(ဂ)-လေယာဉ်ကွင်း တည်ဆောက် ပေးရန်နှင့်လေယာဉ်ပြေးဆွဲပေးရန် နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၉.၇.၂၀၁၂)

ချင်းပြည်နယ်သည် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုထဲမှာ ပြည်နယ်တစ်ခုဖြစ်ပါတယ်ရှင်။ သို့ဖြစ်ပါ၍ ကျွန်မတို့ ချင်းပြည်နယ်သည် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးကဲ့သို့ တန်းတူဖြစ်အောင် လေယာဉ်ကွင်းကို ယခု အစိုးရသစ်မှာ တည်ဆောက်ပေးသင့်ပါတယ်ရှင်။ ကျွန်မတို့ ချင်းတိုင်းရင်းသားများသည် အခြား ပြည်နယ်နှင့်တိုင်းဒေသကြီးကဲ့သို့ အချိန်တိုတိုအတွင်း သွားလာမှုလွယ်ကူစေရန် လမ်းမှာ ၂ ရက်၊       ၃ ရက်ကြာ အိပ်မရ၊ စားမရဖြင့် သွားလာနေသော ချင်းတိုင်းရင်းသားများကို ကိုယ်ချင်းစာနာစိတ်ဖြင့် တစ်ပတ်မှာ အနည်းဆုံး ၂ ကြိမ် ပြေးဆွဲပေးပြီး လေယာဉ်ကွင်းကို ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နှင့် အနီးစပ်ဆုံးနေရာတွင် တည်ဆောက်ပေးပါရန် မေးမြန်းအပ်ပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်
အဖြေ

ချင်းပြည်နယ်ဟာဆိုရင် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ အစွန်အဖျားမှာရှိပါတယ်။ ရေမြေအားဖြင့်ဆိုရင်လည်း တောတောင်များ ထူထပ်ပြီးတော့ မြေပြန့်မရှိပါဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့နိုင်ငံတော်အနေနဲ့ အဆက်ဆက်က နေပြီးတော့ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေကြောင်းပို့ဆောင်ရေးနဲ့ ပတ်သက်ပြီးတော့ အမြဲတမ်းထည့်သွင်းစဉ်းစားပြီးတော့ ကြိုးစားပမ်းစားလုပ်ခဲ့တာလေးကို ကျွန်တော်တင်ပြမှာ ဖြစ်ပါ တယ်။ ပထမဦးဆုံး ချင်းပြည်နယ်မှာ ပလက်ဝလေယာဉ်ကွင်း၊ ချင်းပြည်နယ် ဟားခါးမြို့နယ်ရဲ့ အနောက်တောင်ဘက် မိုင် ၁၁၀ ခန့်အကွာ မြောက်လတ္တီကျူ ၂၁ ဒီဂရီ ၁၇ မိနစ်၊ အရှေ့ လောင်တီတွက် ၉၂ ဒီဂရီ ၅၅ မိနစ်နဲ့ ပင်လယ်ရေပြင်ထက် ၂၅၀ ပေမှာ ရှိပါတယ်။ ချင်းပြည်နယ်ရဲ့ တောင်ဖျားမှာရှိပါတယ်။ အဆိုပါလေယာဉ်ကွင်းဟာ ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်လေယာဉ်တပ် များ အသုံးပြုခဲ့တဲ့အလျား ၁၆၀၀ ပေ၊ အကျယ်ပေ ၁၀၀ ရှိတဲ့ လေယာဉ်ကွင်းဟောင်းဖြစ်ပြီးတော့ ဒီလေယာဉ်ကွင်းဟာဆိုလို့ရှိရင် ကျွန်တော်တို့ ချင်းပြည်နယ်အတွက် လေကြောင်းပို့ဆောင်ရေးအနေနဲ့ လေယာဉ်ကွင်းတစ်ခု ဖြစ်နိုင်ကောင်းရယ်လို့ ယူဆပြီးတော့ ၁၉၇၇ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့မှာ လေယာဉ်ပြေးလမ်းကို ပေ ၂၀၀ တိုးချဲ့ပြီးတော့ ပြုပြင်ခဲ့တာကြောင့်မို့လို့ အလျားပေ ၁၈၀၀ နောက်တစ်ခါ အရှိန်သတ်စွန်း ပေ ၁၀၀ ရရှိခဲ့ပါတယ်။ ပြေးလမ်းအမျိုးအစားမှာ စားကျက်မြေနဲ့ လယ်မြေတို့ကို ခုတ်ထွင်ဖောက်လုပ်ထားတဲ့ မြေသားကွင်းဖြစ်ပါ တယ်။ အဲဒီကွင်းကို ပြုပြင်ပြီးတော့ ၁၉၇၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အဲဒီခေတ်က အသုံးပြုခဲ့တဲ့ တွင်အော်တာ လေယာဉ်၊ တက်လေယာဉ်နဲ့ စမ်းသပ်ပြီးတော့ လုပ်ခဲ့ပါတယ်။ တက်လေယာဉ်နဲ့ စမ်းသပ်လုပ်တဲ့အခါမှာ ပြေးလမ်းရဲ့မြောက်ဘက် စိမ့်စမ်းချောင်းအနီးမှာ ပေ ၅၀၀ ကျော်မြင့်တဲ့ တောင်တစ်ခုနဲ့တောင်ဘက် မှာ ပေ ၁၀၀ ခန့်မြင့်တဲ့တောင်တစ်ခုရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ လေယာဉ်ပျံတွေနဲ့ ဂရုတစိုက်ဆင်းသက်ရတဲ့အတွက်ကြောင့်မို့လို့ ပြေးလမ်းအလျားကို အဲဒီနှစ်မှာပဲ မတ်လ ၂၂ မှာ အလျားပေ ၂၀၀၀ အကျယ် ၁၀၀ ပေအထိ ချဲ့ခဲ့ပါတယ်။ ချဲ့ခဲ့ပြီးတော့ ကျွန်တော်တို့ ဒီလေယာဉ်ပျံကို တွင်အော်တာလေယာဉ်များကို ချင်းပြည်နယ် ပလက်ဝလေယာဉ်ကွင်းမှာ အထူးသဖြင့် မန္တလေး တိုင်းဒေသကြီး ချမ်းမြသာစည်ကနေပြီးတော့ ၅ နှစ်တာတိတိ လေယာဉ်ပျံပြေးဆွဲခွင်‌့ပြုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၈၂ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့မှာ မြန်မာ့လေကြောင်းက တွင်အော်တာ လေယာဉ်ပျံ တစ်စီးဟာ မန္တလေးကတက်သွားပြီးတော့ ပလက်ဝအသွားမှာ ရာသီဥတုဆိုးရွားတဲ့အတွက်ကြောင့် မို့လို့ မင်းတပ်မြို့အနီးမှာ ပျက်ကျခဲ့ပါတယ်။ အဲဒီတုန်းက တပ်မတော် (လေ) မှ လေယာဉ်ပျံနဲ့ ဝိုင်းဝန်း ပြီးရှာခဲ့ပါတယ်။ ချက်ချင်းမရခဲ့ပါဘူး။ ကျွန်တော်ဆိုလိုတာကတော့ ဒီလေယာဉ်ကွင်းမှာတောင်မှ ပင်လယ်ရေပြင်အထက် ပေ ၅၀၀ သာမြင်‌့သော်လည်းပဲ သဘာဝအနေအထားအရ တောတောင် တိမ်ထူထပ်ပြီးတော့ ရာသီဥတုဆိုးရွားတဲ့အနေအထား ဖြစ်ခဲ့ပါတယ်။ ဒါကြောင်‌့မို့လို့ ၁၉၈၃ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံးမှာ တွင်အော်တာလေယာဉ်များ ရပ်ဆိုင်းတဲ့အချိန်မှာ ဒီလေယာဉ်ပျံကွင်းလည်း အသုံးမပြုဘဲနဲ့ ရပ်ဆိုင်းထားခဲ့တာွဖစ်ပါတယ်။ ယခုအချိန်မှာတော့ အဲဒီ လေယာဉ်ပျံကွင်းဟာ အသုံးပြုခြင်းမရှိဘဲနဲ့ လူနေအိမ်ခြေမလပ်ရှိပြီးတော့ ဆင်းသက်အသုံးပြုနိုင်မယ့် အခြေအနေမရှိပါ။ ချင်းပြည်နယ် လေကြောင်းပို့ဆောင်ရေးနဲ့ ပတ်သက်ပြီးတော့မှ ၁၉၇၆ ခုနှစ်မှာလည်း ဟားခါးမြို့ ပတ်ဝန်းကျင်မှာလည်း လေယာဉ်ကွင်းတစ်ခု တည်ဆောက်ဖို့ဆိုပြီးတော့ အဖြစ်နိုင်ဆုံးရှိတဲ့နေရာ တစ်ခုကိုရှာဖွေခဲ့ပါတယ်။ လက်တွေ့ကွင်းဆင်းတိုင်းတာမှုများအရ ဖြစ်နိုင်ခြေအရှိဆုံးဟုယူဆတဲ့ ဟားခါးမြို့ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၂၇.၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၆ မိနစ် ပြေးလမ်းဦးတည်ရာအရပ် ၃၆၀ ဒီဂရီ/ ၁၈၀ ဒီဂရီ ပြေးလမ်းကိုရှာဖွေခဲ့ပါတယ်။ သို့သော်လည်းပဲ လက်တွေ့ကွင်းဆင်းတိုင်းတာတဲ့ မြေပုံပေါ်က အင်တာပကေးရှင်း က သင့်လျော်သည်ဟု ယူဆသော်လည်းပဲ လက်တွေ့တိုင်းတာချက်များအရ လေယာဉ်ပြေးလမ်း (Landing Strip) ပေ ၄၀၀၀ နဲ့ အကျယ်ပေ ၅၀၀ ရရှိဖို့အတွက် အကျယ်အဝန်း လုံလောက်မှုမရှိတာတွေ့ရပါတယ်။ ၎င်းအပြင် လက်ရှိမြေနေရာဟာဆိုလို့ရှိရင် တောင်ကုန်းနဲ့ လျှိုမြောင်၊ ချိုင့်ဝှမ်းများကို မြောက်မြားစွာ ဖြိုပြီးတော့မှ ပြုပြင်ရမှာဖြစ်တဲ့အတွက်ကြောင့် အခက်အခဲ များစွာကြုံခဲ့ပါတယ်။ နောက်တစ်ခါ ပတ်ဝန်းကျင် ၁ မိုင်အတွင်းမှာလည်း ပေ ၅၀၀၀ နှင့်အထက် တောင်များဝန်းရံနေတဲ့အတွက်ကြောင့်မို့လို့ ရာသီဥတုဆိုးရွားလို့ရှိရင် ဆင်းသက်ရန်အတွက် အင်မတန် အခက်အခဲများစွာဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် မြေပြင်တိုင်းထွာမှု များကိုပြုလုပ်ပြီးတော့မှ တည်ဆောက်ရန်မသင့်ကြောင်း ဆုံးဖြတ်ပြီးတော့မှ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ ယခု လွှတ်တော် ကိုယ်စားလှယ်ကြီးတင်ပြတဲ့ စာတမ်းမှာပါတဲ့ အချက်အလက်များဟာဆိုရင် လွှတ်တော်ကိုယ်စားလှယ် ကြီးအဆိုပြုထားတဲ့နေရာဆိုရင် ကျွန်တော်တို့ တစ်ချိန်က တိုင်းထွာခဲ့တဲ့နေရာမှ သိပ်မဝေးတဲ့နေရာ မှာဖြစ်ပါတယ်။ ခုနက လွှတ်တော်ကိုယ်စားလှယ်ကြီး မေးခွန်းမေးသလို ကျွန်တော်တို့ဆီတင်တဲ့စာမှာ သူအဆိုပြုထားတဲ့နေရာတစ်ခုလည်းပါပါတယ်။ အဲဒီနေရာကို ကျွန်တော်တို့ မြေပုံမှာတိုင်းကြည့်တဲ့ အခါကျတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးကတော့ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ဖို့ တင်ပြတာဖြစ်ပါတယ်။ နေရာကတော့ မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၄၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ်     ၉၂ ဒီဂရီ ၃၅ မိနစ်နဲ့ ဟားခါးမြို့ရဲ့ အနောက်မြောက်ဘက် ၇ မိုင်အကွာမှာ ရှိပြီးတော့ နှီာရ်လောန်၊ ဟရန်ဟရိန်နှင့် ရင်းပီးရွာတို့ရဲ့မြောက်ဘက် ချွန်ကျုံရွာ-ဟားခါး-ဖလမ်း ကားလမ်းကြား အရှေ့ အနောက်တန်းလျက် အနေအထားရှိပါတယ်။ ယခင်ပို့ဆောင်ရေးဝန်ကြီးဌာနက ရှာဖွေတိုင်းတာခဲ့တဲ့ နေရာရဲ့ မြောက်ဘက် ၁၇.၅ မိုင်၊ အနောက်ဘက် ၁ မိုင်အကွာမှာ ရှိတဲ့နေရာဖြစ်ပါတယ်။ ဒီနေရာဟာ အရင်တုန်းက မြေပုံဖတ်ခဲ့ပြီးသားဖြစ်ပါတယ်။ အဲဒီတော့ ဒီနေရာဟာဆိုလို့ရှိရင် လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြခဲ့တဲ့နေရာဆိုလို့ရှိရင် ယခင်က ကျွန်တော်တို့ တိုင်းတာခဲ့တဲ့နေရာနဲ့ အနီးအနားမှာရှိတဲ့နေရာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် တင်ပြရရင် ကိုယ်စားလှယ်ကြီးတင်ပြတဲ့ နေရာဟာဆိုရင် လေယာဉ်ကွင်းတည်ဆောက်ဖို့အတွက် ဖြစ်နိုင်ခြေနည်းပါးတဲ့ အခြေအနေဖြစ် ကြောင်းတင်ပြအပ်ပါတယ်။ သို့သော်လည်း ကိုယ်စားလှယ်တော်ကြီးရဲ့ အကြံပြုချက်ကို လေးစား သောအားဖြင့် အဲဒီနေရာကို အချိန်ရတဲ့အခါကျတော့ မြေပြင်မှာသွားတိုင်းပြီးတော့ ကျွန်တော်တို့ ဖြစ်နိုင်ခြေရှိတဲ့ Report ကို လွှတ်တော်ရုံးကိုတင်ပြပြီးတော့ မှတ်တမ်းတင်ထားမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်း ပို့ဆောင်ရေးဦးစီးဌာနနဲ့ ဆောင်ရွက်နိုင်တဲ့အခြေအနေ အနည်းငယ်တင်ပြမှာဖြစ်ပါတယ်။ ကျွန်တော် ခုနက အစည်းအဝေးမထိုင်ခင်မှာ ချင်းပြည်နယ် ကိုယ်စားလှယ်တစ်ယောက်ကနေပြီတော့ ကျောက်ထု လေယာဉ်ပျံကွင်းဟာ သေချာဖောက်ထားပြီး ဖြစ်ပါတယ်။ ဒီလေယာဉ်ပျံကွင်းဟာ ကျွန်တော်တို့ လေယာဉ်ပျံလေးတွေနဲ့ ဆင်းသက်ပေးလို့ရပါတယ်။ တကယ်လို့များ အခြေအနေကို လေ့လာပြီး‌တော့ ဆင်းလို့ရမယ်ဆိုရင် ကျောက်ထုလေယာဉ်ပျံကွင်းကို မန္တလေးကနေဆင်းပေးပါတယ်။ လောလောဆယ် မိုးတွင်းကာလမှာ ခုနက ကိုယ်စားလှယ်တော်ကြီး အကြံပြုတဲ့ မိုးတွင်းမှာ မဆင်းနိုင်တာတောင်မှ မိုးကုန်သွားရင် ဆင်းပေးဖို့ ကျွန်တော်တို့ကို အကြံပြုပါတယ်။ ကျွန်တော်တို့မှာလည်း လေယာဉ်ပျံ      ၂ စင်း ဝယ်ထားပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျောက်ထု-မန္တလေးကို ဆင်းပေးဖို့ ဆောင်ရွက် နိုင်ကြောင်း တင်ပြချင်ပါတယ်။ နောက်တစ်ဆက်တည်း ကျွန်တော်တို့ရဲ့ အမြင်တင်ပြရရင် ချင်းပြည်နယ်ရဲ့ ထွက်ပေါက်ဟာဆိုလို့ရှိရင် ကလေးမြို့ဖြစ်ပါတယ်။ အဲဒီတော့ ကလေးမြို့မှာ လေယာဉ်ပျံပြေးလမ်းဟာ ၅၅၀၀ ပေရှိတဲ့ လေယာဉ်ပျံကွင်း တည်ဆောက်ပြီးဖြစ်ပါတယ်။ ရေရှည်မှာ ချင်းပြည်နယ်အတွက်ပါ အသုံးပြုနိုင်ဖို့အတွက် ကလေးမြို့ လေယာဉ်ပြေးလမ်းကို ပေ ၇၀၀၀ ရတဲ့ အထိရအောင် ပေ ၁၅၀၀ ချဲ့နေပါတယ်။ မိုးကုန်တာနဲ့ ဒီလေယာဉ်ပျံကွင်းကို ပေ ၁၅၀၀ ချဲ့ပြီးရင်    ပေ ၇၀၀၀ ရမယ်ဆိုရင် ကလေးမြို့အတွက်ရော၊ ချင်းပြည်နယ်အတွက်ရော၊ မြစ်သာမြစ်ဝှမ်း အတွက်ရော လေယာဉ်ပျံကြီးများ ဆင်းသက်နိုင်မှာဖြစ်ပါတယ်။ အဲဒီလေယာဉ်ပျံကွင်းကို အသုံးပြု ပြီးတော့ ချင်းပြည်နယ်ကို အဲဒီကတစ်ဆင့် သွားလာရေးဆက်လက်ဆောင်ရွက်မယ်ဆိုရင် ပိုမိုပြီးတော့ လက်တွေ့ဆန်ကြောင်းရှင်းလင်း ဖြေကြားပါသည်။