ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နဲ့ ခုနှစ်မိုင် လောက်ဝေးကွာပြီးတော့ ကျောက်ဖြူ-ရန်ကုန်ကားလမ်းမဘေးမှာတည်ရှိတဲ့ အုန်းတောကျေးရွာအုပ်စု မှာ ရဲတပ်ရင်းအမှတ်(၃၂) တည်ဆောက်ဖို့ဆိုပြီးတော့ မြေဧက ၂၀၂.၂၀ ဧက သိမ်းဆည်းခံရတဲ့ကိစ္စနဲ့ ပတ်သက်တဲ့မေးခွန်းအချို့ကို မေးမြန်းလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ နယ် အုန်းတောကျေးရွာအုပ်စု ပြိုင်းစေ့ကေတောကွင်း ကွင်းအမှတ်(၄၆၆)မှာရှိတဲ့ မြေလွတ်၊ မြေရိုင်း၊ ၂၀၂.၂၀ ဧကကို ရဲတပ်ရင်းအမှတ်(၃၂) တည်ဆောက်ရန်အတွက် အသုံးပြုရန်ခွင့်ပြုကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ၁၉-၉-၂၀၁၃ နေ့စွဲပါစာအမှတ်၊ ၀၃/၅-၁/အဖရ ရခိုင် ဖြင့် ခွင့်ပြုခဲ့ပါတယ်။ အဲ့လိုခွင့်ပြုတဲ့ခွင့်ပြုချက်ကို မကျေနပ်ကြောင်း ဖော်ပြပါမြေများကို ပြေစာမဲ့၊ ပြေစာရှိ လက်ရှိ၊ လက်ငုတ်လုပ်ကိုင်နေကြတဲ့ အုန်းတောကျေးရွာ၊ ဝတ်ဆံကျေးရွာ၊ ပြိုင်းစေ့ကေကျေးရွာက တောင်သူ လယ်သမား ၁၃၃ ဦးက ၁၈-၁၁-၂၀၁၃ နေ့ရက်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံကို လတ်မှတ်ရေးထိုး ကန့်ကွက်တိုင်ကြားခဲ့ကြပါတယ်။ ကန့်ကွက်စာမိတ္တူများကို ပြည်ထောင်စုဝန်ကြီးဌာနများအပါအဝင် ပုဂ္ဂိုလ်အဖွဲ့အစည်း ၂၃ ဦးထံသို့ ပေးပို့ခဲ့ပါတယ်။ ကျွန်တော့်ဆီကိုလည်း မိတ္တူတစ်စောင်ပေးပို့လို့ လက်ခံရရှိခဲ့ပါတယ်။ အထက်ဖော်ပြပါမြေကွက်ကို ရဲတပ်ရင်းအမှတ်(၃၂) တည်ဆောက်ရန် သိမ်းယူ ခြင်းကြောင့် မိမိတို့နစ်နာဆုံးရှုံးလျက်ရှိကြောင်း အကူအညီပေးရန်ဆိုပြီးတော့ ကျွန်တော့်ဆီကို ၃၀-၁၁-၂၀၁၃ ရက်နေ့မှာ အထက်ဖော်ပြပါလယ်သမား ၁၃၃ ဦးတို့က အကူအညီတောင်းတဲ့စာလာပို့ကြပါ တယ်။ ရဲတပ်ရင်းအမှတ်(၃၂)တည်ဆောက်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကခွင့်ပြုထားတဲ့ ဒီမြေနေရာ ကို ကျွန်တော်ကိုယ်တိုင် ၄-၁၂-၂၀၁၃ ရက်နေ့က သွားရောက်ပြီးတော့ ကွင်းဆင်းကြည့်ရှုခဲ့ပါတယ်။ ရဲတပ်ရင်းအမှတ်(၃၂)တည်ဆောက်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုထားတဲ့မြေနေရာမှာ ရောက်ရှိနေကြတဲ့ဒေသခံတောင်သူလယ်သမားတွေ၊ အုန်းတောကျေးရွာ အုပ်ချုပ်ရေးမှူးပါ တွေ့ဆုံ စကားပြောခွင့်လည်းရခဲ့ပါတယ်။ ဒီနေရာမှာ မြေကြီးရှင်းလင်းလုပ်ကိုင်ခွင့်တင်ဒါရထားတဲ့ ကုမ္ပဏီ လုပ်သားတွေကိုလည်း တွေ့ခဲ့ကြရပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဖော်ပြပါမြေ ၂၀၂.၂၀ ဧက မြေသည် မြေလွတ်၊ မြေရိုင်းလို့ ဖော်ပြထားသော်လည်း လက်ရှိဖြစ်ရပ်အမှန်မှာတော့ ဒီမြေတွေဟာ မြေလွတ်၊ မြေရိုင်းမဟုတ်ကြပါဘူး။ လယ်မြေတွေနဲ့ ဒီလယ်မြေများကို လုပ်ကိုင်နေကြတဲ့လယ်သမား တွေကိုယ်တိုင် တစ်နည်းမဟုတ်တစ်နည်း လက်ရှိအသုံးပြုနေတဲ့မြေတွေဖြစ်တယ်ဆိုတာ ကျွန်တော် ကိုယ်တိုင်တွေ့ရှိခဲ့ရပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ၁၉-၉-၂၀၁၃ နေ့စွဲပါ စာအမှတ်၊ ၀၃/၅-၁/အဖရ ရခိုင် ဖြင့် မြေသုံးစွဲခွင့်ပြုတဲ့စာပိုဒ်ရဲ့ အပိုဒ် ၁ ပါ ခမရ (၅၄၃) တပ်ရင်းက ရော်ဘာစိုက်ပျိုး ရန်မြေဧက ၂၀ ဆိုတာလည်း အမှန်တကယ်တော့ စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိပါဘူး။ မူလလက်ရှိ တောင်သူလယ်သမားတွေကပဲ မူလအတိုင်းလက်ရှိအသုံးပြုနေကြတဲ့ မြေတွေဖြစ်တယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်တွေ့ရှိခဲ့ရပါတယ်။ ဒေသခံတောင်သူလယ်သမားတွေရဲ့တင်ပြချက်အရ အဲ့ဒီလယ် မြေတွေကိုသိမ်းယူဖို့အတွက် မည်သည့်အဖွဲ့အစည်းကမှလာရောက်ပြီး အသိပေးခြင်း၊ ပြောကြားဖူး ခြင်းမရှိကြောင်း ကုမ္ပဏီတွေက မိမိတို့ရဲ့လယ်မြေတွေကို အတင်းဝင်ရောက်ပြီးတော့ သစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်းတဲ့အခါမှသာ မိမိတို့မြေတွေကို မတရားသိမ်းဆည်းခံရကြောင်း သိရပါတယ်လို့ ကျွန်တော်ကို ပြောပြလို့သိရှိခဲ့ရပါတယ်။ အဲ့ဒီမြေ ၂၀၂.၂၀ မြေဟာ ဒိုးတန်းတောင်၊ ခေါင်းဆိပ်တောင်၊ ငတုန်းချောင်၊ နဂါးတောင် စတဲ့တောင်ကုန်းမြေများနဲ့ ဒီတောင်ကုန်းများအတွင်း လယ်မြေများဖြစ် ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ကန့်ကွက်လျှောက်ထားကြသူများတင်ပြသကဲ့သို့ လက်ရှိအသုံးပြုနေကြ တဲ့မြေများဖြစ်တဲ့အတွက်ကြောင့် မြေလွတ်၊ မြေရိုင်းလို့ သတ်မှတ်သိမ်းယူခြင်းမျိုးမပြုလုပ်သင့်ပါဘူး။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျောက်ဖြူမြို့နယ်ဟာဆိုလို့ရှိရင် ရမ်းဗြဲကျွန်းမကြီးပေါ်မှာ မြေဧရိယာတစ် ဝက်လောက်ပဲရှိပါတယ်။ ကျန်တဲ့တစ်ဝက်ကတော့ အရှေ့ဘက်ကျွန်းတန်းမှာရှိပါတယ်။ အခုအခါမှာ ကျောက်ဖြူမြို့နယ်မှာ ဓညဝတီရေတပ်ဌာနချုပ်အပါအဝင် ရေတပ် တပ်ရင်းတပ်ဖွဲ့များ၊ ခလရ (၃၄)၊ ခမရ (၅၄၂)၊ ခမရ (၅၄၃) စတဲ့ ကြည်းတပ် တပ်ရင်းတပ်ဖွဲ့များတည်ဆောက်ထားခြင်း၊ သဘာဝဓာတ် ငွေ့သန့်စင်စက်ရုံတည်ဆောက်ခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းများ တည်ဆောက်ခြင်း၊ ရေနံတင်ဆိပ်ကမ်းတည်ဆောက်ခြင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်း စသည့်လုပ်ငန်း တွေအတွက် မြေဧက ထောင်ချီပြီးတော့ သိမ်းယူအသုံးပြုနေကြပါတယ်။ တစ်ဖက်မှာ လယ်ယာမြေ တွေနဲ့ အခြားမြေတွေကိုလုပ်ငန်းအမျိုးမျိုးအတွက် သိမ်းဆည်းခံရနေပေမယ့်လည်း အခြားတစ်ဖက်မှာ လယ်ယာမြေဖော်ထုတ်ပေးခြင်းမရှိပါဘူး။ သို့သော်လည်း ကျောက်ဖြူမြို့ရဲ့လူဦးရေဟာ နှစ်စဉ်တိုးပွား လျက်ရှိတယ်။ တာဝန်ရှိအဖွဲ့အစည်းတွေအနေနဲ့ မြေယာများသိမ်းယူခွင့်ပြုတဲ့အခါ ဒီအခြေအနေတွေ ကို အထူးအလေးထားရန် လိုအပ်ပါကြောင်းလည်း တင်ပြလိုပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ လက်ရှိအခြေအနေမှာ ကျောက်ဖြူ-ရန်ကုန်ကားလမ်းမကြီးပေါ်မှာ ကျောက်ဖြူမြို့က မိုင် ၄၀ ကျော်လောက်ဝေးတဲ့ ရမ်းဗြဲမြို့နယ် ပိန္နဲတောင်မှာ တပ်မတော်(ရေ)က ရော်ဘာစိုက်ခင်းတစ်ခုရှိပါတယ်။ ဒီရော်ဘာစိုက်ခင်းကတော့ အင်ဂျင်နီယာ ဦးမောင်တင် ဆီကသိမ်း ထားတဲ့ ရော်ဘာစိုက်ခင်းလို့ သိရပါတယ်။ ရဲတပ်ရင်းအမှတ်(၃၂)ကို အဲ့ဒီနေရာမှာနေရာချထားပေး မယ်ဆိုလို့ရှိရင် ကျောက်ဖြူ-ရန်ကုန်ကားလမ်းမကြီးရဲ့ ကျွန်းကမ်းနယ်မြေလုံခြုံရေးကို များစွာ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ ကျောက်ဖြူမြို့မှာ ရှေးအကျဆုံးနဲ့ စစ်သည်အင်အား ၇၀၀ လောက် တာဝန်ထမ်းဆောင်နေကြတဲ့ ခလရ (၃၄) တပ်ရင်း အခုအချိန်ထိ ကျောက်ဖြူမြို့မှာရှိပါ တယ်။ ခလရ (၃၄) တပ်ရင်းအတွက် သိမ်းယူထားတဲ့မြေဟာ ကျွန်တော်သိရသလောက် မြေဧက ၄၀ ကျော်လောက်ပဲရှိပါတယ်။ အသစ်ဖြစ်တဲ့ ခမရ (၅၄၂)၊ ခမရ (၅၄၃) တပ်ရင်းတွေမှာ စစ်သည် အင်အား ကျွန်တော်သိရသလောက်၊ ကြားသိရသလောက် ၂၀၀ ကျော်ခန့်ပဲရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီတပ်ရင်းတွေအတွက် မြေဧက ၂၀၀ ကျော် သိမ်းယူထားတဲ့ကိစ္စတွေကို တွေ့ရပါတယ်။ ရဲတပ်ရင်းအမှတ် (၃၂)အတွက် သိမ်းယူခွင့်ပြုထားတဲ့မြေ ၂၀၂.၂၀ ဧကဟာ အမှန်တကယ်လိုအပ်တဲ့ မြေတွေထက်ပိုတယ်လို့ ကျွန်တော်က သဘောရရှိပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျောက်ဖြူမြို့နယ်မှာ အခုအခါမှာ အထူးစီးပွားရေးဇုန်တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပါတယ်။ မြေယာအများအပြားလည်း သိမ်းယူအသုံးကြဦးမှာဖြစ်ပါတယ်။ ဒီလိုမြေ ယာအများအပြားသိမ်းယူပြီးတော့ အထူးစီးပွားရေးဇုန်တည်ဆောက်နိုင်ပါမှလည်း ဒေသဖွံ့ဖြိုးတိုး တက်လာမှာဖြစ်ပါတယ်။ ကျောက်ဖြူမြို့နယ်အပါအဝင် ရခိုင်တစ်ပြည်နယ်လုံးဟာ တစ်နိုင်ငံလုံးမှာ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ အဖက်ဖက်မှ အနိမ့်ကျဆုံးအဖက်မှာရှိနေပါတယ်။ ကျောက်ဖြူမြို့နယ် မှာ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ မြို့နယ်၊ ခရိုင် ရဲတပ်ဖွဲ့များဖြင့် ရေကြောင်းရဲတပ်ဖွဲ့လည်း ထပ်မံ ထားရှိဦးမှာဖြစ်ပါတယ်။ ကျောက်ဖြူမြို့မှာ ဓညဝတီရေတပ်ဌာနချုပ်အပါအဝင် ရေတပ်ရင်းတပ်ဖွဲ့ များ ခလရအပါအဝင် ခမရ (၅၄၂)၊ ခမရ (၅၄၃) စတဲ့ ကြည်းတပ် တပ်ရင်းတပ်ဖွဲ့များရှိတဲ့အတွက် ကြောင့် လုံခြုံရေးအတွက် စိုးရိမ်စရာအခြေအနေမပေါ်ပေါက်နိုင်ပါဘူး။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အထူးစီးပွားရေးဇုန်ထူထောင်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမယ့်ဒေသ ဖြစ်ပါတယ်။ ဒါ့ကြောင့် အောက်ပါမေးခွန်းအချို့ကို မေးမြန်းလိုပါတယ်။ မေးခွန်းများကတော့-
နံပါတ်(၁) ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၁၉-၉-၂၀၁၃ နေ့စွဲပါစာအမှတ်၊ ၀၃/၅-၁/အဖရ ရခိုင် ဖြင့် ရဲတပ်ရင်းအမှတ်(၃၂) တည်ဆောက်ရန် အသုံးပြုခွင့်ပေးထားသည့်မြေ ၂၀၂.၂၀ ဧကသည် အမှန်တကယ်မြေပြင်၌ မြေလွတ်၊ မြေရိုင်းဟုတ်မဟုတ်ကို ကန့်ကွက်လျှောက်ထားကြသူ လယ်သမား ၁၃၃ ဦး နားလည်သဘောပေါက်အောင် ပွင့်လင်းမြင်သာသည့်နည်းဖြင့် ရှင်းလင်းပေးနိုင်ပါမည်လား။ မေးခွန်းနံပါတ်(၂) ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၁၉-၉-၂၀၁၃ ရက်စွဲပါစာဖြင့် ရဲတပ်ရင်းအမှတ်(၃၂) တည်ဆောက်ရန် အသုံးပြုခွင့်ပေးထားသည့်မြေ ၂၀၂.၂၀ ဧကသည် မြေလွတ်၊ မြေရိုင်းအဖြစ် သိမ်းယူ မည်ဆိုပါက တည်ဆဲဖြစ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများ နှင့်အညီဖြစ်တယ်လို့ ပွင့်လင်းမြင်သာသည့်နည်းလမ်းများဖြင့် ကန့်ကွက်လျောက်ထားကြသူ လယ်သမား ၁၃၃ ဦးကို ရှင်းလင်းပေးနိုင်ပါမည်လား။ မေးခွန်းနံပါတ်(၃) ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ရဲတပ်ရင်းအမှတ်(၃၂) တည်ဆောက်ရန် ယခုခွင့်ပြုထားသောမြေမှအပ အခြားမြေယာတစ်ခုခု ဥပမာ ဆိုလို့ရှိရင် ကျောက်ဖြူ-ရန်ကုန်ကားလမ်းမဘေးမှာရှိတဲ့ ပိန္နဲတောင်တပ်မတော်(ရေ) ရော်ဘာစိုက်ခင်း လိုနေရာမျိုးကို ရွေးချယ်ပေးနိုင်ပါမည်လား။ နံပါတ်(၄) ရဲတပ်ရင်းအမှတ်(၃၂)တည်ဆောက်ရန် သိမ်းဆည်းသည့် မြေသိမ်းဆည်းသည့်အခါ ရဲတပ်ရင်းအတွက် အနည်းဆုံးလိုအပ်သည့်မြေ ဥပမာ ခလရ(၃၄) တပ်ရင်းအတွက် မြေဧက ၄၀ ခန့်သာ သိမ်းယူခဲ့တဲ့နမူနာမျိုးကို ပြုလုပ်သင့်သည်ဆိုတာ မှန်ပါသလား။ မေးခွန်းနံပါတ်(၅) ရဲတပ်ရင်းအမှတ်(၃၂)အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အသုံး ပြုခွင့်ပေးထားသည့်မြေများကို သိမ်းယူမည်ဆိုပါက လက်ရှိအသုံးပြုနေသူများကို လျော်ကြေးပေးရန် အစီအစဉ်ရှိ/မရှိနှင့် လျော်ကွေးပေးမည်ဆိုပါကလည်း မည်ကဲ့သို့ပေးလျော်မည်ကို သိရှိလိုပါသဖြင့် မေးမြန်းအပ်ပါတယ်။
ပထမမေးခွန်းဖြစ်တဲ့ အမှတ်(၃၂) ရဲတပ်ရင်းတည်ဆောက်ရန် အသုံးပြုခွင့်ပေး ထားတဲ့ မြေ ၂၀၂.၂၀ ဧကဟာ အမှန်တကယ်မြေပြင်၌ မြေလွတ်မြေရိုင်း သို့မဟုတ် ကန့်ကွက်လျှောက် ထားကြသူလယ်သမား ၁၃၃ ဦး နားလည်သဘောပေါက်အောင် ပွင့်လင်းမြင်သာသော နည်းလမ်းနဲ့ ရှင်းလင်းပေးနိုင်မည်လား မေးခွန်းနှင့်စပ်လျဉ်းပြီး ဖြေကြားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အမှတ် (၃၂) ရဲတပ်ရင်းတည်ဆောက်ရန် အသုံးပြုခွင့်ပေးထားတဲ့ မြေဧရိယာ ၂၀၂.၂၀ ဧကဟာ ကျောက်ဖြူ မြို့နယ် အုန်းတောကျေးရွာအုပ်စု ကွင်းအမှတ် ၄၆၆ ရှိမြေကွက်အမှတ် (၂၈၉၈၊ ၃၀၁၁၊ ၃၀၂၅၊ ၃၁၅၁၊ ၃၁၉၈ နှင့် ၃၂၀၆)တို့မှာ တည်ရှိပါတယ်။ ၎င်းမြေနေရာကို မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စိုက် ပျိုးရေးဦးစီးဌာန အုန်းတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ပါဝင်တဲ့ကွင်းဆင်းအဖွဲ့ စိစစ်တွေ့ရှိ ချက်အရ သစ်တောကြိုးဝိုင်းနှင့် စားကျက်မြေများအတွင်း ကျရောက်မှုမရှိခြင်း နှစ်ရှည်ဥယျဉ်ခြံ စိုက်ပျိုးခြင်းနှင့် စီမံကိန်းသီးနှံ စိုက်ပျိုးထားမှုမရှိခြင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများဖြစ်ခြင်း ကြောင့်လည်းကောင်း၊ ပြည်နယ်မြေစာရင်းဦးစီးဌာနမှလည်း အဆိုပါလျာထားမြေဟာ မြေလွတ်၊ မြေ လပ်၊ မြေရိုင်းများဖြစ်ခြင်း၊ လျှောက်ထားမြေဟာ လက်ရှိ၊ လက်ငုတ်လုပ်ကိုင်သူများမရှိဘဲ သဘာဝ ပေါက်ပင်များ ခြုံနွယ်များပေါက်ရောက်လျက်ရှိခြင်း၊ ယခင်က လုပ်ကိုင်ခွင့်ချထားပေးခြင်း၊ ယှဉ်ပြိုင် လျှောက်ထားခြင်းနှင့် မြေထပ်ခြင်းများမရှိခြင်းတို့ကြောင့်လည်းကောင်း၊ အစိုးရမှခွင့်ပြုသော ဥပဒေ နှင့်ညီညွတ်တဲ့ အခြားလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် တင်ပြလျှောက်ထားတဲ့မြေ ၂၀၂.၂၀ ဧကအား လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲဖွင့်လှစ်လျှောက်ထားနိုင်ရန်အတွက် ခွင့်ပြုပေး သင့်ပါကြောင်းဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ ညွှန်ကြားရေးမှူးချုပ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနကို ထောက်ခံတင်ပြထားကြောင်းလည်း စိစစ်တွေ့ရှိရပါတယ်။
အဆိုပါမြေနေရာဟာ အမှန်တကယ်မြေပြင်မှာ မြေလွတ်၊ မြေရိုင်းများဖြစ်ကြောင်းကို ဒေသခံ တောင်သူများ နားလည်သဘောပေါက်စေရန် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကျောက်ဖြူ ခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူး အောင်အောင်၊ ကျောက်ဖြူမြို့နယ် မြေစာရင်းဦးစီးဌာနမှူး ဦးအေးဝင်းစိုး၊ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဦးကျော်နု တို့ ပါဝင်တဲ့အဖွဲ့က အုန်းတောကျေးရွာအုပ်စု ဝတ်ဆံကျေးရွာမှာ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး၊ ရပ်မိရပ်ဖ ဒေသခံတောင်သူလယ်သမား စုစုပေါင်း ၅၀ ဦးတို့နှင့် ပထမအကြိမ်ပွင့်လင်းမြင်သာ စွာ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။
ဆက်လက်၍လည်း ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ အမှတ်(၆)ရဲတပ်ရင်းစုမှူး ယာယီရဲမှူးကြီး ခင်ကျော်၊ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ထွဋ် ဦးစီးအဖွဲ့နှင့် ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုး တို့ဦးစီးတဲ့ဌာနဆိုင်ရာအဖွဲ့တို့ကလည်း အုန်းတော ကျေးရွာအုပ်စု ပြိုင်းစေ့ကေကျေးရွာ၊ ပြိုင်းစေ့ကေဘုန်းတော်ကြီးကျောင်းမှာ ရပ်မိရပ်ဖ၊ ဒေသခံ တောင်သူ ၁၁၀ ဦးတို့နဲ့ ဒုတိယအကြိမ် ပွင့်လင်းမြင်သာစွာ ထပ်မံတွေ့ဆုံပြီး အဆိုပါမြေဧရိယာ ၂၀၂.၂၀ ဧကဟာ တောင်သူများသီးနှံစိုက်ပျိုးမှုမဖြစ်ထွန်းတဲ့နေရာဖြစ်တဲ့အတွက် ရေရှည်မှာလုံခြုံရေး မြေနေရာအဖြစ်သာ အသုံးပြုရန်သင့်လျော်ကြောင်း ရှင်းလင်းဆွေးနွေးပြီးဖြစ်သော်လည်း သက်ဆိုင် ရာတာဝန်ရှိသူများမှ တောင်သူများကို ထပ်မံရှင်းလင်းဆွေးနွေးမှုများကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
ဒုတိယမေးခွန်းအနေနဲ့ ဆက်လက်ဖြေကြားရရင် အမှတ်(၃၂) ရဲတပ်ရင်းတည်ဆောက်ရန် အတွက် မြေဧရိယာ ၂၀၂.၂ ဧကရရှိရေးနှင့်ပတ်သက်၍ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲ ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီအသုံးပြုခွင့်ရရှိရေး မြေစာရင်းပုံစံ ၁၀၅ ရေးဆွဲခွင့်အား ရခိုင် ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ တင်ပြဆောင်ရွက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှာပြုလုပ်တဲ့ အစည်းအဝေးအမှတ်စဉ်(၂၀/၂၀၁၃) ဆုံးဖြတ်ချက်အရ လျောက်ထားမြေ ၂၀၂.၂ ဧကအား အမှတ်(၃၂) ရဲတပ်ရင်းတည်ဆောက်ရန် မြေနေရာအဖြစ်အသုံး ပြု ရန်ခွင့်ပြုကြောင်းနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် အကြောင်းကြားခဲ့ပါတယ်။ ထိုသို့အကြောင်းကြားချက်အရ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှ အစိုးရက ခွင့်ပြုသောဥပဒေနှင့် ညီညွတ် သော အခြားလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်လွှာပုံစံ ၄ ဖြင့် ၂၀၁၃ ခုနှစ်၊ နိုဝင် ဘာလ ၂၉ ရက်နေ့မှာ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ နေပြည်တော်သို့ တင်ပြခဲ့ပြီးဖြစ်ပါကြောင်းနှင့် ဒေသခံတောင်သူများကိုလည်း နှစ်ကြိမ်တိုင်တိုင် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
တတိယမေးခွန်းဖြစ်တဲ့ မေးခွန်းကိုဖြေကြားရရင် အမှတ်(၃၂) ရဲတပ်ရင်းတည်ဆောက်ရန် ခွင့်ပြုထားတဲ့မြေမှာ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ရဲ့ ကွင်းဆင်းစိစစ်ထောက်ခံချက်များအရ ၎င်းမြေဟာ မြေအနေအထားအရ ကျောက်တုံး၊ ကျောက်ခဲများပေါများသောမြေဖြစ်ပြီး နှစ်ရှည်ပင်နှင့် ရာသီသီးနှံပင်များ စိုက်ပျိုးထား ခြင်းမရှိကြောင်း၊ ၎င်းနေရာဟာ ရဲတပ်ရင်းတည်ဆောက်ရန် စစ်ဗျူဟာ တရားဥပဒေစိုးမိုးရေးအတွက် အချက်အချာကျတဲ့နေရာတွင်တည်ရှိခြင်းတို့ကြောင့် လက်ရှိရွေးချယ်ထားတဲ့မြေနေရာက အသင့်လျော် ဆုံးဖြစ်ကြောင်းနှင့် ကျောက်ဖြူ-ရန်ကုန်ကားလမ်းဘေးမှာရှိတဲ့ တပ်မတော်(ရေ)ရဲ့ ပိန္နဲတောင်ရော်ဘာ စိုက်ခင်းမြေနေရာဟာ မြေဧရိယာ ၂၄၅ ဧကရှိပြီး မြေလွတ်၊ မြေရိုင်းအသုံးပြုခွင့် ခွင့်ပြုမိန့်ကျပြီးဖြစ် တဲ့အပြင် လက်ရှိရော်ဘာထုတ်ယူနိုင်တဲ့ အပင်အရွယ်အစားအထိ ဧရိယာအပြည့် စိုက်ပျိုးထားရှိပြီး ဖြစ်တဲ့အတွက် ရဲတပ်ရင်းမြေနေရာအတွက် လျာထားရွေးချယ်ခြင်းမပြုခဲ့ကြောင်း စိစစ်တွေ့ရှိရပါ တယ်။
စတုတ္ထမေးခွန်းနဲ့စပ်လျဉ်းပြီးဖြေကြားရလျှင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ၏ စိစစ်တွေ့ရှိ ချက်များအရ အမှတ် (၃၂) ရဲတပ်ရင်းတည်ဆောက်ရန် ခွင့်ပြုထားတဲ့မြေဧရိယာ ၂၀၂.၂ ဧကမှာ တောင်ကုန်း၊ တောင်တန်းများ၊ ကျောက်တုံးနှင့်ကျောက်ခဲများပေါများခြင်း၊ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုမရှိခြင်းနဲ့ လျှောက်ထားမြေ ၂၀၂.၂ ဧကမှာ ကျောက်ဖြူမြို့နယ် ခမရ (၅၄၃) တပ်ရင်း မှရော်ဘာစိုက်ပျိုးရန် ၁၉၉၉ ခုနှစ်ကတည်းက လျှောက်ထားတဲ့မြေလွတ်၊ မြေရိုင်း ၁၈၀ ဧကနှင့် ဆက်စပ်မြေ ၂၂.၂ ဧကတို့ ပါရှိပါတယ်။ ခမရ (၅၄၃) မှ လျှောက်ထားမြေ ၁၈၀ ဧကအား ရာသီသီးနှံ၊ စက်မှုကုန်ကြမ်းရာသီသီးနှံ၊ ဥယျာဉ်ခြံသီးနှံ၊ နှစ်ရှည်ပင်စိုက်ပျိုးမှုအတွက် လုပ်ပိုင်ခွင့်ရရှိရေးတင်ပြခဲ့ မှုနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၅ ရက်စွဲပါစာအမှတ်၊ ၁/၃၀၆၄/၅၄၃/ထောက် ၅(က) ဖြင့် ၎င်းမြေမှာ အမှတ်(၃၂) ရဲတပ်ရင်းဖွင့်လှစ်ရန် အမှန်တကယ် လိုအပ်တဲ့မြေဖြစ်နေခြင်းကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ အထောက်အထားပြည့်စုံစွာဖြင့် မြေအသုံးချခွင့်လျှောက်ထားခြင်းကို ၂၀၁၃ ခုနှှစ်၊ သြဂုတ်လ ၅ ရက်နေ့မှာ ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဖြစ်ကြောင်းလည်း စိစစ်တွေ့ရှိရပါတယ်။ သို့ဖြစ်တဲ့အတွက် ရဲတပ်ရင်းတစ်ရင်းရဲ့ဖွဲ့စည်းပုံအရ လိုအပ် တဲ့အုပ်ချုပ်မှုဆိုင်ရာရုံး၊ တပ်ဖွဲ့ဝင်နေအိမ်ဆောက်အဦများ၊ လေ့ကျင့်ရေးကွင်းများ၊ လုံခြုံရေးဆိုင်ရာ ဆက်စပ်အဆောက်အဦများ ဆောက်လုပ်ရမှာဖြစ်တဲ့အတွက် မြေဧက ၂၀၂.၂ ဧကဟာ လုံခြုံရေးအရ အမှန်တကယ်လိုအပ်တဲ့ မြေအကျယ်အဝန်းဖြစ်ပါကြောင်းလည်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
နောက်ဆုံးမေးခွန်းဖြစ်တဲ့ မေးခွန်းကိုဖြေကြားရရင် အမှတ်(၃၂) ရဲတပ်ရင်းတည်ဆောက်မည့် မြေက၂၀၂.၂ ဧကဟာ ပြည်နယ်မြေစာရင်းဦးစီးဌာနရဲ့ စိစစ်တွေ့ရှိချက်အရ မြေရိုင်းအမျိုးအစား ဖြစ်ခြင်း ယင်းမြေတွင် လက်ရှိ၊ လက်ငုတ်လုပ်ကိုင်သူမရှိဘဲ သဘာဝပေါက်ပင်များနှင့် ခြုံနွယ်များ ပေါက်ရောက်လျက်ရှိခြင်း၊ ယခင်က လုပ်ကိုင်ခွင့်ချထားပေးခြင်း၊ ယှဉ်ပြိုင်လျှောက်ထားခြင်း၊ မြေထပ် ခြင်းများမရှိခြင်းတို့ကြောင့် အမှတ်(၃၂) ရဲတပ်ရင်းက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အစိုးရမှ ခွင့်ပြုထားသော ဥပဒေနဲ့ညီညွတ်တဲ့အခြားလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထား ခြင်းသာဖြစ်ပြီး မြေသိမ်းဆည်းရန်ဆောင်ရွက်ခြင်းမဟုတ်တဲ့အတွက် မြေလျော်ကြေးပေးရန်မလိုအပ် ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
ဦးဘရှိန်(ကျောက်ဖြူမဲဆန္ဒနယ်)။ ။ ဆက်စပ်မေးခွန်း တစ်ခုလောက်မေးပါရစေ။ အခုနက ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြေကြားတဲ့အထဲမှာ ပြိုင်းစေ့ကေတောကွင်း ကွင်းအမှတ် ၄၆၆ မြေလွတ်မြေရိုင်းအမှတ် (၂၈၉၈၊ ၃၀၁၁၊ ၃၀၂၅၊ ၃၁၅၁၊ ၃၁၉၈၊ ၃၂၀၆) စတဲ့မြေကွင်း မြေတွေဟာ မြေလွတ်မြေရိုင်းတွေလို့ စာအုပ်ထဲမှာ၊ စာရွက်တွေထဲမှာ ရေးပြီးတော့ ဌာနဆိုင်ရာတွေက ထောက်ခံ ချက်အမျိုမျိုးတွေပေးပြီးတော့ နိုင်ငံတော်အဆင့်မြင့်တဲ့ နေပြည်တော်အထိ စာရွက်စာတမ်းတွေနဲ့ တင်ပြပြီးတော့ ခွင့်ပြုချက်ရယူထားတယ်ဆိုတာကတော့ ဝန်ကြီးဖတ်ပြလို့ ကျွန်တော်တို့ ကြားရပါ တယ်။ ရပ်သူရွာသားတွေဆီကပေးလာတဲ့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့စာမှာပါတဲ့စာအရလည်း ဒီစာအရ လည်း ကျွန်တော်တို့ သိရပါတယ်။ သို့သော် တကယ်လက်ရှိမြေပြင်မှာ ဒီမြေတွေဟာ လယ်သမားတွေ က အပင်စိုက်မထားပေမယ့် ဒီမြေတွေကို နွားကျောင်းတယ်။ ရာသီသီးနှံစိုက်တယ် စသည်ဖြင့် အမျိုး မျိုး အသုံးပြုနေရတယ်။ ဒီမြေတွေဟာ ရွာပတ်ပတ်လည်ဝိုင်းပြီးတော့ ကားလမ်းဘေးမှာ လူသူလေးပါး စွန့်ပစ်ထားတဲ့ မြေလွတ်၊ မြေရိုင်းမဟုတ်ဘဲနဲ့ လူတကာလယ်သမားတွေ တစ်နည်းနည်းနဲ့ အသုံးပြုနေ ကြတဲ့မြေဆိုတာကိုတော့ ဝန်ကြီးဌာနက ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးတဲ့အခါ ကျွန်တော်ကိုယ်တိုင် လည်း လိုက်ပါလိုပါတယ်။ ခွင့်ပြုလို့ရှိရင် ကျွန်တော် တကယ်သွားမယ်ဆိုလို့ရှိရင် ကျွန်တော်လည်း လိုက်ကြည့်ပါရစေ။ ပြန်လည်ပြီးတော့ တင်ပြလိုပါတယ်။
ဥက္ကဋ္ဌ။ ။ ဘာများပြန်လည် ဖြေကြားဖို့ရှိပါဦးမလဲ။
ဗိုလ်မှူးချုပ်ကျော်ဇံမြင့်(ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန)။ ။ ကျွန်တော်တို့အခု အမှတ် (၃၂)ရဲတပ်ရင်းတည်ဆောက်မယ့် ကျွန်တော်တို့ အသုံးပြုခွင့်ပေးထားသောမြေဧကဟာ ကျွန်တော်တို့ သက်ဆိုင်ရာဌာနအသီးသီးကို လုပ်ထုံးလုပ်နည်းအရ တင်ပြဆောင်ရွက်သွားခြင်းဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ဖို့လည်း ကျွန်တော်တို့ သက်ဆိုင်ရာရခိုင်ပြည်နယ် မြေစာရင်းဦးစီးဌာနမှူးကလည်း ဒီဟာ ကို ကျွန်တော်တို့ မြေပြင်ကွင်းဆင်းပြီးတော့စစ်ဆေးချက်ကိုလည်း တောင်းခံထားပြီး တင်ပြထားပြီးဖြစ် ပါတယ်။ ဒါကတော့ ပြည်နယ်မြေစာရင်းဦးစီးဌာနမှူး ဦးသန်းထွဋ် ကနေပြီးတော့ ဒီသဘောထားမှတ် ချက်တင်ပြတာရှိပါတယ်။ ဒါကတော့ ကျောက်ဖြူမြို့အစိုးရရပ်ကွက်နေ ဒုတိယရဲမှူးကြီး ဦးစံရွှေမောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ကျောက်ဖြူခရိုင်မှ အမှတ်(၃၂) ရဲတပ်ရင်းအသုံးပြုရန်အတွက် အခြားနည်းအသုံးပြု ခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း စိစစ်တွေ့ရှိရပါတယ်။
(က)လျှောက်ထားမြေမှာ ကျောက်ဖြူခရိုင် အုန်းတောကျေးရွာအုပ်စု ကွင်းအမှတ်(၄၆၆) ပြိုင်းစေ့ကေတောကွင်း မြေကွက်အမှတ်(၃၁၅၁၊ ၃၁၉၈၊ ၃၂၀၆၊ ၂၈၉၈၊ ၃၀၁၁၊ ၃၀၂၅) အတွင်းမှာရှိ တဲ့မြေဧရိယာ ၂၀၂.၂ ဖြစ်ပါသည်။ (ခ)လျှောက်ထားမြေမှာ မြေရိုင်းမြေအမျိုးအစားဖြစ်ပါသည်။ (ဂ) လျှောက်ထားမြေအတွင်း လက်ရှိ၊ လက်ငုတ်လုပ်ကိုင်သူများမရှိဘဲ သဘာဝပေါက်ပင်များ၊ ခြုံနွယ်များ ပေါက်ရောက်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ (ဃ)လျှောက်ထားမြေနဲ့ပတ်သက်၍ ပတ်ဝန်း ကျင်ကျေးရွာရှိ ဒေသခံတောင်သူများနှင့်လည်း နှစ်ဦးနှစ်ဖက်ပြေလည်စွာ ညှိနှိုင်းဆောင်ရွက်မည်ဖြစ် ပါသည်။ (င)လျှောက်ထားမြေများအား ယခင်လုပ်ကိုင်ခွင့်ချထားပေးခြင်း၊ ယှဉ်ပြိုင်လျှောက်ထားခြင်း၊ မြေထပ် ခြင်းများ မပါရှိကြောင်းလည်း စိစစ်တွေ့ရှိရပါသည်။ (စ)လျှောက်ထားမြေအား အမှတ်(၃၂) ရဲတပ်ရင်းမြေနေရာအဖြစ် အသုံးပြုလျှောက်ထားသည့်ကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှလည်း ခွင့်ပြုထားပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကျောက်ဖြူမြို့ အမှတ်(၃၂) ရဲတပ်ရင်းမြေနေရာအဖြစ် အခြားနည်းအသုံးပြုရန် တင်ပြလျှောက်ထားသည့်မြေနေရာအား လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုတွဲ ဖွင့်လှစ် လျှောက်ထားနိုင်ရန် ခွင့်ပြုပေးသင့်ပါကြောင်း ထောက်ခံတင်ပြသည်ဆိုပြီးတော့ သက်ဆိုင်ရာ ပြည်နယ်မြေစာရင်းဦးစီးဌာနကနေပြီးတော့ ထောက်ခံပြီးတော့ ကျွန်တော်တို့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းနဲ့ စီမံခန့်ခွဲမှုဗဟိုကော်မတီကို တင်ပြထားခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့လည်း အဲ့ဒီအဆင့် အထိ တင်ပြထားပြီးဖြစ်ပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်ကလည်း ဆင်းပြီးတော့ ဆောင်ရွက်ထားကြောင်းလည်း ကျွန်တော်တို့ သိရှိရပါတယ်။ ဒါကြောင့်မို့လို့ ပြည်နယ်မြေစာရင်းဦးစီးမှ ဒါကိုထောက်ခံတင်ပြထားခြင်းဖြစ်ကြောင်း တင်ပြလိုပါ တယ်။
