(က)မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုဒေသအား ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းရေးစာရင်းဝင်ဒေသအဖြစ် သတ်မှတ် နိုင်ရေး နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ (၉-၃-၂၀၁၁)

ရခိုင်ပြည်နယ်၊ မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှုဒေသအား ယူနက်စကို  အသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေး စာရင်းဝင် ဒေသအဖြစ် သတ်မှတ် နိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိမေးမြန်းပါသည်။


 

ဖြေကြားသူ
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်အောင်မြင့်
အဖြေ

ယဉ်ကျေးမှု ဝန်ကြီးဌာနဟာ ၂၀၁၀ခုနှစ် ကစပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသတွေကို ကမ္ဘာ့ယဉ်ကျေးမှု အမွေ အနှစ်စာရင်းဝင်ဖို့ စတင် ဆောင်ရွက်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ယူနက်စကိုအဖွဲ့ရဲ့ စည်းမျဉ်း စည်းကမ်းတွေကြောင့် လူသူ နည်းပါး ပြီးတော့၊ အနေအထိုင် နည်းပါးပြီး ဘာသာရေး အဆောက်အဦ နည်းပါးတဲ့ နေရာဒေသ‌တွေ အရင်ရွေးချယ်ရပါတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံမှာ ရှေးအကျဆုံး ကမ္ဘာက စိတ်ဝင်စားတဲ့ ဒေသ အရင်ရွေးချယ်ရပါတယ်။ ဒါ့ကြောင့် သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး ဒါတွေဟာ BC တစ်ရာစုကနေပြီးတော့ AD လေးရာစုအတွင်းမှာ ဖြစ်တည်ခဲ့တဲ့ ပျူ ရှေးဟောင်းမြို့ပြတွေ ဖြစ်ပြီးတော့ ယဉ်ကျေးမှုအမွေအနှစ်တွေ အမြောက်အမြား ကျန်ခဲ့တဲ့ဒေသ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပျူရှေးဟောင်း ဒေသတွေကို ပထမဦးစွာ တစ်ဆက်တစ်စပ်တည်းသော အမွေအနှစ်ဒေသအဖြစ် ကျွန်တော်တို့ တင်သွင်းထားပြီးတော့ လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက် လျက်ရှိ ပါတယ်။ အလားတူပဲ ရခိုင်၊ မြောက်ဦးဒေသနှင့် ပတ်သက်လာလျှင်လည်း သမိုင်းစဉ်အရ ရှေးကျမှု၊ ယူနက်စကိုအဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ကိုက်ညီမှုတွေအပေါ် မူတည်ပြီးတော့ အလှည့်ကျ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဖြေကြားပါသည်။