(ခ)-မြန်မာ့ရုပ်သံလိုင်းများတွင် အရေးကြီးသတင်းများကို ထုတ်လွှင့်ကြေညာရာတွင် ဆွံ့အနားမကြားသူများ အတွက် အလွယ်တကူသိရှိနိုင်ရန် သ‌င်္ကေတများထုတ်လွှင့်ပြသရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၄၀) ရက်မြောက်နေ့ (၆.၉.၂၀၁၂)

နိုင်ငံတကာရုပ်သံလိုင်းတွေမှာ သတင်းများကြေညာရာမှာ ဆွံ့အနားမကြားသူတွေအတွက် အရေးကြီး သတင်းများကို အလွယ်တကူသိရှိနိုင်ရန်အတွက် တီဗွီဖန်သားပြင်ရဲ့ထောင့်မှာ သင်္ကေတများနဲ့ သရုပ် ဖော်ပြသသွားတာ တွေ့ရှိကြရပါတယ်။ မြန်မာနိုင်ငံမှထုတ်လွှင့်တဲ့ ရုပ်သံလိုင်းတွေမှာ သတင်းများ ကြေညာရာမှာ ဆွံ့အနားမကြားသူများအတွက် သင်္ကေတများ ထုတ်လွှင့်ပြသခြင်း မရှိကြောင်း တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ် ASEAN SEA Game သတင်းများနှင့် ၂၀၁၄ ခုနှစ်  အာဆီယံအစည်းအဝေး သတင်းများကို နိုင်ငံတကာသို့ ထုတ်လွှင့်ပြသရမှာွဖစ်ပါတယ်။ သို့ပါ၍ မြန်မာ့ရုပ်သံလိုင်းများတွင် အရေကြီးသတင်းများကို ထုတ်လွှင့်ကြေညာရာ၌ ဆွံ့အနားမကြားသူများ အတွက် အလွယ်တကူသိရှိနိုင်ရန် သင်္ကေတများထုတ်လွှင့်ပြသရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးစိုးဝင်း မေးမြန်းတဲ့ မေးခွန်းနှင့် သဘောသဘာဝတူတဲ့ မေးခွန်းကို လသာမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့တဲ့အတွက်  ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၁၁ ခုနှစ်၊  မတ်လ ၁၀ ရက်နေ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာ ဖြေကြားခဲ့ပြီး ဖြစ်ပါတယ်။

          ယခု ကျောက်တံတားမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးစိုးဝင်း မေးမြန်းတဲ့ မြန်မာ့ရုပ်သံလိုင်းများတွင် အရေကြီးသတင်းများကို ထုတ်လွှင့်ကြေညာရာ၌ ဆွံ့အနားမကြားသူ များအတွက် အလွယ်တကူသိရှိနိုင်ရန် သင်္ကေတများဖြင့် ထုတ်လွှင့်ပြသရန် အစီအစဉ်  ရှိ၊ မရှိ မေးခွန်းနှင့် ပတ်သက်ပြီး ထပ်မံတင်ပြရပါက အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ အပါအဝင် အာရှနိုင်ငံအများစုမှာတော့  စံလက်သင်္ကေတ (Sign Language) ဖြင့် ထုတ်လွှင့်ခြင်း မပြုသေး တာကို တွေ့ရပါတယ်။ ကမ္ဘာပေါ်ရှိတဲ့ နိုင်ငံအချို့မှာတော့ အရေးကြီးတဲ့သတင်းများ၊ မိန့်ခွန်းများ ထုတ်လွှင့်နေချိန်မှာ Sign Language နည်းလမ်းဖြင့် ရုြပ်မင်သံကြားဖန်သားပြင်ရဲ့ အောက်ခြေ ထောင့်အကွက်ငယ်မှ တစ်ပြိုင်တည်း ထုတ်လွှင့်တာကိုလည်း လေ့လာတွေ့ရပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ လူဦးရေ သန်း ၆၀ ရှိတဲ့အနက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စစ်တမ်းကောက်ယူထားသောစာရင်း များအရ နားမကြားသူဦးရေ ၁၄၀၀၀၀ ခန့်ရှိပြီး စံလက်သင်္ကေတသင်တန်းကို တက်ရောက်ပြီးသူ ၃၆၀ ကျော်သာရှိသေးကြောင်း သိရှိရပါတယ်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ လက်ရှိအချိန်မှာတော့ နားမကြားသောကလေးများအတွက် ပညာသင်ကျောင်း ၁ ကျောင်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားတဲ့ကျောင်း ၁ ကျောင်း၊ စုစုပေါင်း ကျောင်း ၂ ကျောင်း မှာ နှစ်စဉ်ကျောင်းသူ ကျောင်းသား ၅၀၀ ကျော်တက်ရောက် သင်ကြားလျက်ရှိပြီး Sign Language အပါအဝင် ကျောင်းပညာများကို သင်ကြားပေးလျက် ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် နားမကြားသူများ ဖွံဖြိုးတိုးတက် ရေးနှင့်လူ့အသိုက်အဝန်းအတွင်း ဝင်ဆံ့နိုင်မှုမြှင့်တင်ရေးအတွက် စီမံချက်များချမှတ် ဆောင်ရွက် လျက်ရှိရာစီမံချက်အဆင့် (၁) ၂၀၀၈-၂၀၁၀ ကိုဆောင်ရွက်ပြီးစီးခဲ့ပြီး ယခုအခါ စီမံချက်အဆင့်(၂) ၂၀၁၁-၂၀၁၄ ကို ဆောင်ရွက်လျက်ရှိကြောင်းနဲ့စံပြုထားတဲ့ Sign Language သင်တန်းများ ဆက်လက်ပို့ချပေးနေကြောင်း သိရှိရပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဆွံ့အနားမကြားသူများအတွက် လက်သင်္ကေတဖြင့် ထုတ်လွှင့်မှုအစီအစဉ် ပြုလုပ်တဲ့အချိန်မှာ အသင့်ဖြစ်စေရန်အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်း ၃ ဦးကို  Sign Language သင်ကြားသည့် သင်တန်းသို့ တက်ရောက်ရန် ညှိနှိုင်းဆောင်ရွက်ထားပြီး ဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ အဘက်ဘက်မှ သင့်လျော်တဲ့ အခြေအနေရောက်ရှိတဲ့အချိန်မှာ  နားမကြား ပြည်သူများအတွက် ရုပ်သံလိုင်းမှ အရေးကြီးသတင်း၊ ပညာပေးအစီအစဉ်များ ထုတ်လွှင့်ရာမှာ Sign Language ဖြင့်ပါ ပူးတွဲ ထုတ်လွှင့်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် အစီအစဉ်ပါရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။