မိုင်းတုံမြို့နယ် ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအဆင့်မြှင့်တင်ပေးနိုင်ပါရန် အစီအစဉ်များနှင့် ပတ်သက်၍ မေးခွန်းများမေးမြန်းသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မိုင်းတုံမြို့နယ်သည် သံလွင်အရှေ့ခြမ်းဒေသတွင်ပါဝင်ပြီး ဖွံ့ဖြိုး တိုးတက်မှုအားယူဆဲ ဒေသတစ်ခုဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတို့မှာ လိုအပ်ချက်များစွာရှိနေသေးပါတယ်။ ကျန်းမာရေးအနေဖြင့် ၂၅ ခုတင်ဆံ့ မြို့နယ်ပြည်သူ့ ဆေးရုံကြီး၌ လက်ထောက်ဆရာဝန်လိုအပ်ချက်အပြင် သွားဘက်ဆိုင်ရာဆရာဝန်နှင့် ဆက်စပ်ပစ္စည်း များလိုအပ်နေပါတယ်။ ဒေသခံပြည်သူများမှ အခြားဒေသများသို့ သွားရောက်ကုသမှု ခံယူရာမှာလည်း ငွေကြေးမတတ်နိုင်သော လူနာရှင်များအတွက် အခက်အခဲများစွာရှိနေပါတယ်။ သို့ဖြစ်ပါ၍ မိုင်းတုံ မြို့နယ် မိဘပြည်သူများ၏ကိုယ်စား အောက်ပါမေးခွန်းများကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ရိုသေစွာမေးမြန်းအပ်ပါတယ်။ (၁) မိုင်းတုံမြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံအား ဖွဲ့စည်းပုံနှင့်အညီ လက်ထောက်ဆရာဝန်ခန့်ထားပေးနိုင်မည့်အစီအစဉ်များကို သိရှိလိုပါတယ်။ (၂) မိုင်းတုံမြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံတွင် သွားဘက်ဆိုင်ရာဆရာဝန် ခန့်ထားပေးပါရန်နှင့် သွားဘက်ဆိုင်ရာကုသမှု ဆက်စပ်ပစ္စည်းများ ခွဲဝေချထားပေးနိုင်မည့် အစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိုင်းတုံမြို့နယ်ဆေးရုံတွင် ဒေါက်တာမောင်မောင်ဌေးကို ကျန်းမာရေးဝန်ကြီးဌာနမှ မြို့နယ်ဆရာဝန်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ သို့အတွက် လက်ထောက်ဆရာဝန်ခန့်အပ်ရန် လိုအပ်လျက်ရှိပါတယ်။ လက်ထောက်ဆရာဝန်နှင့် ၎င်းတင်ပြပါမြို့နယ်ဆေးရုံတွင် သွားဘက်ဆိုင်ရာဆရာဝန်များ ခန့်အပ်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ခန့်အပ်ခွင့်ရရှိရေးကို ဆောင်ရွက်နေပါတယ်။ ဆောင်ရွက်၍ ခန့်အပ်ခွင့်ရရှိပါက အမြန်ဆုံးဦးစားပေး၍ ဖြည့်ဆည်းခန့်အပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ထိုသို့ ဆောင်ရွက်ရာတွင် သွားဘက်ဆိုင်ရာဆရာဝန်ကို ခန့်အပ်တာနဲ့တစ်ပြိုင်တည်း အချိန်မီဖြစ်စေရန် အတွက် သွားဘက်ဆိုင်ရာ Dental Chair နှင့် ဆေးဘက်ဆိုင်ရာ ဆေးပစ္စည်းကိရိယာများကိုလည်း တင်ပြနိုင်ရန်အတွက် မြို့နယ်ကျန်းမာရေးဦးစီးမှူးသို့လည်းကောင်း၊ ပြည်နယ်ကျန်းမာရေးဦးစီးမှူးသို့ လည်းကောင်း အမြန်ဆုံးတင်ပြရန် ညွှန်ကြားခဲ့ပြီးဖြစ်ပါတယ်။ ညွှန်ကြားခဲ့ပြီး ရရှိပါကအမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
