ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ၂၀၁၁ မှစ၍ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလာခဲ့သည်မှာသက်တမ်း ၅ နှစ်အတွင်း ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ မြို့နယ်အားလုံးကို ကိုယ်စားပြုသော လွှတ်တော်ကိုယ်စားလှယ်များ သည်လည်း လွှတ်တော်အတွင်းရောက်ရှိပြီး ဥပဒေပြုခြင်းလုပ်ငန်းများ၊ မိမိမြို့နယ်၏ လိုအပ်ချက်များကို တောင်း ဆိုဆွေးနွေးခြင်း များ ဆောင်ရွက်လျက်ရှိကြပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် မိမိတို့မြို့နယ်၏ လိုအပ် ချက်များကို တင်ပြတောင်းဆိုသကဲ့သို့ နိုင်ငံတော်အစိုးရမှလည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံလူဦးရေ၏ ၇၀ % ဖြစ်သော ကျေးလက်နေပြည်သူများ၊ နိုင်ငံ့ လူဦးရေ၏ ၂၉.၂ % ခန့် ဆင်းရဲနွမ်း ပါးသူများ အတွက် ထိရောက်စေရန် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများ၊ စီမံကိန်းချအသင်းအဖွဲ့များ ထူထောင်ပြီး ဆောင်ရွက်နေသည်ကို တွေ့ရှိ ရပါကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု၊ ခရိုင် ၆၀၊ မြို့နယ်ပေါင်း ၃၃၀ နှင့် ကျေးရွာပေါင်း ၆၉၄၁၉ ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆောင် ရွက်ရာတွင် ကျေးရွာများ၏ စီမံခန့်ခွဲမှုကို အဓိကဆောင်ရွက်နေသော မြို့နယ် အဆင့်မြို့များကို ပထမဖွံ့ဖြိုးအောင် ဆောင်ရွက်ရန် လိုအပ်မည်ဟု မိမိအနေဖြင့် ထင်မြင်ယူဆမိပါကြောင်း၊ မြို့နယ်အဆင့်မြို့များသည် ကျေးရွာများ၏ စံထားရာ၊ အားကိုးရာ၊ အခက်အခဲဖြေရှင်းရာ ဗဟိုအချက်အချာ ဖြစ်နေပါကြောင်း၊ မိမိတို့မြို့သည် အခြားမြို့နယ်များနှင့် လိုအပ်လာပါက ဆက်သွယ်နိုင်ရန် လမ်းပန်းဆက်သွယ်ရေးများလည်း ကောင်းမွန်ရန်လိုအပ်ပါကြောင်း၊ ကျေးရွာများအားလုံးကို ၂၄ နာရီ လျှပ်စစ်ဓာတ်အားများ ရရှိစေရန် ဆောင် ရွက်ပေးနိုင်ခြင်းမရှိလျှင် မြို့နယ် အဆင့်မြို့များကို ပထမ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မြို့နယ်နေလူထုက မိမိမြို့နယ်တွင် အခြားကိစ္စများ ဆောင်ရွက်သည့်နေရာတွင် ဖုန်းဆက်သွယ်ခြင်း၊ ငွေပို့ငွေလွှဲခြင်း၊ E-mail ပို့ခြင်း၊ Fax ပို့ခြင်းများ ကို ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးများလည်း ကောင်းမွန်ပြီးမှ ၂ မြို့နယ်တွင် မြို့ချင်းဆက်လမ်းကောင်းပြီးမှ ကျန်ရှိသည့်မြို့နယ်များတွင်လည်း လာမည့်ဘဏ္ဍာနှစ်တွင် ဆင်ပေးလိမ့်မည်ဟု ယူဆမိပါကြောင်း၊ (၂၄) နာရီ မီးလင်းရေး သည်လည်း ယနေ့ ဓာတ်တိုင်များ စိုက်ထူနေပြီး ယခုဘတ်ဂျက်နှစ်တွင် မီးလင်းမည်ဟု ယူဆမိပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရှိ မြို့နယ်အဆင့်မြို့များတွင် မြို့ချင်းဆက်ကတ္တရာလမ်းပေါက်သော မြို့နယ်အဆင့် မြို့မည်မျှရှိပြီး မည်မျှကျန်ရှိသည်နှင့် (၂၄)နာရီ လျှပ်စစ်မီးလင်းရန် မည်မျှရှိသည်နှင့် မည်မျှလိုသေးသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မိမိတို့ တစ်နိုင်ငံလုံးတွင် လမ်းမိုင် ၉၈၉၉၃ မိုင်ရှိသည့်အနက် ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၄၉၃၄ မိုင်တာဝန်ယုူဆောင်ရွက်ရပါကြောင်း၊ ၊ ယင်းတို့အနက် ကတ္တရာလမ်းအဖြစ်ဆောင်ရွက်ပြီးစီးသည်မှာ ၁၂၆၉၂ မိုင်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးရှိလမ်းများ၏ ၅၁ %ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကတ္တရာလမ်း အဖြစ်ဆောင် ရွက်ပြီး စီးပြီးဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံလုံးရှိ မြို့နယ် ၃၃၀ အနက်မှ ဆောက်လုပ်ရေး ဝန်ကြီးဌာနက တာဝန်ယူသောမြို့နယ်ပေါင်းက ၃၀၀ ရှိပါကြောင်း၊ ကျန်ရှိသောမြို့နယ် ၃၀ ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ နေပြည်တော်ကောင် စီနှင့် အခြားဝန်ကြီးဌာနများက တာဝန်ယူဆောင်ရွက်သည့် မြို့နယ်များဖြစ် ပါကြောင်း၊ မိမိတို့ တာဝန်ယူသည့်မြို့နယ် ၃၀၀ အနက် ယခုအချိန်အထိ ၂၄၈ မြို့နယ်သည် ကတ္တရာလမ်းအဆင့်အထိ ရောက်ရှိပြီဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အကုန် မတ်လကုန်တွင် ကယားပြည်နယ်ရှိ ရှားတောမြို့နယ်၊ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ဝါးခယ်မနှင့် မော်လမြိုင်ကျွန်းမြို့နယ်များသည် ကတ္တရာလမ်းအဆင့်ကို ရောက်ရှိမည်ဖြစ်သောကြောင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၅၂ မြို့နယ်သည် ကတ္တရာလမ်းအဆင့်ကို ရောက်ရှိသွားပြီး ၄၈ မြို့နယ်သာ ကျန်ရှိမည်ဖြစ်ပါကြောင်း၊ ထို့အတူ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်ကောင်စီနှင့် အခြားဝန်ကြီးဌာနများက တာဝန်ယူသောမြို့နယ် ၃၀ သည်လည်း ကတ္တရာလမ်းအဆင့်အထိ ရောက်ရှိသွားပြီဖြစ်သည့်အတွက် ကတ္တရာလမ်းအဆင့် ဆောင်ရွက်ရန် ၄၈ မြို့နယ်သာ ကျန်ရှိနေပါကြောင်း၊ ကျန်ရှိနေသော ၄၈ မြို့နယ်ကိုလည်း စီမံချက်များချပြီး အမြန်ဆုံး ကတ္တရာလမ်း အဆင့်ဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လမ်းများကို ဆောင်ရွက်သည့်အခါ ရေ၊ မြေ၊ သဘာဝအခြေအနေအရ သော်လည်းကောင်း၊ လုံခြုံရေးအရသော်လည်းကောင်း၊ ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် မိမိတို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
နိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် (၂၄)နာရီ မီးလင်းပြီးဖြစ်သည့် မြို့နယ်ပေါင်း ၂၅၀ မြို့နယ်ရှိပြီး (၂၄)နာရီ မီးမလင်းဘဲ ကျန်ရှိနေသည်မှာ မြို့နယ် ၈၀ ရှိပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် မြို့နယ်များ အမြန်ဆုံးမီးလင်းရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
