ကျွန်တော် မေးမြန်းမယ့်မေးခွန်းကတော့ ယနေ့ နိုင်ငံတော်အတွင်းမှာ ပြည်သူများ အထူးသဖြင့် ပြည်နယ်များမှာရှိတဲ့တိုင်းရင်းသားများ စိတ်ဝင်စားနေတဲ့ သစ်ခုတ်လှဲထုတ် လုပ်စိုက်ပျိုးမှုကိစ္စ ဖြစ်ပါတယ်။ ဒီမေးခွန်းကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ မေးခဲ့တဲ့မေးခွန်းဖြစ်ပါ တယ်။ မေးခွန်းများအခန်းကဏ္ဍက ဒီမိုကရေစီနိုင်ငံထူထောင်ရာမှာ အဆိုများ၊ ဥပဒေများနှင့် ပုံစံချင်း မတူဘဲနဲ့ အုပ်ချုပ်ရေးအဖွဲ့ကသာ လိုအပ်ချက်ကို ထိထိမိမိလေးလေးနက်နက်ဖြေကြားနိုင်ခဲ့ရင် ပြည်သူ့ဆန္ဒကို အချိန်တိုအတွင်းမှာ ဖြည့်ဆည်းပေးနိုင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ကိုယ်စားလှယ် များအနေနဲ့ အလွန်အလေးထားရတဲ့ အခန်းကဏ္ဍဖြစ်ကြောင်း ဦးစွာတင်ပြလိုပါတယ်။ သစ်ထုတ်လုပ်မှု နဲ့ပတ်သက်ပြီးတော့ ပြည်သူများအကြားမှာ ဖြစ်ပေါ်နေတဲ့အသံ အဓိကအချက်လေးချက်ရှိပါတယ်။ (၁) သစ်တွေကို အဆင်ပြေသလို စည်းကမ်းမဲ့စွာထုတ်လုပ်နေတာတွေ၊ (၂) သစ်ထုတ်လုပ်တဲ့ဒေသမှာ ရှိတဲ့ ဒေသခံတိုင်းရင်းသားပြည်သူတွေ အသုံးပြုခွင့်မရကြဘူး။ (၃) သစ်အမျိုးမျိုးကို မိမိနေအိမ် ဆောက်လုပ်ဖို့တောင် ဝယ်ယူဖို့အတွက် ဘယ်ပုံဘယ်နည်းနဲ့မှ ဝယ်ယူခွင့်ရဖို့မလွယ်ဘူး။ (၄) ခုတ်ယူ ပြီးသစ်တောဧရိယာတွေကို စနစ်တကျနဲ့ ပြန်လည်စိုက်ပျိုးမှုမတွေ့ရဘူးဆိုတဲ့ လေးချက်ဟာ ပြည်သူ့ အသံဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနဘက်ကို ပြန်လည်လေ့လာတဲ့အခါမှာ ကျွန်တော်တို့ တင်ထားတဲ့ စီမံကိန်းပါအချက်များအရ ရှစ်ချက်တွေ့ရပါတယ်။ (၁) မြန်မာနိုင်ငံရဲ့ သစ်တောကို ထာဝစဉ်တည်တံ့စေတဲ့ သစ်တောအုပ်ချုပ်မှုစနစ် (Sustainable Forest Management) ဖြစ်တဲ့ မြန်မာ့ရွေးချယ်မှုစနစ် (Myanmar Selection System) နဲ့ အုပ်ချုပ်နေတဲ့အကြောင်း၊ (၂) သစ်ထုတ်လုပ်မှုကို နှစ်စဉ်တောထွက် (Annual Allowable Cut) လို့ခေါ်တဲ့ AAC ဘောင်အတွင်း ကနေ ထုတ်လုပ်နေတဲ့အကြောင်း၊ (၃) မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုအခြေအနေ Forest Resource Assessment FRA 2010 ရဲ့အနေအထားအရ နိုင်ငံဧရိယာရဲ့ ၄၆.၉၆ ရှိပြီးတော့ နှစ်စဉ် သစ်တောပြုန်းတီးမှု ဧက ၉၀၀၀၀၀ ကျော် ကမ္ဘာ့သစ်တောပျက်စီးမှု ၁၀ နိုင်ငံမှာ အဆင့်ရှစ်မှာ ရောက်နေတဲ့အကြောင်း၊ (၄) နိုင်ငံရဲ့မြေဧရိယာဧက ၁၆၇ သန်းမှာ သစ်တောကြိုးဝိုင်းဧကက ၄၁ သန်း၊ တောလွှမ်းနေတဲ့ဧကက သန်း ၄၀၊ စိုက်ပျိုးမြေဧကက သန်း ၃၀၊ မြေကောနေတာက ၁၃ သန်း၊ အပမြေက လေးသန်းရှိပြီးတော့ သစ်တောပြန်လည်စိုက်ပျိုးမှုအနေနှင့် ရှေ့နှစ်ကာလအတွင်းမှာ ပုဂ္ဂလိကကျွန်းစိုက်ခင်းပေါင်း ၁၀၇၄၅၃ ဧက၊ သစ်မာဧကပေါင်း ၄၆၁၈၀၊ သစ်ထုတ်လုပ်တဲ့ကုမ္ပဏီ ၁၈ ခုကနေ လေးနှစ်အတွင်းမှာ ကျွန်းဧကပေါင်း ၁၃၀၀၀ စိုက်ပျိုးထားကြောင်း၊ (၅) ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ကျွန်းကုဗတန် ၆၀၀၀၀၊ သစ်မာကုဗတန် ၁၅.၅ သန်း၊ ထင်း ၂၃၃၆၇ ကုဗတန်၊ မီးသွေး ၂၅၆ ကုဗတန် ထုတ်လုပ်ဖို့လျာထားတဲ့အကြောင်း၊ (၆) သစ်တောဖုံးလွှမ်းမှုကို ဧရိယာအားဖြင့် ၁၂၂၆၇၄ စတုရန်းမိုင်ရဲ့ ၅၇.၄၁ ဖြစ်အောင် စီးပွားရေးသစ်မာကို ၁၃၀၀ ဧက၊ ကျေးရွာစိုက်ခင်းတွေ ကို ၃၀၈၀ ဧက၊ ဒီရေတောစိုက်ခင်းတွေကို ဧက ၆၀၊ ရေဝေရေလဲဧက ၉၅၀၊ အရိပ်ရနေကာပင်တွေ ၁၃၅၀ ဧက စုစုပေါင်း ၇၂၈၀ ဧကနှင့် ကျွန်း ၅၈၀၀ ဧကပေါင်းလိုက်ရင် ဧကပေါင်း ၁၃၀၈၀ ပြန်စိုက်ပျိုးမယ်လို့ထားပါတယ်။ (၇) ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ လုံးတန်တွေကို တင်ပို့ခွင့် ရပ်ဆိုင်းလိုက်တယ်လို့ ကြားပါတယ်။ (၈) ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၁၁၀.၉၇၆ ဘီလီယံထုတ်လုပ်ဖို့ လျာထားတဲ့အကြောင်းနဲ့ ပြည်တွင်းသစ်တွေလုံလောက်အောင် ဖြည့်ဆည်းပေး မယ်လို့ပါပါတယ်။ သို့သော် နှစ်ဘက်က ပြည်သူရဲ့အသံနှင့် အစိုးရအဖွဲ့ရဲ့လုပ်ဆောင်မှုနှင့်ယှဉ်ပြီး တော့ ကြည့်တဲ့အခါမှာ လက်ရှိ ရှိတဲ့အနေအထားကတော့ အခုကျွန်တော် ဒီမှာ ပုံမှာတင်ပြတဲ့အတိုင်းပဲ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ နိုင်ငံတစ်ဝှမ်းလုံး သစ်ထုတ်လုပ်မှုဟာ အဆပေါင်းများစွာ ထုတ်လုပ် လာတာတွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်းကို သုံးနှစ်ဆက်တိုက် သင်းသတ်ပြီးမှ ထုတ်လုပ်ရပေမယ့်လို့ မလိုက်နာမှုတွေကိုလည်း တွေ့မြင်နေရပါတယ်။ ခွဲသားတွေတင်ပို့မှုကို ပိတ်ပင်လိုက်တဲ့အတွက်ကြောင့် ပြည်တွင်းမှာမလိုလားအပ်ဘဲနဲ့ တရားမဝင်သစ်မှောင်ခိုမှုတွေ သစ်သယ်ဆောင်မှုတွေကို တွေ့ရပါ တယ်။ ဥပမာတင်ပြရရင် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမ ကြီးအတွင်း မိုင်တိုင်အမှတ်(၁၈၈)မှာ တန်ဖိုးပေါင်း သိန်းပေါင်း ၈၉၀ ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေ၊ ဒီ့အပြင် သစ်ထုတ်လုပ်တဲ့ သစ်ပင်တွေနေရာမှာ အစားထိုးပြန်စိုက်တာကို ပြည်သူတွေက ထင်သာမြင်သာသိအောင်ပြဖို့အတွက် နည်းလမ်းများစွာရှိသော်ငြားလည်း တင်ပြမှုအားနည်းနေတာကို တွေ့ရပါတယ်။ နိုင်ငံတော်ရဲ့ကဏ္ဍအသီးသီးဟာ ယနေ့ သုံးနှစ်တာကာလ ရောက်ရှိလာတဲ့အခါမှာ အတိုင်းအတာအရ တိုးတက်မှုတွေဖြစ်နေတာ တွေ့ရပါမယ်။ ဒီအချိန်မှာ အောက်ခြေဝန်ထမ်းများ၊ အထက်ကတာဝန်ရှိတဲ့သူများ ပေါ့ဆမှုကြောင့်၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုအားနည်းခြင်းကြောင့် နိုင်ငံတော်၏ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မထိခိုက်စေဖို့အတွက် စာတွေ့ မဟုတ်ဘဲနဲ့ လက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ နိုင်ငံတော်ရဲ့သစ်ထုတ်လုပ်မှု လုပ်ငန်းများ၊ သစ်တောများ ထုတ်လုပ်ရောင်းချမှု၊ နိုင်ငံတော်အကျိုးစီးပွားအတွက် များစွာထိခိုက် နစ်နာမည်ဖြစ်၍ ထိထိရောက်ရောက် မည်သို့ကာကွယ်တားဆီးဆောင်ရွက်နေသည်ကို သိရှိလိုပါ၍ ဥက္ကဋ္ဌကြီးမှတစ်ဆင့် ဖြေကြားပေးနိုင်ဖို့ မေးမြန်းတင်ပြပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး၏ အဓိကမေးခွန်းကိုပဲ အချိန်ကိုငဲ့ညှာစွာဖြင့် ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။ ကျန်သောအချက်များသည် လွှတ်တော်အသီးသီးမှာ ကျွန်တော် တို့ဝန်ကြီးဌာနအနေနဲ့ အကြိမ်ကြိမ်ဖြေဆိုခဲ့တဲ့အကြောင်းအရာများဖြစ်တဲ့အတွက် ကျွန်တော် မတင်ပြ တော့ပါဘူး။ အဲ့ဒီတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ အဓိကမေးခွန်းကတော့ နိုင်ငံတော်ရဲ့ သစ်ထုတ်လုပ်ရေးအခန်းကဏ္ဍမှာ သစ်လုံးများထုတ်လုပ်ရောင်းချခြင်းကို ၂၀၁၄ ခုနှစ်အထိသာ ခွင့်ပြု တော့မည်ဖြစ်ကြောင်း မူတစ်ရပ်အနေဖြင့် သိရှိနေရပါသော်လည်း ယနေ့အခြေအနေမှာ ၂၀၁၄ ခုနှစ် မကုန်ဆုံးမီ တစ်နိုင်ငံလုံးရှိသစ်များ အပြောင်ရှင်းမည့်အနေအထားဖြင့် ထုတ်လုပ်နေခြင်းနှင့်ပတ်သက် ၍ နိုင်ငံတော်အကျိုးစီးပွား များစွာထိခိုက်နစ်နာသည်ဖြစ်၍ ထိထိရောက်ရောက်ဖြင့် မည်သို့တားဆီး ကာကွယ်ဆောင်ရွက်နေသည်ကို သိရှိလိုခြင်းနှင့်ပတ်သက်လို့ ကျွန်တော် ပြန်လည်တင်ပြသွားပါ့မယ်။ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ သဘာဝသစ်တောသယံဇာတအရင်းအမြစ်များကို ရေရှည်တည်တံ့ တိုးပွားစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးကို အထောက်အကူဖြစ်စေဖို့အတွက် သစ်ထုတ်လုပ်မှု ပမာဏတွေကို နှစ်စဉ်လျှော့ချထုတ်လုပ်သွားရန် ရည်မှန်းချက်ထားပြီး ဆောင်ရွက်ခဲ့ ပါတယ်။ အဲ့လိုဆောင်ရွက်တဲ့အခါမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ကျွန်း ၃၀၆၃၂၉ တန်၊ သစ်မာ ၁၅၄၈၀၇၅ တန်ကိုလည်းကောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ကျွန်း၂၆၉၅၁၆ တန်နှင့် သစ်မာ ၁၅၉၇၇၉၈ တန်ကိုလည်းကောင်း ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ကျွန်း ၉၃၁၇၈ တန်နှင့် သစ်မာ ၆၁၀၅၉၂ တန်တို့ကို ထုတ်လုပ်ခဲ့ပါတယ်။ တစ်နည်းတင်ပြရရင် ဒါဟာ ကျွန်တော်တို့ နိုင်ငံတော်ကို သစ်ထုတ်မယ့် စီမံကိန်းရေးဆွဲသလို ကျွန်တော်တို့ရဲ့ ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ လွှတ်တော်အသီးသီးမှာရှိတဲ့ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီအသီးသီးကိုလည်း တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်တွင်းသစ်ထုတ်လုပ်မှုကို သိသိသာသာလျှော့ချခဲ့တဲ့အပြင် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့ခြင်းကို ရပ်ဆိုင်းခဲ့ပြီးဖြစ်ပါတယ်။ သစ်ထုတ်လုပ်ခြင်း ရပ်ဆိုင်းခြင်းမဟုတ်ပါဘူး။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တော ပြုန်းတီးမှု တားဆီးကာကွယ်ရေး၊ သယံဇာတများ ရေရှည်တည်တံ့ရေးကို ဆောင်ရွက်ရန်လိုအပ်လာတဲ့ အတွက် သဘာဝတောမှ သစ်ထုတ်ခြင်းကို လုံးဝပိတ်ပင်တဲ့ Logging Ban အဲ့ဒီစနစ်အစား ဒုတိယ အကောင်းဆုံးနည်းလမ်းဖြစ်တဲ့ Log Export Ban-LEB ကျွန်တော်တို့ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါတယ်။ သစ်အလုံးလိုက်တင်ပို့ခြင်းကို ရပ်ဆိုင်းခဲ့ပြီးဖြစ်သော်လည်း သစ်ထုတ် လုပ်ခြင်းကိုတော့ ကျွန်တော်တို့ရဲ့ နိုင်ငံတော်ရဲ့ အထူးသဖြင့် သဘာဝဘေးအန္တရာယ်တွေကျရောက်တဲ့ အခါမှာ လိုအပ်တဲ့လိုအပ်ချက်၊ နောက် အခုနက လွှတ်တော်ကိုယ်စားလှယ်ကြီး ဆွေးနွေးသွားတဲ့ ဒေသခံပြည်သူများအတွက် လိုအပ်ချက်၊ နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှု အစိတ်အပိုင်းတွေမှာ လိုအပ် ချက်၊ ဒီ့အပြင် ပြည်တွင်းသစ် အခြေခံစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်တွေအပေါ်မှာ ဖြည့်ဆည်းနိုင်ဖို့အတွက် ကျွန်တော်တို့ ကျွန်းနဲ့ သစ်မာထုတ်လုပ်မှုများကိုတော့ ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဒီနေရာမှာလည်း ကျွန်တော်တို့ သိသိသာသာလျှော့ချပြီး ထုတ်လုပ်သွားမယ်ဆို တာကိုလည်း တင်ပြလိုပါတယ်။ ၂၀၁၄-၂၀၁၅ မှာ ကျွန်းသစ်တန် ၆၀၀၀၀ ပဲထုတ်ဖို့ လျာထားပါတယ်။ သစ်မာတန် ၆၇၀၀၀၀ ကိုသာ ထုတ်လုပ်ဖို့လျာထားပါတယ်။ တစ်နည်းပြောရရင် ၂၀၁၃-၂၀၁၄ မှာတုန်းက ကျွန်းက ၉၃၀၀၀ ဖြစ်ပါတယ်။ သစ်မာက ၆၁၀၅၀၀ ဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့က သစ်မာကို ဘာကြောင့်ပိုပြီးတော့ ပေးနေတာလဲဆိုတော့ ဒေသခံပြည်သူတွေနဲ့ နောက်တစ်ခုက ကျွန်တော်တို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်တွေကို သစ်မာကို အများဆုံး ထုတ်လုပ်ပေးရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဒီလျာထားချက်တွေအတိုင်း လျှော့ချပြီး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ထုတ်လုပ်ရရှိတဲ့သစ်များကိုလည်း အခုနက ကျွန်တော်တင်ပြခဲ့တဲ့ လုပ်ငန်းစဉ်များမှာ စနစ်တကျ ကျွန်တော်တို့ စီမံဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် လွှတ်တော် ကိုယ်စားလှယ်ကြီးရဲ့ မေးမြန်းထားချက်မှာပါရှိသကဲ့သို့ ယနေ့အခြေအနေမှာ ၂၀၁၄ ခုနှစ်မတိုင်မီ တစ်နိုင်ငံလုံးရှိ သစ်များကို အပြောင်ရှင်းသစ်ထုတ်သည့်အခြေအနေမျိုးမဟုတ်ပါ ကြောင်း၊ ဒီ့အပြင် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုရပ်ဆိုင်းခြင်းသာဖြစ်ပြီး ပြည်တွင်းသစ်အခြေခံစက်ရုံ၊ အလုပ်ရုံများ နှင့် ကုန်ကြမ်းလိုအပ်ချက်၊ ဒေသခံပြည်သူများရဲ့လိုအပ်ချက်၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလိုအပ်ချက်၊ မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ်အတွက် လိုအပ်ချက်များကို တွက်ချက်ပြီးတော့မှသာ အနည်းဆုံးသဘာဝတောကို ထိခိုက်မှုအနည်းဆုံးနဲ့ သစ်ထုတ်လုပ်ခြင်းသာဖြစ်ပါကြောင်း တင်ပြအပ် ပါတယ်။
သစ်ထုတ်လုပ်မှုနဲ့ပတ်သက်လို့ အကျဉ်းချုပ်ရှင်းလင်းဖြည့်စွက်တင်ပြလိုပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ သဘာဝတောများကို အခုနက လွှတ်တော်ကိုယ်စားလှယ်ကြီး ရှင်းပြသွားတဲ့ Myanmar Selection System ရွေးချယ်ခုတ်လှဲတဲ့စနစ်နဲ့ စနစ်တကျစီမံအုပ်ချုပ်လုပ်ကိုင်ခဲ့ရာမှာ တစ်နည်းအား ဖြင့် ထာဝစဉ်တည်တံ့စေတဲ့ သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း (Sustainable Forest Management) စနစ်နဲ့ အလေးထားဆောင်ရွက်ပါတယ်။ ဒီစနစ်ရဲ့ အဓိကအနှစ်သာရမှာတော့ နှစ်စဉ်သစ်ထုတ်လုပ်မယ့် တောထွက်ပမာဏသတ်မှတ်ထားရှိခြင်း၊ ခုတ်လဲှရမယ့်သစ်ပင်ရဲ့အရွယ် အစား၊ လုံးပတ်ကန့်သတ်ချက် သတ်မှတ်ထားရှိခြင်း၊ ခုတ်လှဲပြီးဧရိယာ နောက်တစ်ချိန် ပြန်လည် ဝင်ရောက်ခုတ်လှဲရန် အချိန်ကာလသတ်မှတ်ထားရှိခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ဆောင်ရွက်နေတာကို ကမ္ဘာ့နိုင်ငံတကာ မိသားစုဝင်နိုင်ငံဖြစ်တဲ့အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ထိုနည်းအတူပဲ ITTO ဒီလိုအဖွဲ့အစည်းတွေက ဒါတွေကို အမြဲလေ့လာပြီးတော့မှ ကျွန်တော်တို့နိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံအသီးသီးရဲ့ဆောင်ရွက်ချက်တွေအပေါ်မှာ ထောက်ပြကြီးကြပ်တာလည်းရှိပါတယ်။ ထိုနည်းတူပဲ အခုနကတင်ပြခဲ့တဲ့ သစ်တောသယံဇာတစာရင်း ကောက်ယူခြင်း၊ ဒါဟာ နှစ်စဉ် ဆောင်ရွက်သလို ငါးနှစ်တစ်ကြိမ် Forest Resource Assessment - FRA ခေါ်ပါတယ်။ ဒါက ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ထုတ်ပြန်ပါတယ်။ ငါးနှစ်တစ်ကြိမ် ထုတ်ပြန်တဲ့အခါမှာ ကျွန်တော်တို့ အဲ့ဒီ အချိန်မှာလည်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နဲ့ရော၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီး သစ်တောသယံဇာတတွေရဲ့တည်ရှိမှုကို အကဲဖြတ်ခံယူရတာဖြစ်ပါတယ်။ နောက် နိုင်ငံအတွင်းမှာ လည်း ကျွန်တော်တို့ သစ်တောခရိုင် ၆၃ ခရိုင်ကို သတ်မှတ်ပြီးတော့မှ ခရိုင်သစ်တောအုပ်ချုပ် လုပ်ကိုင်မှုနဲ့ ဒါတွေပေါ်မှာလည်း ဆယ်နှစ်တစ်ကြိမ်၊ နောက်ထိုနည်းတူပဲ ငါးနှစ်တစ်ကြိမ် ကျွန်တော် တို့ ပြန်လည် Review လုပ်ပြီးတော့မှ လက်တွေ့ ခုနက ကဏ္ဍအသီးသီးက ကျွန်တော်တို့အပေါ် ဝေဖန်အကြံပြုတဲ့အချက်တွေကိုပါ ထည့်သွင်းစဉ်းစားပြီး သုံးသပ်ဆောင်ရွက် လျက်ရှိပါတယ်။ ခုနက ကျွန်တော်တင်ပြခဲ့တဲ့ FAO၊ ITTO၊ EITI စတဲ့ဒီအဖွဲ့အစည်းတွေက ဒါစဉ်ဆက် မပြတ် ကျွန်တော်တို့ကို ကြပ်မတ်ပေးပြီး၊ တစ်ဖက်ကလည်း ကျွန်တော်တို့ Global Witness ဆိုတဲ့အဖွဲ့ အစည်းလိုဟာမျိုးက တစ်ကမ္ဘာလုံးမှာ တရားမဝင်တဲ့လုပ်ဆောင်ချက်တွေ၊ နောက်တစ်ခုက ကျွန်တော်တို့ ဒီလိုသယံဇာတ တွေကို အလွန်အကျွံသုံးစွဲတာတွေနဲ့ပတ်သက်ပြီး အမြဲတမ်းဝေဖန်ထောက်ပြလျက်ရှိပါတယ်။ ဒီအဖွဲ့ အစည်းကလည်း ကျွန်တော်တို့နဲ့ နှစ်ကြိမ်တိတိလာရောက်တွေ့ဆုံပြီးတော့မှ မြေပြင်မှာ သူတို့ရရှိထား တဲ့အတိအကျအချက်အလက်တွေနဲ့ ကျွန်တော်တို့နဲ့ ဆွေးနွေးတာမျိုးတွေလည်းရှိပါတယ်။ ဒါကြောင့်မို့ လို့ ကျွန်တော်တင်ပြလိုတာကတော့ ကျွန်တော်တို့အနေနဲ့ ခုနလို ၂၀၁၄ မတိုင်မီ တစ်နိုင်ငံလုံးရှိတဲ့ သစ်တောတွေကို အပြောင်ရှင်းတယ်ဆိုတဲ့ဟာကတော့ ဒီကျွန်တော်တင်ပြသွားတဲ့ အဖြေတွေနဲ့ဆန်းစစ် ပြီး နောက်လက်တွေ့မျက်မြင် ဒါလေးတွေကို သုံးသပ်ရင် အဖြေထွက်နိုင်ပါတယ်။ သို့သော်လည်း အချို့အရာတွေဟာ အားနည်းချက်ရှိနေတာတော့ မှန်ပါတယ်။ ကျွန်တော်တို့လည်း ပြုပြင်ဆောင်ရွက်ဖို့ လုပ်ကိုင်လျက်ရှိပါတယ်။
ဒီ့အပြင် ကျွန်တော်တို့ ပြင်ပကို သစ်အလုံးလိုက်တင်ပို့ခြင်းကို ရပ်ဆိုင်းပြီးတဲ့နောက်မှာ ကျွန်တော်တို့ ကုမ္ပဏီလုပ်ငန်းရှင်များကိုရောင်းချထားတဲ့ လက်ကျန်သစ်လုံးများ၊ ထုတ်လုပ်ပြီး ရောင်းချ ရန်ကျန်ရှိနေတဲ့သစ်လုံးများနဲ့ပတ်သက်လို့ နိုင်ငံတော်ရဲ့အကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိစေရေး အတွက်လည်း ကျွန်တော်တို့ အောက်ပါအတိုင်း ဆောင်ရွက်သွားဖို့ စီစဉ်ထားရှိပါတယ်။ ပထမ တစ်ချက်အနေနဲ့ကတော့ ကုမ္ပဏီ/လုပ်ငန်းရှင်များကို ရောင်းချပြီးဖြစ်တဲ့ လက်ကျန်သစ်လုံးများကို စာရင်းကောက်ယူ၍ သစ်လုံးများကို သစ်အခြေခံ သစ်အချောထည်လုပ်ငန်းများ သစ်ခွဲသားများ အဖြစ် ခွဲစိတ်ရောင်းချရာမှာ အသုံးချဖို့။ နောက်တစ်ချက်ကတော့ ထုတ်လုပ်ပြီး ရောင်းချရန် ကျန်ရှိနေ တဲ့သစ်လုံးများကို စာရင်းပြုစုမယ်။ မြေပြင်စာရင်းကောက်ယူပြီး စာရင်းပြုစုပါမယ်။ ကျွန်တော်တို့ နောင်လျှော့ချထုတ်လုပ်ခြင်းမှ ထွက်ရှိလာမယ့်သစ်လုံးများနဲ့ တစ်ပါတည်း အိတ်ဖွင့်တင်ဒါစနစ်နဲ့ လွတ်လပ်ပွင့်လင်းစွာရောင်းချခြင်း၊ ရောင်းချတဲ့သစ်လုံးများကို သစ်အချောထည်လုပ်ငန်းနှင့် သစ်ခွဲ သားအဖြစ် ခွဲစိတ်ရောင်းချသည့်လုပ်ငန်းများမှာ သုံးစွဲရန် ဒီလုပ်ငန်းစဉ်နှစ်ရပ်နဲ့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ယခုအခါမှာ ပြည်ပပို့သစ်အလုံးလိုက်တင်ပို့ခြင်းကို ရပ်ဆိုင်းပြီးတဲ့အပြင် သစ်ထုတ်လုပ်မှုကို လည်း နှစ်စဉ်လျှော့ချထုတ်လုပ်လျက်ရှိပါတယ်။ နိုင်ငံတော်မှ သစ်တောသယံဇာတအပေါ် မှီခိုမှုနှင့် လိုအပ်မှုများ လျှော့နည်းလာတာနဲ့အမျှ သစ်ထုတ်လုပ်မှုလုပ်ငန်းစဉ်များဟာလည်း တဖြည်းဖြည်း လျော့နည်း ရပ်ဆိုင်းသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
