(ဂ)-ရန်ကုန်-နေပြည်တော် အသွားအပြန်လမ်း ယာဉ်တိမ်းမှောက် တိုက်ခိုက်မှု တိုးမြှင့်ဖြစ်ပွား လာသဖြင့် ပြုပြင်ဆောင်ရွက်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၁၀.၇.၂၀၁၂)

ပြည်သူလူထု ကစိုးရိမ်စွာ သွားလာနေရသည်ဟု သတ်မှတ်ထားတဲ့ ရန်ကုန်-နေပြည်တော် အမြန်လမ်းမှာ ယာဉ်တိမ်း မှောက်မှုအန္တရာယ်ကင်းရှင်းစေရေးအတွက် မေးခွန်းမေးမြန်းတာဖြစ်ပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ လွှတ်တော်မှာလည်း ပန်းဘဲတန်းမြို့နယ်က ဦးအောင်ဆန်းမေးပြီးဖြစ်ပါတယ်။ သို့ပါ သော်လည်း လမ်းကြောင်းများရဲ့အခြေအနေ အမှန်တကယ်တိုးတက်မှုမရှိတဲ့အတွက်ကြောင်‌့ ထပ်မံ မေးမြန်းခြင်း ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်လို့ သုံး ကြိမ် တွေ့ဆုံပြီးတော့ ကူညီခဲ့ရဖူးပါတယ်။ ယာဉ်တိမ်းမှောက်မှုမှာ အဓိကအားဖြင့် ယာဉ်ကြောင့်ရယ်၊ ယာဉ်မောင်းရယ်၊ လမ်းရယ်၊ ရာသီဥတုရယ် လေး မျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ယခုတင်ပြမှာကတော့ ယာဉ်နှင့်ယာဉ်မောင်းနဲ့မပတ်သက်ဘဲနဲ့ အစိုးမရတဲ့ ရာသီဥတုကိုလည်း ကျွန်တော်တို့ မတင်ပြတော့ပါဘူး။ အဓိကတင်ပြမှာက လမ်းနဲ့ပတ်သက်လို့ဖြစ်ပါတယ်။ ယနေ့ မိုးရာသီကာလရောက်ရှိလာတဲ့အခါမှာ နေ့အချိန်ထက် ညအချိန်မှာ အန္တရာယ်တွေ့ကြုံရတာ ပိုမို များပြားပါတယ်။ အခက်အခဲတွေကတော့ (၁) တံတားအတက်တွေမှာခင်းထားတဲ့ ကတ္တရာတွေ ယနေ့အပေါက်အပြဲတွေဖြစ်နေပါတယ်။ ညဘက်မှာ ယာဉ်မောင်းသွားရင် ရေလျှံထွက်ပြီးတော့ အလွန် အန္တရာယ်ရှိပါတယ်။ ဒါတွေကို ပြုပြင်ပေးဖို့လိုမယ်လို့ ကျွန်တော်ထင်ပါတယ်။ (၂) အချက်အနေနဲ့ လမ်းတံတားတွေမှာ အလင်းရောင်အလွန်နည်းပါတယ်။ ဆိုလာမီးများကို သုံးထားသော်လည်းပဲ ယနေ့ အချို့ပျက်စီးနေပြီးဖြစ်တဲ့ အတွက်ကြောင့် ညအချိန် ယာဉ်မောင်းများ လွယ်ကူစွာမြင်နိုင်ဖို့အတွက် လုံလောက်တဲ့ အလင်းရောင်ရရှိဖို့လိုမှာဖြစ်ပါတယ်။ (၃) အချက်အနေနဲ့ ချို့ယွင်းပျက်စီးနေတဲ့ လမ်းကြောင်းမှာရှိတဲ့ ရောင်ပြန်အမှတ်အသားတွေ ဖြစ်ပါတယ်။ ဒါတွေဟာ ကျေးရွာလူထုဖျက်စီး တာရော၊ယာဉ်ရဲ့တိုက်ခိုက်မှုကြောင့်ရော ယနေ့အတော်များများ ပျက်စီးနေပါပြီ။ ကျွန်တော်တို့ညအချိန် မောင်းနှင်တဲ့အခါမှာ ရောင်ပြန်တွေကို ကြည့်ပြီးတော့ မောင်းနှင်ရတာဖြစ်တဲ့အတွက် အလွန် အန္တရာယ်များပါတယ်။ ဒါတွေလည်း ကျွန်တော်တို့ အမြန်ဆုံးပြင်ဆင်ပေးနိုင်ဖို့လိုမယ်လို့တင်ပြလို ပါတယ်။ (၄) အချက်အနေနဲ့ ညအချိန် မောင်းနှင်တဲ့အခါမှာ တိရစ္ဆာန်ဖြတ်တာမျိုး အထူးသဖြင့် ကျွဲတွေဖြတ်တဲ့အခါမှာ ယာဉ်ရဲ့မျက်နှာချင်းဆိုင်လာရင်မျက်လုံးမြင်ရလို့ ရှောင်လို့ရပေမယ့် ကျောပေး ပြီးဖြတ်သွားတဲ့ ကျွဲနဲ့တွေ့တဲ့အခါမှာ ယာဉ်တိမ်းမှောက်မှုတွေဖြစ်တာ အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်များဖြတ်သန်းမှုနဲ့ပတ်သက်လို့ ပိုမိုလုံခြုံအောင် တားဆီးပေးနိုင်ဖို့ လိုမှာဖြစ်ပါတယ်။ (၅) အချက်အနေနဲ့ နေ့အချိန်ညအချိန်မှာ ပြောင်းပြန်မောင်းနှင်နေတဲ့ မော်တော် ဆိုင်ကယ်များ ဖြစ်ပါတယ်။ ဒါတွေကို ရှောင်တိမ်းရင်းနဲ့ပဲ အလွန်အန္တရာယ်များတဲ့ အတွက်ကြောင့် ဒါတွေကို တားဆီး ပေးဖို့လိုကြောင်းတွေ့ရပါတယ်။ (၆) အနေနဲ့ ညအချိန်မှာ တစ်ဖက်ယာဉ်ကြောကမောင်းနှင်လာတဲ့ မီးရဲ့အလင်းရောင် မကာကွယ်နိုင်ပါဘူး။ ယနေ့မိုးရာသီမှာ ကျွန်တော်တို့ မောင်းနှင်တဲ့အခါမှာ ညအမှောင်မှာ တစ်ဖက်က မီးအားမြှင့်တဲ့ မီးနဲ့ထိုးတဲ့အခါမှာ ကျွန်တော်တို့ တစ်ဖက်က မောင်းတဲ့အခါ ယာဉ်ကြော ပျောက်ပြီးတော့ တိမ်းမှောက်မှုတွေဖြစ်တာတို့ ဘေးကပလက်ဖောင်းနဲ့တိုက်ပြီးတော့ ယာဉ်တိမ်းမှောက်တာတို့ ထပ်ပြီးတော့ ဖြစ်ပေါ်လာနေပါတယ်။ ဒါကြောင့် ဒီလိုကာလမျိုး မိုးတွင်းမှာ ခလယ်မှာရှိတဲ့ အလယ်ကျွန်းတွေမှာ ကြီးမြန်သစ်ပင်၊ ပန်းအလှပင်တွေကို အမြန်ဆုံးစိုက်ပေးနိုင်မယ် ဆိုရင် တစ်ဖက်ကမီးကို ထိန်းနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒါတွေကို စီမံဆောင်ရွက်ပေးနိုင်ဖို့ဖြစ်ပါ တယ်။ (၇) အနေနဲ့ ယာဉ်တိမ်းမှောက်မှုနဲ့ ယာဉ်မှောက်မှု ဖြစ်ပွားတယ်ဆိုရင်လည်း အချိန်ပိုင်းအတွင်း မှာသိရှိပြီးတော့ အချိန်မီ ဆေးကုသပေးနိုင်မယ် ဆိုရင် အသက်အန္တရာယ် ကင်းမှာဖြစ်ပါတယ်။ ယနေ့ ဖြစ်စဉ်တွေကိုပြန်ကြည့်ရင် တော်တော်များများက ယာဉ်တိမ်းမှောက်ပြီး ၁ နာရီကျော်လောက်မှာ ဆေးကုသမှုပေးနိုင်ပါတယ်။ ဒါကြောင့် ဒါတွေကိုလည်း အစီအမံနဲ့ဆောင်ရွက်ပေးဖို့ လိုမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ပြီးခဲ့တဲ့ လွှတ်တော်အပြီးမှာဖြစ်တဲ့ တံတားနားမှာမှောက်တဲ့အမှုဖြစ်ပါတယ်။ မှောက်တဲ့ကားက အမည်းရောင်ဖြစ်ပါတယ်။ မိုးကလည်း ရွာနေပါတယ်။ ညကလည်း မိုက်ပါတယ်။ အလင်းရောင်ကလည်းမရှိပါဘူး။ ဒီကားကို မမြင်ရတဲ့အတွက်ကြောင့် နောက်ကဝင်လာတဲ့ကားတွေ ထပ်မံပြီးတော့ တိုက်ခိုက်မှုဖြစ်ပွားပါတယ်။ ဒါတွေကိုလည်း ဖြစ်နိုင်မယ် ဆိုရင်တော့ Breake Down ကားတို့အသင့်ထားပြီးတော့ ဆွဲနိုင်ဖို့အတွက်ကို စီမံပေးဖို့ လိုမှာဖြစ်ပါတယ်။ နောက်ဆုံး (၉) အချက် အနေနဲ့တော့ ရန်ကုန်-နေပြည်တော် လမ်းပိုင်းဟာ နေပြည်တော်-မန္တလေးလမ်းနဲ့ ယှဉ်ပြီးတော့ ကြည့်မယ်ဆိုရင် နေပြည်တော်-မန္တလေးလမ်းက အဖြောင့်ဖောက်ထားပြီးတော့ ရန်ကုန်-နေပြည်တော် လမ်းသည် အကွေ့အကောက်တွေများပါတယ်။ ရွာစဉ်တွေ ပိုများပါတယ်။ ဒါကြောင့် ဒီလမ်း နှစ် လမ်း မှာ မန္တလေးဘက်လမ်းမှာတော့ ယာဉ်ကြော နှစ် ခုကို ဖြတ်ပြီးတော့ ဖောက်လုပ်ပေးထားတဲ့ လမ်းတွေ ရှိပါတယ်။ ရန်ကုန်-နေပြည်တော်လမ်းမှာတော့ ဟိုဘက် ဒီဘက်ကူးနိုင်ဖို့အတွက် လမ်းမရှိတဲ့အတွက် ကြောင့် နေ့ညအချိန်တွေမှာ ရွာသားများဟာ မော်တော်ဆိုင်ကယ်များနဲ့ ပလက်ဖောင်းပေါ်ကနေ ရုတ်တရက် ထွက်လာတာတွေရှိပါတယ်။ ဒါတွေကို တားဆီးပေးနိုင်ဖို့လိုမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက် လို့ ကျွန်တော့်အနေနဲ့ မေးမြန်းလိုတဲ့မေးခွန်းကတော့ ရန်ကုန်-နေပြည်တော်အသွားအပြန်လမ်းမှာ လမ်းဖွင်‌့လှစ်ကာစတွင် ယာဉ်တိမ်းမှောက်မှု၊ ယာဉ်တိုက်မှုများဖြစ်ပွား၍ ခရီးသွားလုပ်သားပြည်သူများ အသက်အန္တရာယ် ထိပါးသည်အထိ မကြာခဏတွေ့ကြုံခဲ့ရပြီး နောက်ပိုင်းကာလတွင် လမ်းများ ပြုပြင်ခြင်း၊ ရွာများအနီးတွင် ခြံစည်းရိုးကာရံခြင်း၊ တံတားများတွင် ညအချိန် ဆိုလာမီးများ ထွန်းပေးခြင်းနှင့် လမ်းများပေါ်တွင် ညကြည့်မှန်ကာများ၊ ရောင်ပြန်များ တပ်ဆင်ပေးခြင်းများကြောင့် ယာဉ်တိမ်းမှောက်မှု၊ တိုက်ခိုက်မှု လျော့ပါးခဲ့ပါတယ်။ သို့ပါသော်လည်း ယခုလပိုင်းတွင် တံတားများနှင့် လမ်းပေါ်တွင် ညအချိန်အလင်းရောင် မရှိတော့ဘဲ မှောင်မိုက်နေခြင်း၊ လမ်းများပေါ်တွင် ညကြည့် မှန်ကာများ၊ ရောင်ပြန်များ ပျက်စီးလျော့နည်း လာခြင်း၊ တိရစ္ဆာန်များ စည်းကမ်းမဲ့စွာဖြတ်သန်း သွားလာခြင်းတို့ကြောင့် ယာဉ်တိမ်းမှောက်မှု၊ တိုက်ခိုက်မှုများ တိုးပွားလာသည့်အပြင် ယခုမိုးရာသီ တွင် ပိုမိုအန္တရာယ်ရှိနိုင်တဲ့အတွက်ကြောင့် ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မည်သည့်အချိန်မှာ ပြုပြင်ပေးမည်ကို သိရှိလို၍ မေးမြန်းခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လွင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရန်ကုန်-မန္တလေးလမ်းမကြီးဟာ ၃၆၆ မိုင် ၃ ဖာလုံ ရှည်လျားပါတယ်။ မူလလုပ်ငန်းစီမံချက် Master Plan မှာ  ရှစ် လမ်းသွား ကတ္တရာကွန်ကရစ်လမ်း အဖြစ်တည်ဆောက်ရန် လမ်းဒီဇိုင်းသတ်မှတ်လျာထားခဲ့ပြီး အသက်ကယ်တန်း (Guard Rail) များ၊ ခြံစည်းရိုးများ ကာရံတပ်ဆင်ခြင်းများ ထည့်သွင်းရေးဆွဲကာ အထောက်အကူပြုအားဖြင့် ရပ်နားစခန်း များ Rest  Camp များ၊ CCTV  Camera၊ Telephone  Station များ၊ Work  Shop များ ပြည့်စုံ စွာပါရှိအောင် စီမံကိန်းလျာထားခဲ့ပါတယ်။ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာတဲ့ နေပြည်တော်ကို ရန်ကုန်၊ မန္တလေးမြို့များမှ ဆက်သွယ်မှုများပြားတဲ့အတွက် ပထမအဆင့် လေး လမ်းသွား ကွန်ကရစ်လမ်းကို ရန်ကုန်မှ နေပြည်တော်အပိုင်းအား ၂၀၀၉ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှာ စတင်ဖွင်‌့လှစ်ခဲ့ပါတယ်။ နေပြည်တော်မှ မန္တလေးအပိုင်းကို ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာလည်းကောင်း၊ စကားအင်း-တံတားဦး-တံခွန်တိုင်လမ်းအပိုင်းကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ လည်းကောင်းတိုးချဲ့ဖွင်‌့လှစ်ခဲ့ပါတယ်။ အလျဉ်းသင့်၍ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်များနဲ့ပတ်သက်၍ အနည်းငယ်ရှင်းလင်းတင်ပြသွားပါမယ်။ ဖြစ်စဉ်များနဲ့ ပတ်သက်၍ သုံးသပ်မယ်ဆိုရင် အဓိက သုံး ပိုင်းရှိပါတယ်။ စက်ယာဉ်ရယ်၊ လမ်းရယ်၊ လူရယ်ဖြစ်ပါ တယ်။ စက်ယာဉ်များနှင့် ပတ်သက်ပြီး ယခုကာလမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်လာတဲ့အတွက် စွမ်းအား ကောင်းမွန်တဲ့ယာဉ်များဖြစ်လို့ စက်ယာဉ်ချို့ယွင်းချက်ကြောင့် ဖြစ်ပွားမှုအန္တရာယ် အနည်းငယ်သာ ရှိပါတယ်။ လမ်းနဲ့ပတ်သက်ပြီးတော့လည်း အားနည်းချက်များရှိသော်လည်း အန္တရာယ်ဖြစ်လောက်တဲ့ အားနည်းချက်များ နည်းပါးပါတယ်။ အများအားဖြင့် လူ၏အားနည်းချက်များဖြစ်တဲ့ သတ်မှတ်နှုန်းထက် လွန်ကဲစွာ အရှိန်မြှင့်မောင်းနှင်ခြင်း၊ ယာဉ်ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်း၊ သတိလက်လွတ် မောင်းနှင်ခြင်း ခရီးမိုင်ရှည်လျားတဲ့အတွက် ယာဉ်မောင်းများပင်ပန်းနွမ်းနယ်၍ အိပ်ငိုက်ခြင်းများကြောင့် ယာဉ်တိမ်းမှောက်မှု အန္တရာယ် ကြုံတွေ့နေရခြင်းဖြစ်ပါတယ်။

အမြန်လမ်းမကြီးမှာ ယာဉ်မောင်းနှင်နှုန်းကို အများဆုံး တစ် နာရီမှာ ကီလိုမီတာ ၁၀၀ သို့မဟုတ် မိုင် ၆၀ နှုန်းသတ်မှတ်ထားပါတယ်။ တစ်နည်းအားဖြင့် တစ် မိနစ်မှာ တစ် မိုင်နှုန်းဖြစ် ပါတယ်။ တွက်ချက်မှုအရ တစ် စက္ကန့်မှာ ၈၈ ပေ အကွာအဝေးရောက်ရှိပါတယ်။ တစ်စက္ကန့် မျှလောက် ယာဉ်မောင်းသူ ငိုက်မျဉ်းသွားလျှင်ပင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် အသုံးပြုနေတဲ့ ကားတာယာများဟာလည်း သတ်မှတ် မိုင်နှုန်းအရ၊ သတ်မှတ်လေပေါင်ချိန် အရအသုံးပြုရပါတယ်။ သတ်မှတ်မိုင်နှုန်းထက်ပိုပြီး အချိန်ကြာမြင့်စွာ မောင်းနှင်တဲ့အခါမှာ အပူချိန် မြင့်တက်လာပြီး တာယာများပွင့်ထွက်၍ တိမ်းမှောက်ခြင်းဖြစ်စဉ်များလည်း များစွာ တွေ့ရှိရပါတယ်။ လမ်းမကြီးတစ်လျှောက် လိုအပ်တဲ့နေရာတိုင်းမှာ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ပြီး သတိပေး ဆိုင်းဘုတ်များ လမ်းညွှန်အမှတ်အသားများအတိုင်း သတိပြုမောင်းနှင်ပါက အန္တရာယ် ကင်းရှင်းနိုင်မှာ ဖြစ်ပါတယ်။ ယာဉ်အန္တရာယ် လျော့ပါးရေးအတွက် လိုအပ်တဲ့နေရာတိုင်းမှာ လမ်းညွှန်အမှတ် အသားများ၊ သတိပေးဆိုင်းဘုတ်များစိုက်ထူခြင်း၊ တံတားအဝင်များ၊ လမ်းကွေ့များမှာ ညကြည့် ရောင်ပြန် အမှတ်အသားများကို ယခင်ကတည်းက တပ်ဆင်ထားပြီးတော့ ယခုပျက်ဆီးမှုများလည်း လဲလှယ်လျက် ရှိပါတယ်။ ထို့အတူပဲ ဆိုလာမီးတိုင်များလဲခြင်း၊ လမ်းများကိုပြုပြင်ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပါတယ်။ ကျွဲ၊နွား တိရစ္ဆာန်များ လမ်းမပေါ်မတက်ရေးနဲ့ပတ်သက်ပြီးတော့လည်း လမ်းကင်းများချ၍ ဆောင်ရွက်လျက် ရှိသလို ဒေသခံပြည်သူများကိုလည်း ခရီးသွားများ အန္တရာယ် ကင်းရှင်းစေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်း ပေးနိုင်ပါရန် ပညာပေးစည်းရုံးလျက်ရှိပါတယ်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာအသုံးပြုနိုင်ရေးအတွက် အမြန် လမ်းစည်းကမ်းထိန်းသိမ်းရေးရဲတပ်ဖွဲ့ (Highway Police)မှ စခန်း ၁၂ ခုဖွင်‌့လှစ်ပြီးတော့  လတ်တလောအင်အား ၄၈၀ ဦးဖြင့် အသွားအပြန်လုံခြုံရေးနဲ့ လမ်းစည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိပြီးတော့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှလည်း သူနာပြုယာဉ်ထားရှိပြီးတော့ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ လမ်းအပိုင်းအလိုက် တာဝန်ခံများနှင့်ပူးပေါင်းပြီး အရေးပေါ် ကုသမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် အသက်အန္တရာယ် လျော့ပါးစေရေးအတွက် အသက် ကယ်တန်း (Guard  Rail) များ တပ်ဆင်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် နေရာအလိုက် ဦးစားပေးပြီး တပ်ဆင်သွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။