၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် AFTA အတွက် မျှော်လင့်ပြီးတော့မှ ဝန်ကြီးဌာနများအနေနဲ့ အထောက်အကူဖြစ်စေဖို့နဲ့ လေ့လာသိရှိစေဖို့အတွက် အုတ်လုပ်ငန်းနှင့်ပတ်သက်ပြီးတော့ မေးမြန်းမှာဖြစ်ပါတယ်။ ယနေ့နိုင်ငံတော်မှာ စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့အတွက် အခွင့်အလမ်းပိုမိုများပြားလာသည်နှင့်အမျှ နိုင်ငံတော်အတွင်းမှာ SOE လုပ်ငန်း တွေ၊ SEZ တွေ၊ SME တွေနဲ့ စက်ရုံအလုပ်ရုံတိုက်တာအဆောက်အဦတွေ အလုံးအရင်းနဲ့စတင်ပြီးတော့ တစ်နှစ်ထက်တစ်နှစ်တိုးပွားလာတာကို တွေ့ရမှာဖြစ်ပါတယ်။ မကြာခင်မှာပဲ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်းရှိနေပြီဖြစ်ပါတယ်။ ဒီနေရာမှာ Construction လုပ်ငန်းများအတွက် အဓိက မရှိမဖြစ်လိုအပ်တာ အုတ်ဖြစ်ပါတယ်။ နိုင်ငံတော်အတွက် ယခင် နိုင်ငံတော်ပိုင် အုတ်လုပ်ငန်းများရဲ့ထုတ်လုပ်မှုမှာ Production အားနည်းတဲ့အတွက်ကြောင့် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှုမပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့် ပြည်သူများအနေနဲ့ ပြင်ပအုတ်လုပ်ငန်း ကိုသာအားကိုးပြီး အဆောက်အဦတွေ ဆောက်လုပ်ခဲ့ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ပြင်ပအုတ် လုပ်ငန်း ဆောက်လုပ်တဲ့နေရာမှာလည်း စနစ်တကျအစီအမံမရှိခဲ့တဲ့အတွက်ကြောင့် လန ၃၉ ရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ အဆင်ပြေသလို ညှိနှိုင်းပေးကမ်းပြီးတော့ လုပ်ကိုင်ခွင့် အုတ်လုပ်ငန်းတွေ အများကြီးရှိပါတယ်။ သို့သော် ယနေ့ စနစ်တကျနဲ့ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်တဲ့အတွက်ကြောင့် အခြေခံအကျဆုံးလို့ဆိုရမယ့် အုတ်လုပ်ငန်းဟာ တစ်စတစ်စပျောက်ကွယ်ပြီးတော့ ဈေးနှုန်းဟာလည်း တဖြည်းဖြည်းနဲ့ မြင့်မားလာမှာ ဖြစ်ပါတယ်။ အဓိကကတော့ အရည်အသွေးမမီတဲ့အုတ်တွေကို အသုံးပြုနေကြရတာ ဖြစ်ပါတယ်။ ယနေ့နိုင်ငံတော်ရဲ့အုတ်ဈေးနှုန်းကို ကြည့်မယ့်ဆိုရင် ယခင်နှစ်က အစိုးရစက်ရုံက ထုတ်ပေးတဲ့စက်ပေါင်းအုတ်ဟာ ၁၃၀ ဖြစ်ပါတယ်။ ယနေ့ ၃၀၀ ဖြစ်ပါတယ်။ ပြင်ပကနေထုတ်တဲ့ ရှစ်ပေါက်စက်အုတ်တွေဟာ ယခင် ၈၀ ကျပ်ဖြစ်ပြီး ယနေ့ ၁၀၀ ကျပ် အထက် ဝန်းကျင်မှာ ဖြစ်ပါတယ်။ လက်အုတ်တွေကတော့ ယခင် ၆၀ ကျပ်ဖြစ်ပြီး ယနေ့မိုးရာသီဖြစ်လို့ ၇၅ ကျပ် ဈေးနှုန်းလောက်ရှိကြောင်း သိရပါတယ်။ အုတ်လုပ်ငန်းအခက်အခဲကြောင့် ယနေ့ ဘိလပ်မြေနှင့် ထုတ်တဲ့အုတ်များလည်း ပေါ်လာပါပြီ။ သို့သော် အသုံးပြုရာမှာတော့ ကန့်သတ်ချက်တွေရှိတဲ့ အတွက်ကြောင့် အသုံးပြုဖို့ နည်းပါးတာကိုတွေ့ရပါတယ်။ တစ်ဆက်တည်းမှာပဲ ဒီအုတ်နဲ့ ပတ်သက်လို့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ နိုင်ငံသားအများအပြားရှိပါတယ်။ အုတ်ဖိုတစ်ဖိုကို လေ့လာ ကြည့်ရင် ဝန်ထမ်း ၅၀ ကနေ မှီခိုသူအပါအဝင် ၂၀၀ ဝန်းကျင်လောက်ရှိပါတယ်။ ကျွန်တော်တို့ မြို့နယ်မှာပင် အုတ်လုပ်ငန်းနဲ့ မှီခိုစားသောက်နေထိုင်တဲ့ လုပ်သားပြည်သူ့ ၁၀၀၀၀ နီးပါးလောက်ရှိတာ တွေ့ရပါတယ်။ မိဘအလုပ်လုပ်နိုင်တဲ့အချိန်မှာတောင် အစားအသောက်မမှန် လူနေမှုဘဝနိမ့်ကျ ပြီးတော့ ပညာရေးအခွင့်အလမ်း မရှိဖြစ်နေတဲ့ ဒီလုပ်သားပြည်သူများဟာ ယနေ့လုပ်ငန်းများ ရပ်တန့် သွားတဲ့အတွက်ကြောင့် နိုင်ငံတစ်ဝန်းမှာ များစွာသောအုတ်လုပ်ငန်းများဟာ မိသားစုရေရှည်ဘဝ ရပ်တည်ဖို့အတွက် အခက်အခဲများစွာနဲ့ ကြုံတွေ့နေရတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အုတ်လုပ်ငန်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်လို့ဆိုပါတယ်။ သို့ပါသော်လည်း ယနေ့ နည်းပညာတိုးတက်လာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်နိုင် ဘဲနဲ့ တစ်စနဲ့တစ်စ ထိခိုက်မှုလျော့နည်းအောင် ဆောင်ရွက်ခြင်းနှင့် ထုတ်နိုင်တဲ့ အနေအထားရှိတာ ကိုလည်းတွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော် မေးမြန်းမယ့်မေးခွန်းကတော့ အုတ်လုပ်ငန်းရှင်များ အတွက် မေးမြန်းပေးခြင်းဖြစ်ပါတယ်။ ယနေ့ နိုင်ငံတော်မှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်တဲ့ အခါမှာ မရှိမဖြစ်လိုအပ်တဲ့ အခြေခံပစ္စည်းဟာ အုတ်ဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းဒေသအသီးသီးမှာ အုတ်လုပ်ငန်းလုပ်ကိုင်သူများစွာရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ အဆိုပါ အုတ်လုပ်ငန်းလုပ်ကိုင်သူ တွေရဲ့ သားသမီးအများစုဟာ မိဘပြောင်းရွှေ့လုပ်ကိုင် နေရမှုကြောင့် ပညာဆုံးခန်းတိုင်အောင် သင်ကြားခွင့်မရတာကိုလည်း တွေ့ရပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်လာပြီဖြစ်တဲ့ ယနေ့အချိန် ကာလမှာ အုတ်လုပ်ငန်းဟာ ယခင်ကာလများကဲ့သို့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲနဲ့ စွန့်ပစ်မြေ၊ ဘေးထွက်လောင်စာ၊ သဘာဝဓာတ်ငွေ့တို့ကို အသုံးပြုပြီး ထုတ်လုပ်လာတာကိုလည်း တွေ့ရပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အုတ်လုပ်ငန်းလုပ်ကိုင်သူများ စွာဟာ အရေးယူခံရခြင်းများလည်း ကြုံတွေ့နေရပါတယ်။ နိုင်ငံတော်မှာ ထုတ်လုပ်တဲ့ အုတ်နဲ့ လုံလောက်မှုမရှိတဲ့အတွက် ဘိလပ်မြေနဲ့လုပ်တဲ့အုတ်တွေလည်း ပေါ်လာပါတယ်။ သို့သော် လုပ်ငန်းတိုင်းမှာ အသုံးပြုလို့ မရနိုင်တဲ့အတွက်ကြောင့် အုတ်လုပ်ငန်းဟာ နိုင်ငံတော်အတွက် ယနေ့ လာမည့် ၂၀၁၅ ခုနှစ်မှာ တိုးတက်လာမယ့် လုပ်ငန်းများအတွက်လည်း မရှိမဖြစ်လိုအပ်မှာဖြစ် ပါတယ်။ ဒါကြောင့် မေးခွန်း(၁)အနေနဲ့ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာ နယ်မြေသတ်မှတ် ပြီးတော့ အုတ်လုပ်ငန်းဇုန်များသတ်မှတ်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ။ မေးခွန်း(၂)အနေနဲ့ အုတ်လုပ်ငန်း လုပ်ကိုင်နေတဲ့ မိသားစုတွေ ရေရှည်ဘဝရပ်တည်ဖို့အတွက် နိုင်ငံတော်က မည်သို့စဉ်းစားဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းရခြင်း ဖြစ်ပါသည်။
နိုင်ငံတော်အနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိ စေသောလုပ်ငန်းများ၊ လူမှုအဖွဲ့အစည်းကို ထိခိုက်မှုမရှိစေသော လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာ စေရန်အတွက် သင့်လျော်သည့်လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါ တယ်။ အုတ်လုပ်ငန်းများဟာ မြေအမျိုးအစားအရ နေရာအနှံ့ကို ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ငန်းဖြစ်ခြင်း၊ လိုအပ်သည့် မြေအမျိုးအစားအလိုက် လိုအပ်သောအုတ်ဖိုများ စုစည်းဆောင်ရွက် ခြင်းလုပ်ငန်းသဘောရှိသဖြင့် နိုင်ငံတော်အနေနဲ့ အုတ်လုပ်ငန်းဇုန်အဖြစ် သတ်မှတ်တည်ဆောက်ရန် ခွင့်ပြုခြင်းမရှိဘဲ အုတ်ဖိုစုများအဖြစ်သာ ခွင့်ပြုထားပါတယ်။ ထို့ကြောင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် နယ်မြေသတ်မှတ်၍ အုတ်လုပ်ငန်းဇုန်အဖြစ် သတ်မှတ်ခွင့်ပြုရန် လောလောဆယ်တွင် အစီအစဉ်မရှိသေးပါ။ မြေအုတ်လုပ်ငန်းများမှာ လုပ်ငန်းသဘာဝအရ ကုန်ကြမ်းအတွက် မြေသား လိုအပ်မှုအပြင် အုတ်ဖုတ်ရန်အတွက် ထင်းလောင်စာလည်း များစွာလိုအပ်သည့်အတွက် လေထု ညစ်ညမ်းမှု၊ သစ်တောပြုန်းတီးမှုနှင့် မြေဆီလွှာခန်းခြောက်စေနိုင်မှုစသည့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် အခြေအနေများ ပိုမိုတိုးမြှင့်ဖြစ်ပေါ်လာစေနိုင်သည့် လုပ်ငန်းမျိုးဖြစ်ပါတယ်။ နိုင်ငံတကာတွင် မြေကြီးကို အခြေခံသောအုတ်လုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုဘဲ အဆင့်မြင့် နည်းပညာဖြစ်သော အပေါ့စားသဲအုတ်လုပ်ငန်းဖြစ်သည့် Autoclaved Aerated Concrete နှင့် Autoclaved Pressed Concrete တို့ဖြင့် အစားထိုးဆောင်ရွက်လျက်ရှိပါတယ်။ စက်မှုဝန်ကြီးဌာန အနေဖြင့် အဆိုပါ နည်းပညာများဖြင့် ဆောင်ရွက်သော အပေါ့စားသဲအုတ်လုပ်ငန်းကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး Public Private Partnership စနစ်ဖြင့် ဆောင်ရွက်နိုင်ရေး ကြိုးပမ်း လျက်ရှိပါတယ်။ အဆိုပါ နည်းပညာပိုင်းဆိုင်ရာများကို စိတ်ဝင်စားတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်များအား စက်ရုံများတည်ထောင်လုပ်ကိုင်နိုင်ရန် ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။ ၎င်းစက်ရုံများ ပြီးစီးပါက အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ၌ အုတ်လုပ်ငန်းဆောင်ရွက်ရာတွင် အစဉ်အဆက်နှစ်စဉ်အမြဲ ဆောင်ရွက်လေ့ရှိသဖြင့်လည်းကောင်း၊ အနီးဆုံးရွာတွင် ပညာရေး၊ ကျန်းမာရေးအတွက် ဆောင်ရွက်နိုင်သဖြင့် လည်းကောင်း၊ အုတ်ရာသီ မဟုတ်သောအချိန်များတွင် အများအားဖြင့် နီးစပ်ရာမိမိရပ်ရွာမှာပင် နေထိုင်ကြသဖြင့် လည်းကောင်း၊ အုတ်လုပ်ငန်းလုပ်ကိုင်သူ မိသားစုများ၏ ဘဝရပ်တည်ချက်မှာ ခိုင်မာမှုရှိပါသဖြင့် ၎င်းတို့အတွက် သီးခြားစီမံဆောင်ရွက်ထားခြင်းမရှိသေးပါကြောင်းနှင့် လိုအပ်သည့် အကူအညီတောင်းခံတင်ပြလာပါ ကညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
