(ဂ)-ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့တွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက် လေ့လာခွင့်ပြုရေးအတွက် အစီအစဉ် ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၄၀) ရက်မြောက်နေ့ (၆.၉.၂၀၁၂)

 

မေးခွန်းနဲ့ပတ်သက်ပြီးတော့ ဒီကနေ့ ရက် ၄၀ ရှိပြီပေါ့လေ။ အစည်းအဝေးလုပ်တာ။ အစည်းအဝေး မလုပ်ခင်တစ်ပတ်ကြိုပြီးတော့ ကျွန်တော်တို့ မေးခွန်းတင်ထားပါတယ်။ မေးခွန်း ၄ ခုတင်ထားပါတယ်။ အခုမှပဲ ဒီမေးခွန်းက ပေါ်လာပါတယ်။ ပထမမေးခွန်းတွေကတော့ ကျွန်တော် ရှေ့ကတစ်ယောက်က မေးသွားလိုက်၊ ဖြေသွားလိုက်၊ ကျွန်တော်က ရုံးမှာသွားဖျက်လိုက်၊   နောက်တစ်ခါ နောက်တစ်ယောက် မေးလိုက်ပါသွားလိုက်ဆိုတော့ ဒီမေးခွန်းလေးက လက်ကျန်မေးခွန်းလေးဖြစ်နေတယ်။ ဒီလက်ကျန် မေးခွန်းလေးကို ကျွန်တော် ထပ်ပြီးတော့မေးပါမယ်။ ကျွန်တော်တို့ မေးခွန်းတွေကလည်း Procedure အရပြောရရင် တော်တော်ကြာတယ်။ ကျွန်တော်တို့တင်တယ်။ ကျွန်တော်တို့တင်တဲ့ဥစ္စာတွေကို ဝန်ကြီးဌာနသွားတယ်။ ဝန်ကြီးဌာနက သဘောတူမှ ပြန်လာတယ်။ ပြန်ဖြေရတယ်ဆိုတော့ Procedure တွေကတော်တော်ကြာတယ်။ ကျွန်တော်လေ့လာလို့ရသလောက် အရင်လွှတ်တော်တွေ မှာတော့ ဟိုအရင်တုန်းက ဆိုရှယ်လစ်ခေတ်မှာကော၊ ဖဆပလခေတ်မှာကော ဝန်ကြီးတွေက အကုန်လုံး လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတဲ့အခါမှာ ဒီလိုလွှတ်တော်ထဲမှာ အကုန်လုံးတန်းထိုင် ပြီးတော့ တန်းမေးပြီးတော့ တန်းဖြေကြတယ်။ မသိရင်လည်း ဒါမသိ သေးဘူး။ ကျွန်တော် မနက်ဖြန် ပြန်ဖြေမယ်ပေါ့။ အဲဒီတော့ လွှတ်တော်တစ်ရက်၊ တစ်ရက်ကို မေးခွန်းက အများကြီးပြီးသွားတယ်။ အဲဒီလိုရှိတယ်။ အခုကတော့ ကျွန်တော်တို့က ဟိုးကပြန်လာမှ ပြန်ဖြေရတဲ့အခါကျတော့ လွှတ်တော်မှာ မေးခွန်းတွေက ကြာကြာနေတယ်။ အဲဒီလိုဟာမျိုးတွေ တွေ့ရပါတယ်။ ပြီးတော့ ဝန်ကြီးတွေကလည်း ဟိုနေ့ကကြားလိုက်တာပေါ့လေ။ ချက်ချင်းဖြေဖို့က အခက်အခဲရှိမယ်ထင်တယ်။ ဟိုနေ့က သမ္မတရုံး ဝန်ကြီးပြောသွားတာကြားလိုက်တာကတော့ ဝန်ကြီးတွေကိုလေ့ကျင့်ပေး ရတယ်ဆိုတာ အဲဒါကြားလိုက် တယ်။ အဲဒီတော့ ကျွန်တော်တို့က ဝန်ကြီးတွေကို လေ့ကျင့်ပေးရတယ်ဆိုတော့ ကျွန်တော်စဉ်းစား တယ်။ ဒီဥစ္စာတွေက နေပြည်တော်မှာ ဝန်ကြီးလေ့ကျင့်ရေးကျောင်းများ ရှိသလားမပြောတတ်ဘူး။ အဲဒီလိုရှိနေတယ်။ မေးခွန်းတွေကလည်း ကြာနေတယ်။ အဲဒီလိုဖြစ်တယ်။ ဒါကြောင့်မို့လို့ မေးခွန်းတွေ လည်းမကြာရအောင် ထိထိရောက်ရောက်လည်းွဖစ်အောင် နည်းလမ်းတွေကို ကျွန်တော်တို့က စဉ်းစားရမယ်ထင်တယ်။ ပြီးတဲ့အခါကျတော့ ဒီကနေ့မှာ ကျွန်တော်တို့ လွှတ်တော်နှင့်ပတ်သက်ပြီး တော့ လူတွေအများကြီးစိတ်ဝင်စားတယ်။ တော်တော်စိတ်ဝင်စားတယ်။ နည်းနည်းနောနော မဟုတ်ဘူး။ ကျွန်တော်တို့ ဒီကပြန်သွားပြီဆိုရင် နယ်ကတယ်လီဖုန်းတွေက ဟိုကဝင်၊ ဒီကဝင်နဲ့ ကျွန်တော်တို့မသိတာတွေတောင် သူတို့ကပြောပြသေးတယ်။ Agenda တစ်ခုမှာ ဥက္ကဋ္ဌကြီးက တုန်းနှစ်ချက်ခေါက်သွားတယ်တဲ့။ တို့မသိလိုက်ပါလားကွ။ ဘာဥစ္စာလဲ။ တုန်း ဘယ်နှစ်ခါခေါက် သွားတာလဲ။ မဟုတ်ဘူးတဲ့။ ခေါက်သွားတယ်တဲ့။ နှစ်ခါခေါက်သွားတယ်တဲ့။ အဲဒီလို တောင် ကျွန်တော်တို့လွှတ်တော်အပေါ်မှာ စိတ်ဝင်စားကြပါတယ်။ အဲဒီတော့ ဒီလိုစိတ်ဝင်စားတဲ့ အတွက်ကြောင့် ကျွန်တော်တို့မေးတာတွေ၊ ဖြေတာတွေ၊ ကိစ္စတွေက မြန်မြန်လေးနဲ့ သွက်သွက်လေး ပြီးသွားတယ်ဆိုရင် ကျွန်တော်တို့ ခရီးပေါက်သွားမယ်။ မေးတာတွေလည်း ခရီးပေါက်သွားမယ်။ ဖြေတာတွေလည်းခရီးပေါက်သွားမယ်။ အဆိုတွေလည်း ခရီးပေါက်သွားမယ်။ ပြည်ထောင်စုအစိုးရကို အကြံဉာဏ်ပေးတာတွေ၊ တိုက်တွန်းတာတွေလည်း ခရီးပေါက်သွားမယ်။ အဲဒီလို ခရီးပေါက်ဖို့ လိုအပ် ပါမယ်။ ကျွန်တော့်မေးခွန်းအနေနဲ့ကတော့ ကျွန်တော်က ဖြစ်စေချင်တာပါ။ ဘာဖြစ်လိုလဲဆိုတော့ လူတွေလည်းစိတ်ဝင်စားတယ်။ အကုန်လုံးလည်း ကျွန်တော်တို့လွှတ်တော်ကြီးကို အမွေဆက်ခံမယ့် လူတွေလည်း ကျွန်တော်တို့ကသိစေချင်တယ်။ အဲဒီလိုပေါ့လေ။ ဒါကြောင့်မို့လို့ ကျွန်တော့်မေးခွန်းမှာ ကတော့ ယခုအချိန်မှာ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီပါလီမန်ကျင့်သုံးနေသော ကာလဖြစ်ပါ သည်။ သို့ရာတွင် တချို့ပါတီများက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များပါဝင်သကဲ့သို့ တချို့ ပါတီ များက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှာ ပါဝင်မှုမရှိသေးတာကို တွေ့ရပါတယ်။ ပါတီအားလုံးရဲ့ ပြည်သူ့လွှတ်တော် လုပ်ရပ်အပေါ်မှာ အသိအမြင် ထင်သာမြင်သာရှိရန်လည်း လိုအပ်လျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့မှာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်လေ့လာခွင့် ပြုဖို့ဆိုပြီးတော့ မိမိမှ အကြံပြုထားပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လွှတ်တော်အခွင့်အရေးကော်မတီ၊ အတွင်းရေးမှူး ဒေါက်တာစိုးရင်
အဖြေ

ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တွေက ကျင်းပတဲ့ အစည်းအဝေးများကို တက်ရောက်ဖို့ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်း များ၊ ပြည်သူများက စိတ်ဝင်စားမှုရှိတဲ့အတွက်လည်းပဲ ကျွန်တော်တို့အနေနဲ့ ကြိုဆိုပါတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကျင်းပတဲ့အစည်းအဝေးတွေကို နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ တက်ရောက်လေ့လာမယ်ဆိုပါက လွှတ်တော်များမှ ခွင့်ပြုပေးလျက်ရှိကြောင်း ဖြေကြားအပ်ပါတယ်။ တက်ရောက်လေ့လာမယ်ဆိုပါက သက်ဆိုင်ရာလွှတ်တော်ရုံးသို့ ကြိုတင်ခွင့်ပြု ချက်တောင်းခံပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနှင့်အညီ တက်ရောက်လေ့လာနိုင်ကြပါတယ်။ နိုင်ငံရေးပါတီများသာမကပါဘူး။ အခြားသော အဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ၊ သင်တန်းသူသင်တန်းသားများလည်းပဲ လွှတ်တော်အစည်းအဝေးများကျင်းပတဲ့ အစည်းအဝေးများမှာ တက်ရောက်လေ့လာမယ်ဆိုရင်လည်းပဲ အလားတူပဲ ကြိုတင်ခွင့်ပြုချက်တောင်းခံပြီး သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ တက်ရောက်လေ့လာနိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။