ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့ (၃၀.၅.၂၀၁၄)
ကလေးမြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနခွဲ(၁၁)ခုနှင့် ဒေသန္တရဆေးခန်း(၁)ခုတို့၏ ပြင်ဆင်ထိန်းသိမ်း စရိတ်(သို့မဟုတ်) အသစ်ဆောက်လုပ်ခွင့်ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေမှ ခွင့်ပြု ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ယခုနှစ် ခွင့်ပြုပေးနိုင်ခြင်းမရှိသေးပါက မည်ကဲ့သို့ဆောင်ရွက် ပေးမည်နှင့်စပ်လျဉ်းသည့်မေးခွန်း
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ ကလေးမြို့နယ်အတွက် ကျန်းမာရေးဝန်ကြီးဌာန က ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံများ အတွက် ရန်ပုံငွေများခွင့်ပြုပေးခဲ့တဲ့အတွက် ကလေးမြို့နယ် ပြည်သူများက နိုင်ငံတော်အစိုးရနှင့် လွှတ်တော်ကို ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ နှစ်ပေါင်းများစွာကိုယ့်အား ကိုယ်ကိုး တည်ဆောက်ခဲ့ကြတဲ့ ကျန်းမာရေးဌာနအဆောက်အဦများကို ပြင်ဆင်ထိန်းသိမ်းစရိတ် သို့မဟုတ် အသစ်တည်ဆောက်ရေးအတွက် ၂၀၁၄-၂၀၁၅ ဖြည့်စွက်ရန်ပုံငွေ RE ကနေပြီးတော့မှ ဆောင်ရွက်ပေးစေလိုကြောင်း နယ်မြေလူထုက တင်ပြကြပြီးတော့မှ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်းချက်အရ အောက်ပါဆေးခန်းများကို ဆောက်ရွက်ပေးပါရန် တင်ပြအပ်ပါတယ်။ တာဟန်းဒေသန္တရဆေးပေးခန်း၊ စခန်းကြီးကျန်းမာရေးဌာနခွဲ၊ အရှေ့စည်းကျန်းမာရေးဌာနခွဲ၊ ထောက်ကြံ့ကျန်းမာရေးဌာနခွဲ၊ ကျောင်းတိုက်ကျန်းမာရေးဌာနခွဲ၊ သံဖိုကျေးရွာကျန်းမာရေးဌာနခွဲ၊ သာစည်ကျေးရွာကျန်းမာရေးဌာနခွဲ၊ ကြို့သုံးပင်ကျန်းမာရေးဌာနခွဲ၊ ဆင်တောကျန်းမာရေးဌာနခွဲ၊ ကျီးကုန်းကျန်းမာရေးဌာနခွဲ၊ ငါးဖား ကျေးရွာကျန်းမာရေးဌာနခွဲနှင့် ကျောက်ပြုတ်ကျန်းမာရေးဌာနခွဲ တို့ဖြစ်ပါတယ်။ မေးမြန်းလိုသည်မှာ အထက်ပါကျန်းမာရေးဌာနခွဲ ၁၁ ခုနှင့် ဒေသန္တရဆေးပေးခန်းတစ်ခုတို့ရဲ့ ပြင်ဆင်ထိန်းသိမ်းစရိတ် သို့မဟုတ် အသစ်ဆောက်လုပ်ခွင့်ကို ၂၀၁၄-၂၀၁၅ ဖြည့်စွက်ရန်ပုံငွေမှ ခွင့်ပြုဆောင်ရွက်ပေးရန် အစီအစဉ် ရှိပါသလား။ (၂) ယခုနှစ် ခွင့်ပြုပေးနိုြင်ခင်း မရှိသေးပါက မည်ကဲ့သို့ဆောင်ရွက်ပေး မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဖြေကြားသူ
ဒေါက်တာသန်းအောင်(ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)
အဖြေ
ကလေးမြို့နယ်ရှိ ကျန်းမာရေးဌာနခွဲမှာ(၁၁)ခု၊ ဒေသန္တရဆေးခန်းတစ်ခုတို့ကို အသစ်ဆောက်လုပ်ရန်အတွက် တင်ပြ ခဲ့ရာ ၎င်းတို့ဆောက်လုပ်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် အမျိုးသားစီမံကိန်းဥပဒေတွင် ပါဝင်ခဲ့ခြင်းမရှိခဲ့ပါ။ သို့ဖြစ်ပါ၍ အမျိုးသားစီမံကိန်းတွင် မပါဝင်ခဲ့ရာ အသစ်ဆောက်လုပ်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်းကိုဆောင်ရွက်ရန်အတွက် ဆောက်လုပ်ဆဲကိစ္စများသာလျှင် ဖြည့်စွက်ရန်ပုံငွေအဖြစ် တင်ပြလျာထားနိုင်ခြင်းရှိပါတယ်။ သို့ဖြစ်ရာ တင်ပြပါ ကျန်းမာရေးဌာနခွဲ(၁၁)ခုနှင့် ဒေသန္တရဆေးခန်း တစ်ခုအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် လျာထားခြင်း မပါရှိခဲ့ခြင်းဖြစ်ပါ၍ သက်ဆိုင်ရာ ဒေသန္တရစီမံကိန်းများ၌ ပါဝင်အောင်ဆောင်ရွက်သင့်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။