(ဃ)-အစိုးရသတင်းစာများ၊ Internet Website တို့မှ လွှတ်တော်ကိုယ်စားလှယ်များအပေါ် ဝေဖန် တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ လွှတ်တော်မှ တုံ့ပြန်ဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၄၀) ရက်မြောက်နေ့ (၆.၉.၂၀၁၂)

 

အစိုးရသတင်းစာများ၊ Internet Website တို့မှ လွှတ်တော်ကိုယ်စားလှယ်များအပေါ် ဝေဖန်တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ လွှတ်တော်မှ တုံ့ပြန်ဆောင်ရွက်နေမှုများနှင့် ဆက်စပ်နေသည့်မေးခွန်းများ မေးမှာဖြစ်ပါ တယ်ခင်ဗျား။ ယခုအခါတွင် လွှတ်တော်အသီးသီး၌ ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များအား ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းများအဖြစ် ထည့်သွင်းအဓိပ္ပာယ်ဖွင့်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုမရှိဟု အခြေခံဥပဒေခုံရုံးက သတ်မှတ်ချက်နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များအပေါ် အစိုးရသတင်းစာများ၊ Internet Website တို့မှနေ၍ လွှတ်တော်ကိုယ်စားလှယ်များအပေါ်ဝေဖန်တိုက်ခိုက်နေသည်ကို တွေ့ရှိနေရပါ သည်။ အဆိုပါတိုက်ခိုက်မှုများသည် လွှတ်တော်ကိုယ်စားလှယ်များအပေါ် ပြည်သူလူထုက အထင် အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ ထိုသို့တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များဘက်မှ ထိရောက်သော တန်ပြန်ဖြေရှင်းမှုများ ဆောင်ရွက်ပြုလုပ်ခြင်းကို မတွေ့ရှိရသေးပါ။ လွှတ်တော်ကိုယ်စားလှယ်များ၏ တန်ပြန်ဆောင်ရွက်မှုများကို အစိုးရသတင်းစာများ တွင် ဖော်ပြမှုများကိုလည်း မတွေ့ရှိရသေးပါ။ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်နေမှုများအပေါ် ပြည်သူတွေ၏အမြင်ကြည်လင်ရှင်းလင်းရန် လိုအပ်ပါကြောင်း၊ လွှတ်တော် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့များအား ပြည်ထောင်စုအဆင့် သတ်မှတ်လိုခြင်းသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်ထောင်စုဝန်ကြီးအဆင့် ခံစားခွင့်၊ ရပိုင်ခွင့်များကို ရယူလိုသောကြောင့်ဖြစ်သည်ဟု ပြောဆိုနေကြ ပါသည်။ ထို့အတွက်ကြောင့် ပထမမေးမြန်းလိုသော မေးခွန်းမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များအနေဖြင့် ပြည်ထောင်စုဝန်ကြီးအဆင့် ခံစားခွင့်၊ ရပိုင်ခွင့်များတောင်းခံခဲ့ခြင်းရှိ၊မရှိ သိရှိလို ပါသည်။ မရှိပါက မရှိကြောင်း တုံ့ပြန်ဖြေရှင်းပေးစေလိုပါသည်ခင်ဗျား။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁(က)အရ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဥပဒေ ပြုရေးအဖွဲ့အစည်း အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းပြုရန် ပြဋ္ဌာန်းထားပါသည်။ ပြည်ထောင်စုလွှတ်တော်ရေးရာကော်မတီများ၊ ကော်မရှင်များကို အဆိုပါ အပြန်အလှန် ထိန်းကျောင်း ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စား ဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ဒုတိယမေးခွန်းအဖြစ်မေးမြန်းလိုသည်မှာ ပြည်ထောင်စု လွှတ်တော်ရေးရာကော်မတီများ၊ ကော်မရှင်များသည် ဝန်ကြီးဌာနလုပ်ငန်းများကို ဝင်ရောက်စွက်ဖက် သကဲ့သို့ ဆောင်ရွက်နေခြင်းရှိ၊မရှိ သိရှိလိုပါသည်။ ဆောင်ရွက်နေခြင်းမရှိပါက မည်ကဲ့သို့ဆောင်ရွက် လျက်ရှိနေကြောင်းကို ရှင်းလင်းစွာသိရှိလိုပါသည်။

တတိယမေးခွန်းအဖြစ်မေးမြန်းလိုသည်မှာ ပြည်ထောင်စုလွှတ်တော်ကို ပြည်သူ သန်း ၆၀ အတွက် ကိုယ်စားပြုထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ယခုအချိန်အခါတွင် လွှတ်တော်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကျဆင်းအောင် နည်းမျိုးစုံဖြင့်တိုက်ခိုက်နေခြင်းသည် ပြည်သူလူထု ကိုစော်ကားတိုက်ခိုက်နေခြင်းွဖစ်ကြောင်း သိရှိပါသလား။ သိရှိပါက ယင်းကဲ့သို့ ဆောင်ရွက်နေမှုများအပေါ် လွှတ်တော်က မည်ကဲ့သို့ သဘောထားသည်ကို သိရှိလိုပါသည်။ ယခုအချိန်သည် မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံတော်သစ်အဖြစ် တည်ဆောက်နေသည့်ကာလ ဖြစ်ပါသည်။ ထိုသို့ တည်ဆောက်နေသည့်အခါ ဒီမိုကရေစီကျင့်စြဉ်ဖင့် မှန်ကန်စွာ အကောင်အထည် ဖော်တည်ဆောက်သွားရန် လိုအပ်ပါသည်။ အမှန်တကယ် တည်ဆောက်မည်ဆိုပါက လွှတ်တော်များ၏ ကဏ္ဍကို ပီပြင်စွာဆောင်ရွက်နိုင်ပါမှ ဒီမိုကရေစီစနစ်ပီပြင်စွာ ဖြစ်ထွန်းမည် ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်ကမည်ကဲ့သို့ သဘောထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လွှတ်တော်အခွင့်အရေးကော်မတီ၊ အတွင်းရေးမှူး ဒေါက်တာစိုးရင်
အဖြေ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်ထောင်စုဝန်ကြီး အဆင့် ခံစားခွင့်၊ ရပိုင်ခွင့်များ တောင်းခံခဲ့ခြင်းရှိ၊မရှိသိရှိလိုပါသည်။ မရှိပါက မရှိကြောင်း တုံ့ပြန်ဖြေရှင်းစေလိုပါသည် ဆိုသည့်မေးခွန်းနှင့်ပတ်သက်ပြီး ဖြေကြားပါမယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့အချိန်အထိ မည်သည့်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးတစ်ယောက်ကမှ ပြည်ထောင်စုဝန်ကြီး အဆင့် ခံစားခွင့်၊ ရပိုင်ခွင့်များကို တောင်းခံခဲ့ခြင်း မရှိပါကြောင်း ပြည်သူ့လွှတ်တော် အခွင့်အရေး ကော်မတီကိုယ်စား ဖြေကြားအပ်ပါတယ်ခင်ဗျား။ လွှတ်တော်ကိုယ်စားလှယ်များဟာ မိမိရဲ့ကိုယ်ကျိုး ကိုမငဲ့ဘဲနဲ့ ပြည်သူ့လွှတ်တော်အတွင်းမှာ နိုင်ငံအကျိုး၊ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုးကို ဥပဒေ ပြုရေးလုပ်ငန်းများနှင့်အတူ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အပြန် အလှန်ထိန်းကျောင်းရေးလုပ်ငန်းတွေကို ပါတီစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲများလက်ကိုင်မထားဘဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ဦးဆောင်လမ်းညွှန်မှုနှင့်အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များ နှင့်အညီ ဆောင်ရွက်လျက်ရှိကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များဟာ ကိုယ်စားလှယ်များ ရပိုင်ခွင့်ရှိတဲ့ လွှတ်တော်အခွင့်အရေးများကိုသာ လွှတ်တော်က ခွင့်ပြုပေးအပ်ထားတဲ့အတိုင်း ရယူပြီး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြခြင်းဖြစ်ကြပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များရရှိသည့် ခံစားခွင့်တွေကို ရရှိလိုတာကြောင့် ပြည်ထောင်စုအဆင့်ကို သတ်မှတ်တောင်းဆို နေကြတာမဟုတ်ပါဘူး။ လွှတ်တော်များက ဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တွေအနေနဲ့ နိုင်ငံတော်အချုပ်အခြာအာဏာရဲ့ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနဲ့ အပြန်အလှန်ထိန်းကျောင်းွခင်း ပြုရာမှာ ဒီကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တွေရဲ့ အဆင့်အတန်းဟာ ပြည်ထောင်စုအဆင့်ရှိမှသာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအဖွဲ့တွေနဲ့ တန်းတူရည်တူ အပြန်အလှန်ထိန်းကျောင်းမှုတွေ ဆောင်ရွက်နိုင်ကြမှာဖြစ်တဲ့အတွက်ကြောင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ ဖြစ်တယ်လို့ သတ်မှတ်လိုတာဖြစ်ကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် ကျိုင်းတုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစတီဖန်ရဲ့ ပထမမေးခွန်းကို ‌ွဖေကြားရင်း လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စားပြု ထားတဲ့ သန်း ၆၀ သော ပြည်သူအပေါင်းကို အမြင်ရှင်းလင်းစေရန်အတွက် ရှင်းလင်းတင်ပြအပ်ပါကြောင်း၊

ဒုတိယမေးခွန်းဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ရေးရာ ကော်မတီများ၊ ကော်မရှင်များနှင့် အဖွဲ့များသည် ဝန်ကြီးဌာနလုပ်ငန်းများကို ဝင်ရောက်စွက်ဖက်သကဲ့သို့ဆောင်ရွက် နေခြင်းရှိ၊မရှိကို သိရှိလိုပါသည်။ ဆောင်ရွက်နေခြင်းမရှိပါက မည်ကဲ့သို့ဆောင်ရွက်လျက်ရှိ နေကြောင်းကို ရှင်းလင်းစွာသိရှိလိုပါသည်ဆိုတဲ့မေးခွန်းကို ဖြေကြားပါမယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုလွှတ်တော်ရေးရာကော်မတီများ၊ ကော်မရှင်များနှင့် အဖွဲ့များဟာ ဝန်ကြီးဌာနလုပ်ငန်း များကို ဝင်ရောက်စွက်ဖက်သကဲ့သို့ဆောင်ရွက်နေမှုများမရှိပါကြောင်းနှင့် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်များလည်းမရှိပါကြောင်း လွှတ်တော်အခွင်‌့အရေး ကော်မတီကိုယ်စား ဖြေကြားအပ်ပါ တယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ လွှတ်တော်ရေးရာကော်မတီများ၊ ကော်မရှင်များနှင့် အဖွဲ့များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်များရဲ့ တာဝန်ပေးအပ်ချက်များအရ ဝန်ကြီးဌာနများ နှင့်အတူ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းပြီး စောင့်ကြည့်ထိန်းညှိတဲ့လုပ်ငန်းတွေကို ဆောင်ရွက် နေကြတာွဖစ်ပါတယ်။ လိုအပ်တဲ့ ဥပဒေများပြဋ္ဌာန်းနိုင်ရေးအတွက် ပါဝင်သင့်တဲ့ ပြဋ္ဌာန်းချက်များ စုံလင်စွာပါရှိနိုင်ရေးအတွက် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီ ကျင့်စဉ်အရ ဆောင်ရွက်နေကြခြင်းပဲဖြစ်ပါတယ်။ ဆောင်ရွက်တဲ့နေရာမှာလည်း အချင်းချင်း တန်းတူ ရည်တူ အပြန်အလှန် နားလည်ယုံကြည်မှုရှိရှိနှင့် ဆောင်ရွက်နိုင်ကြဖို့ အထူးလိုအပ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်တို့တစ်တွေဟာ ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်နေကြတာဟာ သက်တမ်းနုပါသေးတယ်။ အတွေ့အကြုံလည်းနည်းပါသေးတယ်။ ဒီမိုကရေစီကျင်‌့စဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့အားလုံးဟာ စွမ်းဆောင်နိုင်မှုမြင့်မားဖို့ ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မား လာသည် နှင့်အတူ အပြန်အလှန် ထိန်းကျောင်းမှုလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် စနစ်နဲ့ လုပ်ငန်းတွေကို ပီပီပြင်ပြင်ဖော်ဆောင်ကြရမှာဖြစ်ပါတယ်။ အချင်းချင်းအပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုတွေ တည်ဆောက်ပြီး နိုင်ငံအကျိုး၊ တိုင်းပြည်အကျိုး၊ ပြည်သူတွေရဲ့အကျိုးနဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ထွန်းတည်မြဲစေဖို့အတွက် ကျွန်တော်တို့အားလုံး ပူးပေါင်းဆောင်ရွက်ကြရမှာ ွဖစ်ပါတယ်။ အထူးသဖြင့် အုပ်ချုပ်ရေးအဖွဲ့များဟာ လွှတ်တော်များက ပြဋ္ဌာန်းထားတဲ့ဥပဒေများနှင်‌့အညီ လုပ်ငန်း တွေကို အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် စောင့်ကြည့်ထိန်းညှိပေးရမှာ ဖြစ်ပါတယ်။ အလားတူပါပဲ ပြည်သူတွေရဲ့ဘဏ္ဍာငွေများနဲ့ ဆောင်ရွက်တဲ့လုပ်ငန်းများ၊ စီမံကိန်းများကို ဝန်ကြီးဌာန များက အကောင်အထည်ဖော်ရာမှာ လေလွင့်ဆုံးရှုံးမှုတွေ နည်းပါးစေရေးအတွက် လွှတ်တော် ကော်မတီများက စောင့်ကြည့်ထိန်းညှိ ပေးရမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကို ကော်မတီတွေက ဆောင်ရွက်နေခြင်းသာဖြစ်ပြီး ဝန်ကြီးဌာနများရဲ့ လုပ်ပိုင်ခွင့်များနှင့် လုပ်ငန်းများကို ဝင်ရောက် စွက်ဖက်နေခြင်းမဟုတ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။

တတိယမေးခွန်းဖြစ်တဲ့ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကျဆင်းအောင် နည်းမျိုးစုံဖြင့်တိုက်ခိုက်နေခြင်းသည် ပြည်သူလူထုကို စော်ကားတိုက်ခိုက် နေခြင်းဖြစ်ကြောင်း သိရှိပါသလား။ သိရှိပါက ယင်းကဲ့သို့ ဆောင်ရွက်နေမှုများအပေါ် လွှတ်တော်က မည်ကဲ့သို့ သဘောထားသည်ဆိုတဲ့ မေးခွန်းကို ဖြေကြားပါမယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါမှာ လွှတ်တော်များက ဥပဒေနှင့်အညီ ဆောင်ရွက်နေတဲ့လုပ်ငန်းတွေရဲ့ အဖြစ်မှန်အချက်အလက်တွေ ပေါ်မှာ ထင်ရောင်ထင်မှားဖြစ်နေစေနိုင်တဲ့ ဝေဖန်သုံးသပ်မှုတွေ၊ လွှတ်တော်များနှင့် လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ ဖော်ပြချက်တွေ၊ ဝေဖန်သုံးသပ်မှုတွေ၊ လွှတ်တော် ကိုယ်စားလှယ်များက ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေခံစားရသလို ခံစားခွင့်တွေလိုချင်နေတဲ့ ပုံစံမျိုး တွေနဲ့ နိုင်ငံပိုင်သတင်းစာများ၊ သတင်းမီဒီယာများ၊ Internet Website များက တစ်ဖက်သတ် ဝေဖန်တိုက်ခိုက်မှုတွေကို ပြည်ထောင်စုလွှတ်တော်တစ်ရပ်လုံးနှင့် လွှတ်တော်ကိုယ်စားလှယ်များ အားလုံးက သိရှိနားလည် သဘောပေါက်လျက်ရှိပါကြောင်း လွှတ်တော်အခွင့်အရေးကော်မတီ ကိုယ်စား ဖြေကြားအပ်ပါတယ်။

ဒီလိုရေးသားဖော်ပြနေကြတာဟာ ပြည်သူများနှင့်လွှတ်တော်များအကြား ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များအကြား အထင်အမြင်လွဲမှားမှုတွေ ပေါ်ပေါက်စေဖို့ ရည်ရွယ်ချက်ထားပြီး ရေးသားဖော်ပြတိုက်ခိုက်နေကြတာဖြစ်ပါတယ်။ လွှတ်တော်များရဲ့ကဏ္ဍဟာ ဒီမိုကရေစီနိုင်ငံတော်သစ်ရဲ့ အဓိကမဏ္ဍိုင်ကြီးတစ်ခုဖြစ်ပါတယ်။ လွှတ်တော်များရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင်ဆောင်ရွက်နေခြင်းဟာ ဒီမိုကရေစီနိုင်ငံတော်သစ်ရဲ့ ဂုဏ်သိက္ခာကိုကျဆင်းအောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များအားလုံးက သဘောထား ထားရှိပါ ကြောင်းတင်ပြလိုပါတယ်။ ကျွန်တော်တို့ လွှတ်တော်များဟာ ပြည်သူသန်း ၆၀ ကို ကိုယ်စားပြုထားတဲ့ လွှတ်တော်များဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် နည်းမျိုးစုံနှင့် တိုက်ခိုက်နေခြင်းသည် ပြည်သူလူထုကို စော်ကားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း လွှတ်တော်ကသဘောထားပါကြောင်း တင်ပြလိုပါတယ်။ လွှတ်တော်နည်းတူ သန်း ၆၀ သော ပြည်သူ အပေါင်းတို့ကလည်း နားလည်သဘောပေါက်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုလုပ်ဆောင်မှုတွေ အတွက် ပြည်သူ သန်း ၆၀ ရဲ့ ဒဏ်ခတ်ခြင်းကို ခံကြရမှာဖြစ်ကြောင်း လွှတ်တော်ရဲ့သဘောထားကို တင်ပြအပ်ပါတယ်။

နောက်ဆုံးမေးခွန်းဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်အဖြစ် အမှန်တကယ် တည်ထောင်မည်ဆိုပါက လွှတ်တော်များရဲ့ကဏ္ဍကိုပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါမှ ဒီမိုကရေစီစနစ် ပီပြင်စွာဖြစ်ထွန်းမည်ဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်က မည်ကဲ့သို့သဘောထားရှိသည်ကို သိရှိလိုပါတယ်ဆိုတဲ့မေးခွန်းကို ဖြေကြားပါမယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့တစ်တွေဟာ ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်နေကြတဲ့ အချိန်အခါဖြစ်ပါ တယ်။ ဒီအချိန်အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းအတည်ပြုခဲ့ပြီး လွှတ်တော်များကို ဖွဲ့စည်းတည်ထောင်ခဲ့ကြခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်ထွန်းတည်မြဲဖို့ လွှတ်တော်များက လိုအပ်တဲ့ ဥပဒေများ ရေးဆွဲပြဋ္ဌာန်းပေးပြီး ယင်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြမှသာ နိုင်ငံတော်သစ်ဟာ ဖြစ်ထွန်းတည်မြဲမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီကျင့်စဉ်ဖြင့် နိုင်ငံတော်သစ် ကိုအမှန်တကယ်တည်ဆောက်လိုပါသလား။ သို့မဟုတ် ဟန်ပြတည်ဆောက်လိုပါသလား။ ဒီအချက် တွေကို ဝေဖန်သုံးသပ်ဖို့ ပြည်ထောင်စုလွှတ်တော်အနေနဲ့ သဘောထားရှိကြောင်း လွှတ်တော် အခွင့်အရေးကော်မတီကိုယ်စား ဖြေကြားအပ်ပါတယ်။

ဒီမိုကရေစီနိုင်ငံတော်သစ်ကို အမှန်တကယ်တည်ဆောက်လိုပါက လွှတ်တော်များရဲ့ ကဏ္ဍကို ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် လွှတ်တော် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့များကို ပြည်ထောင်စုအဆင့် အဖြစ် အသိအမှတ်ပြုလက်ခံပေးဖို့ လိုအပ် မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ ဒီလိုသတ်မှတ်ပေးမှသာ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေး ကဏ္ဍနှင့် ဥပဒေပြုရေးကဏ္ဍတို့က အချင်းချင်းအပြန်အလှန်ထိန်းကျောင်းမှု (Check  and  Balance) လုပ်ငန်းတွေကို တန်းတူရည်တူညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်ပြီး ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို ဖွံ့ဖြိုးတည်မြဲအောင် တည်ဆောက်နိုင်မှာဖြစ်ကြောင်း ရှင်းလင်း ဖြေကြားပါသည်။