ကျွန်တော်တို့ ရခိုင်ပြည်နယ်ဟာ အဓိကစီးပွားရေး လုပ်ငန်းကတော့ စိုက်ပျိုးရေးလုပ်ငန်းပဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာလည်း နှစ်စဉ်မိုးရေချိန် လက်မ ၂၀၀ ကျော်ရွာတဲ့အတွက် ရေချိုစီးဆင်းတဲ့မြစ်ချောင်းများစွာ ရှိပါတယ်။ သို့ရာတွင် မြစ်ရေတင်စီမံ ကိန်းများမှာ ရခိုင်ပြည်နယ်အတွင်း လက်ချိုးရေတွက်ရရှိတဲ့အနေအထားဖြစ်တဲ့အတွက် အလွန် နည်းပါးနေပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ သီးထွက်စိုက်ပျိုးရေးဧရိယာမှာလည်း စိုက်ပျိုးနိုင်တဲ့ဧကနဲ့နှိုင်းယှဉ် ပါက များစွာနည်းပါးနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ မြေအသုံးချမှုစာရင်းများအရ ရခိုင်ပြည်နယ် အတွင်းမှာ လယ်ဧက ၉၇၀၀၀၀ ကျော်၊ ယာဧက ၂၃၀၀၀၀ ကျော်နှင့် ကိုင်း/ကျွန်းဧက ၁၃၀၀၀ ကျော် ရှိပါတယ်။ မိုးစပါးဧက ဆယ်သိန်းကျော်စိုက်ပျိုးပြီးတော့မှ နွေစပါးကတော့ ၂၂၀၀၀ ကျော်ဧက စိုက်ပျိုးပါတယ်။ အဲ့ဒီထဲမှာ ဆည်ရေ ရေစုပ်စက်ဖြင့်တင်တဲ့ မြစ်ချောင်းရေတင် ချောင်းပိတ်ရေတင် ကိစ္စကတော့ ၂၂၀၀၀ လောက်ပဲ ရှိပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ကျွန်တော်တို့ စပါးဖူလုံပိုလျှံ ပြီးတော့မှ နိုင်ငံခြားကိုလည်းပဲ တင်ပို့နိုင်တဲ့အနေအထားရှိပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ သီးထပ်စိုက်စွမ်းအားမြင့်မားလာစေရေး၊ တောင်သူလယ်သမား များရဲ့ ဆင်းရဲမှုလျှော့ချရေး၊ ဝင်ငွေပိုမိုတိုးတက်ရေးတို့အတွက် မြစ်ရေတင်စီမံကိန်းများ တည်ဆောက် ရန် ပြည်ထောင်စုအစိုးရအဖွဲ့တွင် နှစ်အလိုက်စီမံချက်များရေးဆွဲဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ၊ နှစ် အလိုက်စီမံချက်များရေးဆွဲထားပါက ယင်းစီမံချက်ပါ မြစ်ရေတင်စီမံကိန်းများအား အသေးစိတ် ရှင်းလင်းဖြေကြားပေးပါရန် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ အမ်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေ၏ ကြယ်ပွင့်ပြမေးခွန်းကို ဆက်လက်ရှင်းလင်းတင်ပြပါမယ်ခင်ဗျား။ ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနမှ ရခိုင်ပြည်နယ်အတွင်း ကျောက်တော်မြို့နယ် ဒီဇယ်ရေတင်လုပ်ငန်းနှစ်ခု၊ အကျိုးပြုဧက ၆၀၀ နှင့် ဘူးသီးတောင်မြို့နယ်တွင် ဒီဇယ်ရေတင်လုပ်ငန်းနှစ်ခု၊ အကျိုးပြုဧက ၂၀၀ စုစုပေါင်းဒီဇယ်ရေတင်လုပ်ငန်းလေးခု၊ အကျိုးပြုဧက ၈၀၀ ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။ လျှပ်စစ် ဓာတ်အားမရရှိသဖြင့် ဒီဇယ်ရေတင်များအနေဖြင့်သာဆောင်ရွက်ပြီး တောင်သူများသို့ ဌာနမှ ဒီဇယ် အင်ဂျင်မောင်းရေစုပ်စက်များအား ဌာနသတ်မှတ်ဈေးနှုန်းဖြင့် ငှားရမ်းပေး၍ တောင်သူအစီအစဉ်ဖြင့် ရေတင်စိုက်ပျိုးဆောင်ရွက်ခဲ့ပါတယ်။ အစိုးရသစ်လက်ထက်တွင် ရခိုင်ပြည်နယ်အတွင်း မကြာမီ လျှပ်စစ်ဓာတ်အားတိုးတက်ရရှိနိုင်မည်ဖြစ်၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်အစိုးရ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၈၀၂.၀၃၆ သန်းဖြင့် ကျောက်တော်မြို့နယ်ရှိ ဆောင်ရွက်ပြီး ဒီဇယ် ရေတင်လုပ်ငန်းနှစ်ခုအား လျှပ်စစ်ရေတင်အဖြစ် ပြောင်းလဲတည်ဆောက်ခြင်း၊ ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်ပြီး ဒီဇယ်ရေတင်လုပ်ငန်းတစ်ခု၊ အကျိုးပြုဧက ၂၀၀ အား ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာနမှ လွှဲပြောင်းရယူ၍ လျှပ်စစ်ရေတင်အဖြစ် ပြောင်းလဲတည်ဆောက်ခြင်း၊ ကျောက်တော် မြို့နယ်တွင် လျှပ်စစ်ရေတင်လုပ်ငန်းအသစ်နှစ်ခု၊ အကျိုးပြုဧက ၃၀၀ နှင့် မြောက်ဦးမြို့နယ်တွင် လျှပ်စစ်ရေတင်လုပ်ငန်းအသစ် ရှစ်ခု၊ အကျိုးပြုဧက ၁၆၀၀ စုစုပေါင်း လျှပ်စစ်ရေတင်လုပ်ငန်း ၁၀ခု၊ အကျိုးပြုဧက ၁၉၀၀ အား ဆောင်ရွက်သွားမြည်ဖစ်ပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ကျောက်တော်မြို့နယ်တွင် လျှပ်စစ်ရေတင်လုပ်ငန်းအသစ်လေးခု၊ အကျိုးပြုဧက ၈၀၀ နှင့် မြောက်ဦး မြို့နယ် လျှပ်စစ်ရေတင်လုပ်ငန်းအသစ်တစ်ခု၊ အကျိုးပြုဧက ၂၀၀ စုစုပေါင်းလျှပ်စစ်ရေတင်လုပ်ငန်း အသစ်ငါးခု၊ အကျိုးပြုဧက ၁၀၀၀ ဆက်လက်ဆောင်ရွက်ရန် လျာထားပါတယ်။
ဆက်လက်၍ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ သီးနှံစိုက် စွမ်းအားမြင့်မားစေရေး၊ တောင်သူလယ်သမားများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဝင်ငွေတိုးတက် ရရှိရေးအတွက် ဒုတိယကာလတို ငါးနှစ်စီမံကိန်းဖြစ်သော ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ ခုနှစ် အတွင်း လျှပ်စစ်ရေတင်လုပ်ငန်းအသစ် ၁၁ ခု၊ အကျိုးပြုဧက ၂၂၀၀၊ တတိယကာလတို ငါးနှစ်စီမံကိန်းဖြစ်သော ၂၀၂၁-၂၀၂၂ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း လျှပ်စစ်ရေတင်လုပ်ငန်းအသစ် လေးခု၊ အကျိုးပြုဧက ၁၃၀၀၊ စတုတ္ထကာလတို ငါးနှစ်စီမံကိန်းဖြစ်သော ၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၀-၂၀၃၁ ခုနှစ်အတွင်း လျှပ်စစ်ရေတင်လုပ်ငန်းအသစ် သုံးခု၊ အကျိုးပြုဧက ၉၀၀ အား တိုးတက် ဆောင်ရွက်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့်စီမံချက် ရေးဆွဲဆောင်ရွက်ထား ရှိပါကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဖြေကြားချက်နှင့်ပေါင်းစပ်၍ ဖြေကြားပါသည်။
