့် တော်လှန်ရေးအစိုးရက တောင်သူ လယ်သမား အခွင်‌့အရေး ကာကွယ်ရေးဥပဒေကို ၁၉၆၃ ခုနှစ် တွင် ဖြည့်စွက် ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ယင်း ဥပဒေ၌ တစ်ဖက်တွင် တောင်သူလယ်သမားများနှင့် တစ်ဖက်တွင် ‌မြေရှင်၊ ငွေရှင်တို့ ဖြစ်ပွား ကြသော တင်ပြမှုများနှင့် အဓိကအားဖြင့် သက်ဆိုင်ပါတယ်။ ဥပဒေ၏ ရည်ရွယ်ချက် အနှစ်သာရ မှာလည်း တောင်သူ လယ်သမား အချင်းချင်း ရိုင်းပင်းကူညီ၍ စည်းလုံးကြခြင်းလည်း ပါဝင်ပါတယ်။ တောင်သူ လယ်သမားတို့၏ အကျိုးကို ရည်စူး၍ ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်၍ လွန်ခဲ့သော နှစ်ပေါင်း များစွာကပင် တောင်သူလယ်သမား အကျိုးကို ထိုဥပဒေများက ကာကွယ် စောင့်ရှောက်ပေးခဲ့သဖြင့် တောင်သူလယ်သမားများစွာ စိတ်ချမ်းမြေ့ခဲ့ရပြီး ဥပဒေ၏ အကာအကွယ်ဖြင့် တောင်သူလယ်သမား များ လူမှုဘဝလုံခြုံမှု ရှိသည်ဟု ကျေနပ်ခံစားမိခဲ့ကြပါသည်။ သို့သော် လွန်ခဲ့သောနှစ်အနည်းငယ်က နာဂစ်မုန်တိုင်း ဝင်ရောက်သဖြင့် ပျက်စီးသွားသော စီးပွားရေးနှင့် ရာသီဥတု ဖောက်ပြန်မှုကြောင့် သီးနှံမဖြစ်ထွန်းခဲ့ရသည့် ဆင်းရဲမွဲတေမှုဒဏ်ကို တောင်သူလယ်သမားများ ခါးစည်းခံခဲ့ရပါသည်။ ထို့ပြင် တောင်သူတို့၏ လယ်ယာမြေများကို လျော်ကြေးငွေ အနည်းငယ်ဖြင့် ဇွတ်သိမ်းယူခြင်း၊ အတင်းအကြပ် လက်မှတ်ထိုးခိုင်းပြီး အရင်းရှင်များ၏ စက်ရုံတည်ဆောက်ရန် သိမ်းယူခြင်း၊ ၎င်းတို့၏ လယ်ယာမြေစီမံကိန်းကြီးများ အကောင်အထည် ဖော်ရန်၊ လယ်ယာစီးပွားဘက်စုံ သီးနှံ နှစ်ရှည်ပင် စီမံကိန်းများ အကောင်အထည်ဖော်ရန် သိမ်းယူခြင်း စသည်တို့ကြောင့် တောင်သူလယ်သမားများ လယ်မဲ့၊ ယာမဲ့ ဆောက်တည်ရာ မရဖြစ်နေကြသည်ကို တွေ့မြင်ကြားသိနေရသဖြင့် စိတ်ချမ်းမြေ့ မှုမရှိပါ။ ကိုယ်တိုင် ခံစားနေရသူ တောင်သူ လယ်သမားများအတွက်မူ ဆိုဖွယ်ရာမရှိပါ။

ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်အသီးသီးနှင့် ပြည်သူတို့ ရွေးချယ်ခဲ့ ကြ‌သော ပြည်သူ့ကိုယ်စားလှယ်၊ ကိုယ်စား ပြောကြားပေးမည့်   လွှတ်တော်ကိုယ်စားလှယ်များလည်း  ရှိနေပါသည်။ ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်သော ပြည်သူကိုအကာအကွယ်ပေးမည့် အစိုးရ တစ်ရပ်လည်း‌ ပေါ်ပေါက်လာပြီ ဖြစ်ပါသည်။ ပြည်သူများက ပြည်သူတို့တင်မြှောက်သော အစိုးရအပေါ် ယုံကြည်ကိုးစား အားထားလျက်ရှိနေပါသည်။ ထို့ကြောင့် အောက်ပါ မေးခွန်းကို ဝန်ကြီးမှ တဆင့် ဖြေကြားပေးစေလိုပါသည်ခင်ဗျား။

အထက်တွင် တင်ပြခဲ့သည့်အတိုင်း တောင်သူလယ်သမားများ၏ နစ်နာဆုံးရှုံးမှု ဖြစ်စဉ်များကို ဝန်ကြီး အနေဖြင့် သိရှိပြီးဖြစ်ပါသည်။ ထိုကဲ့သို့ တောင်သူလယ်သမားများ၏ နစ်နာဆုံးရှုံးမှု ဖြစ်ရပ်ဖြစ်စဉ်များကို ၁၉၆၃ ခုနှစ် ၊  တောင်သူလယ်သမားအခွင့်အရေး ကာကွယ်သည့်ဥပဒေ ၊   ၁၉၆၃ ခုနှစ်၊ သီးစား ချထားရေးဥပဒေ၊အခြားသက်ဆိုင်သောလုပ်ထုံးလုပ်နည်း၊ ထုတ်ပြန်ထားပြီးသော ညွှန်ကြားချက်၊ အမိန့်စသည်တို့နှင့်အညီ ကိုင်တွယ်ဖြေရှင်း ပေးရန် အစီအစဉ် ရှိ၊ မရှိသိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးဌေးဦး
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဟာ တောင်သူလယ်သမားများရဲ့ အခွင်‌့ အရေးကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက် ပေးလျက်ရှိပြီး  တောင်သူလယ်သမားများရဲ့ အကျိုးစီးပွား တိုးတက်ရေးကို အစဉ်တစိုက်ရှေးရှု ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလိုဆောင်ရွက် ရာမှာလည်း ထုတ်ပြန်ထားပြီးဖြစ်တဲ့ တည်ဆဲ ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ အမိန့်ညွှန်ကြားချက် များနှင့်အညီ လိုက်နာပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃၈(၁)မှာ နိုင်ငံတော် သမ္မတသည် ဒေသတစ်ခုခုတွင် သီးနှံအမျိုးအစား တစ်ခုခုကို စိုက်ပျိုးခြင်းဖြင့်သော်လည်းကောင်း၊ နိုင်ငံတော်အတွက်ဖြစ်စေ၊ တောင်သူလယ်သမားများအတွက်ဖြစ်စေ၊ အကျိုးဖြစ်ထွန်းစေမည်ဟု ထင်မြင်ယူဆလျှင် အဆိုပါ သီးနှံအမျိုးအစားကို စိုက်ပျိုးစေရန်သော်လည်းကောင်း၊ အဆိုပါနည်းလမ်း အတိုင်း လယ်ယာြမေကို အသုံးချရန်သော်လည်းကောင်း၊ သင့်လျော်မည့် ထင်မြင်သည့် အတိုင်း ဆောင်ရွက် နိုင်သည် သို့တည်းမဟုတ် ဆောင်ရွက်စေနိုင်သည်  ဟူ၍လည်းကောင်း ၊ ယင်းအက် ဥပဒေ ပုဒ်မ ၃၉ မှာ ဤ အက်ဥပဒေပါ  အခြားပြဋ္ဌာန်းချက်များတွင်   မည်သို့ပင်   ပါရှိစေကာမူ၊ နိုင်ငံတော်သမ္မတသည် သို့တည်းမဟုတ် ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက ခန့်အပ်သော အာဏာပိုင်သည် လိုအပ်သည်ဟု ထင်မြင်ယူဆလျှင်မည်သည့်လယ်ယာမြေကိုမဆို မိမိသတ်မှတ်သည့် နည်းလမ်းအတိုင်း အသုံးချရန် ဆင့်ဆိုနိုင်သည်  ဟူ၍လည်းကောင်း ဖော်ပြထား ပါသည်။

၁၉၆၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ်(၈)ဖြင့် ၁၉၆၃ ခုနှစ်၊ သီးစားချထားရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ် ။ ယင်းဥပဒေရဲ့ ရည်ရွယ်ချက်မှာ  ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း သီးစားခံယူ လုပ်ကိုင်ရသည့် လယ်ယာမြေမှန်သမျှကို သက်ဆိုင် ရာ ‌မြေရှင်များက သီးစားချထားခြင်းမပြုစေပဲ၊ တော်လှန်ရေးအစိုးရသာလျှင် ဦးစီးကွပ်ကဲ၍ သီးစားချထားရန် ဖြစ်သည် ဟု ဖော်ပြပါရှိပါတယ်။ ဒီဥပဒေအရ တောင်သူလယ်သမားများအနေနဲ့ အောက်ပါ အခွင့်အရေးများ ရရှိမှာဖြစ်ပါတယ်-

(က)    မြေလုပ်သူသာ မြေလုပ်ပိုင်ခွင့်ရှိသည်။

(ခ )    မိသားစု အတူတကွ လုပ်ကိုင်ပါက ဆက်ခံခွင့်ရှိသည်။

(ဂ )    သီးစားခကို မည်သူ့ကိုမှ ပေးရန်မလိုပါ။

(ဃ)    မြေယာ စည်းကမ်း မပျက်သရွေ့ ကာလပတ်လုံး လုပ်ပိုင်ခွင့်ရှိသည်။ ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီ ဥပဒေအရ လယ်ယာမြေလုပ်ကိုင်မှု၊ အငြင်းပွားမှုဆိုင်ရာများ ‌ြဖေရှင်းဆောင်ရွက် နိုင်ရန် အတွက် ၁၉၆၃ ခုနှစ်၊ သီးစားချထားရေး နည်းဥပဒေကို ပြဋ္ဌာန်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၆၃ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၉၁ ဖြင့် ပြဋ္ဌာန်းခဲ့တဲ့ ၁၉၆၃ ခုနှစ်၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်သည့် ဥပဒေပုဒ်မ ၃ (၁)မှာ တည်ဆဲ တရားဥပဒေ တစ်ရပ်တွင် မည်သို့ပါရှိစေကာမူ တရားမရုံး တစ်ခုခု၏ ဒီကရီသို့တည်းမဟုတ် အမိန့်ဖြင့် -

 

(က)    လယ်ယာမြေကိုသော်လည်းကောင်း၊လယ်ယာမြေလုပ်ကိုင်ရာ၌ အသုံးပြုသည့် ကျွဲ၊ နွား

နှင့် ကိရိယာ တန်ဆာပလာ၊ ထွန်စက်နှင့်ကိရိယာ တန်ဆာပလာ၊ အခြား သက်ရှိသက်မဲ့ ကိရိယာ တန်ဆာပလာ များကို သော်လည်းကောင်း ၊ လယ်ယာမြေမှ ထွက်သော ပစ္စည်း များကိုသော်လည်းကောင်း ၊ ဝရမ်းကပ်ခြင်း၊ သိမ်းဆည်းခြင်း မပြုရ ။

(ခ )    လယ်ယာမြေကို မလုပ်ကိုင်ရဟုသော်လည်းကောင်း၊ လယ်ယာမြေထဲသို့ မဝင်ရဟု သော်လည်းကောင်း တားဆီးခြင်းမပြုရ ။

(ဂ )    လယ်ယာမြေကို လုပ်ကိုင်သည့် ကျွဲ ၊ နွား နှင့် ကိရိယာ တန်ဆာပလာ၊ ထွန်စက်နှင့် ကိရိယာ တန်ဆာပလာများကိုသော်လည်းကောင်း၊ အခြားသက်ရှိသက်မဲ့ ကိရိယာ တန်ဆာပလာများကို သော်လည်းကောင်း၊ လယ်မြေမှ ထွက်သော ပစ္စည်းများကို သော်လည်းကောင်း ၊ မရွှေ့မ‌ြပောင်းရဟု သို့တည်းမဟုတ် ရောင်းချသုံးစွဲ ထုခွဲခြင်း မပြုရ ဟု တားဆီးခြင်းမပြုရ ။

(ဃ)    အပိုဒ် (က)၊ (ခ )၊ (ဂ )ပါ ကိစ္စတစ်ခုခုနှင့်စပ်လျဉ်း၍ တောင်သူလယ်သမား တစ်ဦးဦးကို ဖမ်းဆီးချုပ်နှောင်ခြင်း မပြုရဟု ပြဋ္ဌာန်းပါရှိပါတယ်။

လက်ရှိ အ‌ြခေအနေမှာလည်းပဲ ဒီဥပဒေများအတိုင်း လိုက်နာကျင့်သုံးလျက်ရှိပါတယ်။ တောင်သူများ လုပ်ကိုင်နေတဲ့ လယ်မြေများကို သာမန်အားဖြင့် သိမ်းယူမှုများမရှိပါလို့ဘဲ ‌ြဖေကြားလိုပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အကျိုးငှာ ဆောင်ရွက်နေရသော လုပ်ငန်းများ၊ စီမံကိန်းများ ပေါ်ပေါက် လာလို့ရှိရင် အနည်းဆုံးလိုအပ်သော မြေဧရိယာကိုသာ ရယူစေပြီး၊ ဒီ ဧရိယာနှင့် မလွတ်ကင်းတဲ့ လယ်ယာြမေများ ပါရှိလာမယ်ဆိုရင်လည်း ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ (၃၉)အရ အခြားနည်းအသုံးပြုရန် ကိစ္စနှင့်စပ်လျဉ်း၍ ၁၉၈၈ ခုနှစ်၊ စကားရပ်များ အစားထိုးခြင်း ဥပဒေနှင့်အညီ သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းများရဲ့ အစီအစဉ်ဖြင့် သိမ်းယူခဲ့ရတဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။

အခုလို  ဆောင်ရွက်ရာမှာလည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက စိစစ်တင်ပြတဲ့မြေကို  လုပ်ငန်းများအောင်မြင်စွာ အကောင် အထည် ဖော်နိုင်ရန်အတွက် လိုအပ်တဲ့မြေအကျယ်အဝန်းကိုသာ မြေစာရင်းပုံစံ ၁၀၅ ရေးကူးခွင့်ပြုပြီး မူလ လက်ငုတ်လုပ်ကိုင်ခွင့်ရ တောင်သူလယ်သမားများ ပါရှိပါက နစ်နာမှု မရှိစေရေးအတွက် သင့်လျော်တဲ့ ထောက်ပံ့မှုများရရှိစေဖို့ အာဏာပိုင် အဖွဲ့အစည်းများရဲ့ ကြီးကြပ်မှုဖြင့် ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိပါတယ်။

အချို့သော လယ်များသည် လိုအပ်ချက်အရ မြို့ပြစီမံကိန်းများ အကောင်အထည်ဖော်ရန် အတွက် ထိုက်သင့်သော ထောက်ပံ့ကြေးများပေးပြီး သက်ဆိုင်ရာဌာနတွေက သိမ်းယူထားပြီး ဖြစ်ပါတယ်။ သို့သော်လည်းပဲ လုပ်ငန်းအကောင်အထည်ဖော်ရန်  နှောင့်နှေးနေတဲ့  နေရာတွေလည်းပဲ

ပါရှိတာ ဖြစ်ပါတယ်။ စီမံကိန်းဆောင်ရွက်ခြင်း မပြုတဲ့အချိန်မှာ  မြေလွတ်အတိုင်း အလဟဿ ထားမယ့်အစား အောင်မြင်ဖြစ်ထွန်းတဲ့ သီးနှံတွေစိုက်ပျိုးစေခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူများ အတွက် ထိုက်သင့်တဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်သည့်အတွက် ယာယီအားဖြင့် စိုက်ပျိုးခွင့်ရှိသည် များလည်း ရှိပါတယ်။ အချို့သော မြေတွေကို စိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်စေဖို့အတွက် လုပ်ငန်းရှင် တွေကို  ချထားပေးတာတွေလည်း ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ တာဝန်ပေးခြင်း ခံရသော လုပ်ငန်းရှင်တွေ အနေနှင့်ယာယီစိုက်ပျိုးလျက်ရှိတဲ့ တောင်သူများရှိမယ်ဆိုရင် တောင်သူ တွေနဲ့ ညှိနှိုင်း၍ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် အာဏာပိုင်အဖွဲ့အစည်းတွေက ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အလားတူ ဖြစ်စဉ်တွေအပေါ် နယ်မြေဒေသ အသီးသီးအလိုက် သက်ဆိုင်ရာ ဒေသအာဏာပိုင်များက ထုတ်ပြန်ထားတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် တွေနဲ့အညီ တောင်သူများ နစ်နာဆုံးရှုံးမှု မရှိစေရန် ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။