(ဂ)-ပင်မတံတားကြီး၏ အပေါ်ထည် ပြီးစီးအောင် တည်ဆောက်ပေးရန် နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့ (၅.၇.၂၀၁၂)

နိုင်ငံတော်မှ ဧရာဝတီ တိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ်ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာမှုနှင့် အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် သဘာဝ ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးမှာ အထောက်အကူဖြစ်စေဖို့ ဧရာဝတီလမ်းကွန်ယက် ဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် လမ်းမကြီး ၁၁ လမ်းကို အကောင်အထည်ဖော် တည်ဆောက်ပေးလျက် ရှိပါတယ်။ အဓိကလမ်းမကြီး ၃ လမ်းဖြစ်တဲ့ ပင်လယ်ကမ်း‌ွခေဒေသများနဲ့လည်း ဆက်သွယ်ထားတဲ့ လမ်းအမှတ်(၅) ဘိုကလေး-ကြိမ်ချောင်း ကဒုံကနိလမ်း၊ လမ်းအမှတ်(၆) ဘိုကလေး-စက်ဆန်း-ထော်ပိုင်-အမာလမ်းနဲ့ လမ်းအမှတ်(၁၀) ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး-မြောင်းမြလမ်းမကြီး ၃ လမ်းဟာ ၎င်းတို့ကို ဆက်စပ်ပေါင်းကူးရာမှာ ဘိုကလေးမြစ်ကို ကျော်ဖြတ်ရမှာဖြစ်တဲ့အတွက် ယခင်အစိုးရလက်ထက်က နိုင်ငံတော်၏ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့မှ အမိန့်အမှတ် (၁/၂၀၁၀)ဖြင့် ဘိုကလေးမြစ်ကူးတံတားကို ၂၀၁၀ ခုနှစ်မှာ စတင်အကောင်အထည် ဖော်တည်ဆောက် ပေးခဲ့ပါတယ်။ ဘိုကလေးမြစ်ကူးတံတားဟာ စုစုပေါင်းအရှည် ၃၅၅၃ ပေ၊ အကျယ် ၃၄ ပေနဲ့ တံတားခံနိုင်ဝန်ဟာ ၇၅ တန်ရှိမယ့် တံတားတစ်စင်းဖြစ်ပါတယ်။ ယခုအခါမှာ မြစ်ကမ်း နှစ်ဖက်မှာ ချဉ်းကပ်တံတားများနဲ့ ရေလည်တိုင်များ တည်ဆောက်ခြင်းလုပ်ငန်း လုံးဝပြီးစီးနေပြီ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ တံတားတည်ဆောက်ခြင်းလုပ်ငန်းရဲ့ ၆၅ ရာခိုင်နှုန်းကျော် တည်ဆောက် ပြီးစီးနေပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ဘိုကလေးမြစ်ကူးတံတားကြီးနဲ့ ၎င်းနဲ့ဆက်စပ်နေတဲ့လမ်း များကို အမြန်ဆုံး ဆက်လက်တည်ဆောက်ပေးရန် ဒေသခံပြည်သူများက မျှော်လင့်အားထားနေကြ ပါတယ်။ ကျွန်တော်တို့ ဘိုကလေးမြို့နယ်ဟာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိုးအိမ်စည်းစိမ်ပေါင်း မြောက်များစွာ ဆုံးရှုံးခဲ့ရတဲ့ဒေသဖြစ်ပြီး ရေလမ်းခရီးတစ်ခုတည်းကိုသာ အားကိုးအားထားပြုခဲ့ရပါ တယ်။ သဘာဝ ဘေးအန္တရာယ် ကျရောက်ချိန်မှာ ရေလမ်းခရီးကို အသုံးပြုခဲ့ကြသလို အသက်ဆုံးရှုံးမှု အလွန်များပြားခဲ့ပြီး ယခုအချိန်အထိ စိုးရိမ်ထိတ်လန့်နေကြဆဲဖြစ်ပါတယ်။ ၁၁-၄-၂၀၁၂ ရက်နေ့က အင်ဒိုနီးရှား‌ မြေငလျင် လှုပ်ရှားမှုမှာ ဆူနာမီသတိပေးချက် ထွက်ပေါ်လာသည့်အချိန် ဒေသခံပြည်သူများမှာ စိုးရိမ်ကြောင့်ကြ စိတ်များနှင့်အတူ လမ်းမကြီးများနှင့် ဘိုကလေးမြစ်ကူးတံတားကို အမြန် ဆက်လက်တည်ဆောက်ပေးရန် အထူးဆန္ဒပြင်းပြလျက်ရှိနေကြပါတယ်။ သို့ပါ၍ ဘိုကလေးမြစ်ကူး တံတားကို အမြန်ဆက်လက် တည်ဆောက်ရေးလုပ်ငန်းမှာ ကျန်ရှိနေသေးတဲ့ ပင်မတံတားကြီး အပေါ်ထည်တည်ဆောက်ခြင်းလုပ်ငန်းဟာ အမြန်ပြီးစီးအောင် တည်ဆောက်ပေးမည့် အစီအစဉ် ရှိ၊ မရှိကို ဒေသခံပြည်သူများကိုယ်စား လေးစားစွာ မေးမြန်းအပ်ပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လွင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဧရာဝတီတိုင်းဒေသကြီး မြစ်ဝ ကျွန်းပေါ်ဒေသအတွင်း ဧရာဝတီလမ်းကွန်ယက် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း လမ်းမကြီး ၁၁ လမ်းအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ဘိုကလေးမြစ်ကူးတံတားကြီးဟာ အဓိကလမ်းမကြီး ၃ လမ်းဖြစ်တဲ့ လမ်းအမှတ်(၅) ဘိုကလေး-ကြိမ်ချောင်း ကဒုံကနိလမ်း၊ လမ်းအမှတ်(၆) ဘိုကလေး-ထော်ပိုင်-အမာလမ်းနဲ့ လမ်းအမှတ်(၁၀) ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး-မြောင်းမြလမ်းမကြီး ၃ ခုကို ဆက်စပ်ပေါင်းကူးတဲ့ အဓိကကျတဲ့တံတားဖြစ်ပါတယ်။ ၁-၇-၂၀၁၀ ရက်နေ့မှာ လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ပြီးတော့ ယခုအခါမှာ လုပ်ငန်းတစ်ခုလုံးရဲ့ ၆၇.၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်။ တံတားကြီးဟာ စုစုပေါင်း ၄၀၀၅ ပေရှိပြီးတော့ ပင်မတံတားမှာ ၂၁၀၆ ပေ ရှိပါတယ်။ ယခုအခါမှာ ရေလည်တိုင် ၇ တိုင်မှာ ကန့်လန့်ဖြတ်ယက်မအထိ ကွန်ကရစ်လုပ်ငန်းများ အားလုံးပြီးစီးလျက် ရှိပါတယ်။ မူလချဉ်းကပ်တံတား ၂၄ ခန်းဟာလည်း အားလုံးပြီးစီးနေပါပြီ။ ထပ်မံတိုးချဲ့ပြီးတော့ ချဉ်းကပ်တံတား ၉ ခန်းကိုလည်း ဘိုးပိုင် ၂၄ လုံးနဲ့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။

          ပင်မတံတားကြီးအတွက် သံမဏိသံပေါင် ၁၁၂ မီတာ ၄ ခန်းနဲ့ ၉၆ မီတာနှစ်ခန်း စုစုပေါင်း သံမဏိသံပေါင် ၆ ခန်းကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ သံမဏိစက်ရုံ (မြောင်းတကာ) ကနေ ထုတ်လုပ်ပေးရန်မှာကြားထားပြီးဖြစ်ပါတယ်။ လက်ရှိအချိန်တွင် ဧရာဝတီတံတား(မလွန်) အတွက် သံပေါင်များကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အပြီးထုတ်လုပ်နေပါတယ်။ ဒီဟာပြီးလို့ရှိရင် တစ်ဆက်တည်း ဘိုကလေးတံတားအတွက် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ထုတ်လုပ်ပေးရန် ရှိပြီးတော့ ရရှိပါက အစီအစဉ်နဲ့အတူ ၂၀၁၃ ခုနှစ်၊ မေလကုန်မှာ တပ်ဆင်ပြီးစီးရန် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

          စီမံကိန်းတစ်ခုလုံး ခန့်မှန်း‌ွခေတန်ဖိုးမှာ ကျပ်သန်း ၁၃၃၁၆ ဖြစ်ပြီးတော့ စီမံကိန်းစတင်တဲ့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်ကနေပြီးတော့ ဒီနှစ် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အထိ ခွင့်ပြုရရှိပြီးတဲ့ ရန်ပုံငွေ စုစုပေါင်းမှာ ကျပ်သန်း ၇၆၇၀ ဖြစ်တဲ့အတွက် ကျပ်သန်း ၅၆၄၆ ထပ်မံလိုအပ်ပါတယ်။ လိုအပ်သော ရန်ပုံငွေနှင့် သံမဏိသံပေါင်များ အချိန်မီရရှိ ရေးကို ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။