(ဆ)-အခွန်ထမ်းဆောင်မှု အခြေအနေများကို ပြည်သူသို့ အသိပေးရန် နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ (၆.၇.၂၀၁၂)

ယခုနှစ်ထုတ်ပြန်တဲ့ ရသုံးမှန်းခြေငွေစာရင်းကိုလေ့လာရင် ရငွေနှင့် သုံးငွေနှစ်ရပ်လုံးရဲ့ကိန်ဂဏန်းတွေဟာ နိုင်ငံခြားငွေဆိုင်ရာအရအသုံးများကို ယခင်နှစ်က ၁ ဒေါ်လာ ၆၀၀ ကျပ်နဲ့စာရင်းသင့်ပြီးတော့ ဒီနှစ်မှာတော့ ၁ ဒေါ်လာ ၈၀၀ ကျပ်နဲ့ စာရင်းသင့်တဲ့ အတွက်ကြောင့် ယခုနှစ်ကိန်းဂဏန်းတွေဟာ ယခင်နှစ်များထက်နှစ်ဆလောက် မြင့်တက်နေတာကို လေ့လာတွေ့ရှိရပါတယ်။ အလားတူ ရငွေစုစုပေါင်းဟာ ကျပ် ၁၀၀၅၁.၆ ဘီလီယံ၊ GDP ရဲ့ ၁၉.၆ ရာခိုင်နှုန်းဖြစ်ပါတယ်။ သုံးငွေစုစုပေါင်းဟာလည်း ၁၂၀၀၆.၃ ဘီလီယံ၊ GDP ရဲ့ ၂၄. ၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဒီလိုရှိတဲ့အတွက်ကြောင့် ဒီနှစ်လိုငွေဟာ ၁၉၅၃.၇ ဘီလီယံဖြစ်ပြီးတော့ GDP ရဲ့ ၃.၈ ရာခိုင်နှုန်းရှိတယ်လို့တွေ့ရှိရပါတယ်။ ယခင်နှစ်တုန်းကလိုငွေဟာ ၂၂၀၁.၆ ဘီလီယံ၊ GDP ရဲ့ ၄ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ရရှိတဲ့ အခွန်အကောက်ရာခိုင်နှုန်းကို လေ့လာရင်လည်း      ကျပ် ၁၆၄၄.၃ ဘီလီယံရဖို့မျှော်မှန်းထားပြီးတော့ ဒီငွေဟာ GDP ရဲ့ ၃.၂ ရာခိုင်နှုန်းရှိတယ်လို့ တွေ့ရပါတယ်။ ယခင်နှစ်ထက်ကျပ်ငွေ ၅၄၇ ဘီလီယံ ပိုမိုရမယ်လို့မျှော်မှန်းထားတဲ့သဘောဖြစ်ပါ တယ်။ ရသုံးခန့်မှန်းခြေကိုလေ့လာရင် နှစ်စဉ် GDP ၃ ရာခိုင်နှုန်း၊ ၄ ရာခိုင်နှုန်းလောက်လိုငွေ ပေါ်ပေါက်နေတာတွေ၊ နှစ်စဉ်ဖြည်‌့စွက်ရန်ပုံငွေအတွက်ကြောင့် လိုငွေပြနေတာတွေနဲ့ အဓိကကတော့ အခွန်အကောက်ဝင်ငွေလျော့နည်းနေတာကိုတွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရငွေတွေ တိုးပွားပြီးတော့ လိုငွေတွေနည်းပါးလာဖို့အတွက် ရငွေပိုင်းမှာအခွန်အကောက်ငွေများကို ပိုမိုတိုးပွားဖို့ အတွက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အခွန်အကောက်ငွေကိုလေ့လာတော့လည်း အခွန်တိမ်းရှောင် မှုတွေ၊ အခွန်လျော့ပါးဖို့ကြိုးစားတာတွေ၊ အခွန်အကောက်စနစ်ထင်သာမြင်သာမရှိတာတွေ၊ အခွန်နှုန်းအမျိုးမျိုးနဲ့ ရှုပ်ထွေးနေတာတွေနှင့် အခွန်စနစ်ရဲ့အားနည်းချက်နဲ့ ချို့ယွင်းချက်တချို့ ရှိတာတွေကိုလည်းတွေ့ရှိရပါတယ်။ မကြာသေးမီက နိုင်ငံတော်က ပုဂ္ဂလိကပိုင်လွှဲပြောင်းမှုတွေပြုတဲ့ အတွက်ကြောင့် အရှိန်အဟုန်နဲ့ ဒီလိုဆောင်ရွက်တဲ့အခါမှာ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေတွေဟာ စိုက်ထုတ်မှုလျော့နည်းသွားပြီးတော့ လုပ်ငန်းရှင်တွေရဲ့ငွေတွေ၊ အထွေထွေပေးသွင်းမှုတွေ အလုံးအရင်းနဲ့ရလာတာကိုလည်းတွေ့ရပါတယ်။ နိုင်ငံတော်မှကောက်ခံတဲ့အခွန် ၁၅ မျိုးမှာ အဓိကအခွန် လေး မျိုးဖြစ်တဲ့ ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်တွင်းသုံးစွဲမှုအပေါ်ကောက်ခံနေတဲ့ အခွန်တွေ၊ ဝင်ငွေနှင့် ပစ္စည်းပိုင်ဆိုင်မှုအပေါ်မှာ စည်းကြပ်ကောက်ခံတဲ့အခွန်တွေနဲ့ သုံး အကောက်ခွန်၊ လေး နိုင်ငံပိုင်ပစ္စည်းသုံးစွဲမှုအပေါ်မှာကောက်ခံတဲ့အခွန် လေး မျိုးကို အဓိက ကောက်ခံတာကိုတွေ့ရှိရပါတယ်။ ဒီငွေတွေကို နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသားကာကွယ်ရေး အသုံးစရိတ်၊ တရားဥပဒေစိုးမိုးရေးအသုံးစရိတ်၊ လူနေမှုအသုံးစရိတ်၊ မရှိမဖြစ်လိုအပ်တဲ့ စားသုံးမှု အပေါ်ကအသုံးစရိတ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အသုံးစရိတ်များ များစွာသုံးစွဲနေရတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့လာမယ့်ကာလတွေမှာ လိုငွေနည်းပါးဖို့အတွက် အဓိကကျတဲ့ အခွန်ကောက်ခံမှုနှင့်ပတ်သက်လို့ မေးလိုတဲ့မေးခွန်းကတော့ (၁) နိုင်ငံတော်အတွင်းမှာလုပ်ငန်းရှင် များရဲ့လုပ်ငန်းအလိုက် အခွန်ထမ်းဆောင်မှုအခြေအနေများကို ပြည်သူကိုအသိပေးဖို့အစီအစဉ်ရှိ၊ မရှိဖြစ်ပါတယ်။ (၂) အစီအစဉ်ရှိခဲ့ရင် မည်သည့်အချိန်မှာ မည်သို့အသိပေးထုတ်ပြန်မည်ကို ပြည်သူများ သိရှိစေလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း
အဖြေ

ပြည်တွင်း အခွန်များဦးစီးဌာနအနေနဲ့ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်မှစတင်ပြီး အခွန်အများဆုံးထမ်းဆောင်သော အခွန်ထမ်း ၁၀ ဦးကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်အတွက် အခွန်အများဆုံးထမ်းဆောင်ခဲ့တဲ့အခွန်ထမ်းဦးရေ ၁၀၀ ဦးစီကိုတိုးမြှင့်ပြီးတော့ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်ကဏ္ဍအလိုက်ထုတ်ပြန်ပေးခဲ့ပါတယ်။ ထို့သို့ထုတ်ပြန်ပေးခဲ့ခြင်းမှာ အခွန်ထမ်းပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် ပုဂ္ဂိုလ်စုတစ်ခုချင်း၏ နိုင်ငံတော်နှင့် ပြည်သူများအတွက် နိုင်ငံ့တာဝန်ကျေပွန်မှုကို ဂုဏ်ယူဖွယ်ရာသတင်းတစ်ရပ်အနေနဲ့ နိုင်ငံတော်ကိုယ်စား ပြည်သူများ သိရှိနိုင်ရန်ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ လုပ်ငန်းဆောင်ရွက် ရာမှာ ဥပဒေအရဆောင်ရွက်ရသောအမှုတွဲများတွင်ပါရှိသည့် အကြောင်းအချက်အားလုံးကို လျှို့ဝှက် ကိစ္စအဖြစ်မှတ်ယူရမည်ဖြစ်သည့်အပြင် အဆိုပါအကြောင်းအချက်အလက်များကို အစိုးရကိစ္စမှအပ ထုတ်ဖော်ခြင်းမပြုရဟု ဥပဒေပြဋ္ဌာန်းချက်ကိုလည်း လိုက်နာကျင့်သုံးဆောင်ရွက်ရတဲ့အတွက်ကြောင့် အခွန်ထမ်းများ၏ Right အရ လျှို့ဝှက်ပေးထားသောလုပ်ငန်းနှင့်သက်ဆိုင်သည်‌့ အကြောင်း အချင်းအရာများကိုထုတ်ပြန်ချင်းမဟုတ်ဘဲ သတင်းအနေနဲ့သာ ကျွန်တော်တို့ထုတ်ပြန်ခဲ့တာဖြစ်ပါ တယ်။ ဒါ့အပြင် အခွန်ပေးဆောင်မှုများပြားသော အခွန်ထမ်းကြီးများ၏စာရင်းကို ပြည်သူသို့ အစီရင်ခံခြင်းအားဖြင့် ၎င်းတို့၏နိုင်ငံတော်နှင့် ပြည်သူများအတွက် တာဝန်ကျေပွန်မှုကို ပြည်သူများ သိရှိစေတဲ့အပြင် ပြည်သူနှင့် လုပ်ငန်းရှင်များအကြားနွေးထွေးသော ယုံကြည်မှုများမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုများတိုးပွားကာ အရင်းအနှီးကြီးမားသောအများပိုင်ကုမ္ပဏီများ၊ Public ကုမ္ပဏီများကို ပြည်သူများ၏စုပေါင်းရင်းနှီးမှုဖြင့်ဖြစ်ပေါ်လာစေရေးကိုလည်း ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အများပိုင်ကုမ္ပဏီများဖြစ်တည်လာခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကြီးမားစွာ အထောက်အကူပြုနိုင်မှာဖြစ်တဲ့အပြင် နိုင်ငံတော်၏ ဘဏ္ဍာရေးမူဝါဒဆိုင်ရာပြုပြင်ပြောင်းလဲမှုများမှာ ပွင့်လင်း၍ထင်သာမြင်သာရှိသော တိကျမှန်ကန်သည်‌့တင်ပြချက်များ၊ လိုက်နာဆောင်ရွက်မှုများကို ဖြစ်ပေါ်လာစေမှာဖြစ်သကဲ့သို့ တစ်ဖက်ကလည်းအခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုမှာ ထိရောက်စွာ အထောက်အကူရရှိစေမှာဖြစ်ပါတယ်။ ယင်းသို့ သတင်းများထုတ်ပြန်ပေးခြင်းဖြင့် အခွန်ဌာနနှင့် အခွန်ထမ်းကြား ယုံကြည်မှုကိုတည်ဆောက်ရာလည်းရောက်ပါတယ်။ ဒါကြောင်‌့ အခွန်အများဆုံး ထမ်းဆောင်သည်‌့ အခွန်ထမ်းစာရင်းကို အထက်ပါအတိုင်း ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန် ကဏ္ဍ အလိုက်သာ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းရှင်များရဲ့ လုပ်ငန်းအလိုက် အခွန်ထမ်းဆောင်မှု တစ်ခုချင်းကိုတော့ လောလောဆယ်အခြေအနေမှာ ပြည်သူများသို့အသိပေးဖို့ အစီအစဉ်မရှိသေး ပါကြောင်းရှင်းလင်းဖြေကြားအပ်ပါသည်။