(စ)-နယ်စပ်ရေးရာဝန်ကြီးဌာနမှ မိုင်းပန်-နောင်လေ-မိုင်းပုတ်(ပန်ပိ)လမ်း (၃၆)မိုင်မှ ကျန်မြေသားလမ်း (၂၁)မိုင်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၁.၅.၂၀၁၈)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်း မိုင်းပန်မြို့မှ နောင်လေ၊ မိုင်းပုတ်(ပန်ပိ)သွားလမ်း ၃၆ မိုင်ကို နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ်တွင်စတင်ဖောက်လုပ်ခဲ့ပါကြောင်း၊ ၂၀၁၄ ဘဏ္ဍာရေးနှစ် တွင် မြေသားလမ်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်းနှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်း ၁၂ မိုင် စုစုပေါင်း ကျောက်ချောလမ်း ၁၅ မိုင် ဆောင်ရွက်ခွင့်ပြုခဲ့ပြီး ဖောက်လုပ်လျက် ရှိပါကြောင်း၊ အဆိုပါလမ်းသည် နားမွန်ကျေးရွာအုပ်စုအတွင်း မိုင်းပုတ်(ပန်ပိ)လမ်းတစ်လျှောက်ရှိ နောင်လွန်း- နောင်လေ- မိုင်းပုတ်(ပန်ပိ)-ဆန်ကွယ်နောင်ချိုကျေးရွာများသို့ ဆက်သွယ်ဖောက်လုပ်ထား သည့်ဒေသအတွက်မရှိမဖြစ် အသုံးပြုနေရသည့်လမ်း ဖြစ်ပါကြောင်း၊ မိုင်းပုတ်(ပန်ပိ)ဒေသသည် မိုင်းပန် မြို့ မှ ၃၆ မိုင် ကွာဝေးပြီး အိမ်ထောင်စု ၁၉၀၀ ကျော်နှင့် လူဦးရေ ၁၀၀၀၀ ကျော်နေထိုင်သည့် ကျေးရွာ ဖြစ်ပြီး  တိုင်းရင်းသားအများစုနေထိုင်သည့်အတွက် အဆိုပါလမ်းသည် များစွာအကျိုးပြုနိုင်မည် ဖြစ်ပါ ကြောင်း၊ ပေ ၄၀၀၀ ကျော်မြင့်မားသည့် တောင်ကုန်း၊ တောင်တန်းများကြားတွင် တည်ရှိသည့် ရွာများ ဖြစ်သည့်အတွက် ဆန်စပါး၊ သီးနှံများ စိုက်ပျိုးနိုင်သော်လည်း ရောင်းချနိုင်ရန် လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်း၊ သယ်ယူစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် စားဝတ်နေရေးခက်ခဲကာ ယခင်က ဘိန်းစိုက်ပျိုးခဲ့ သည့် ဒေသများဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုစီးပွားဘဝ အစစအရာရာနိမ့်ကျနေသည့်ဒေသဖြစ်ပါ ကြောင်း၊ နိုင်ငံတော်မှလည်းပဲ လက်ရှိအခြေအနေမှာ ကျောက်ချောလမ်းအား ဘဏ္ဍာရေးနှစ်အလိုက် ဖောက်လုပ်ပေးနေတာဖြစ်ပြီး ကျန်ရှိတဲ့လမ်းပိုင်းကိုလည်း ဆက်လက်ဖောက်လုပ်ပြီးစီးပါက ဘိန်းအစား ထိုးသီးနှံများ စိုက်ပျိုးနိုင်ပြီး စက်မှုလယ်ယာလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည့် အတွက် ဒေသခံတိုင်းရင်းသားများ အမှန်တကယ်ဦးစားပေးလိုအပ်နေသည့်  မိုင်းပန်-နောင်လေ - မိုင်းပုတ် (ပန်ပိ)လမ်း ၃၆ မိုင်မှ ခင်းရန်ကျန်ရှိသည့် မြေသားလမ်း ၂၁ မိုင်အား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်းဆက်၍ ခင်းပေးနိုင်ပါရန်နှင့် နှစ်အလိုက် အဆင့်ဆင့်ဆောင်ရွက်မည်ဆိုပါက မြေသား လမ်း အဆင့်မြှင့်တင်ခြင်းမှစတင်၍ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


 

ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ ပန်တဝိ၊ ပန်ပိ၊ နောင်လေကျေးရွာအုပ်စု များအတွင်းရှိ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးအတွက် မိုင်းပန်-နောင်လေ-မိုင်းပုတ်(ပန်ပိ) လမ်း ၃၆ မိုင်ကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ  ၄၃၂ သန်းဖြင့် မြေလမ်းဖောက် လုပ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် မိုင်းပန်-နောင်လေ-မိုင်းပုတ်(ပန်ပိ) လမ်း ၃၆ မိုင်အနက် ၅ မိုင် ကျောက်ခင်းခြင်းကိုလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကျောက်လမ်း ၇ မိုင်နှင့် ကွန်ကရစ်တံတား ၁၆ ပေ တစ်စင်း၊ ၁၈ ပေ တစ်စင်း၊ ၄၇ ပေ တစ်စင်း၊ ၂၅ ပေ သုံးစင်း၊ ၂၀ ပေ နှစ်စင်း၊ ၃ ပေ ရေပြွန် ၁၂ စင်း၊ ၅ ပေ Box Culvert ၁၁ စင်း၊ ၃ ပေ ရေကျော် သုံးစင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊  ၎င်းအပြင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမခြောက်လတွင် နယ်စပ် ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေမှ ကျောက်လမ်း ၁ မိုင် ၂ ဖာလုံနှင့် ၅ ပေ Box Culvert လေးစင်း တို့ကို ခွင့်ပြုရန်ပုံငွေကျပ် ၁၅၇.၃၆ သန်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ ၁၂ လ ရန်ပုံငွေလျာထားချက်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေမှ ကျောက်လမ်း ၂ မိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ မှ ကျောက်လမ်း ၃ မိုင် အဆင့်မြှင့်တင်ဆောင်ရွက်ရန်အတွက် ရန်ပုံငွေကို အဆိုပြုထည့်သွင်းလျာထားပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိမှု အပေါ်မူတည်ပြီး လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့် လမ်းပိုင်းများ ကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စိစစ်ထောက်ခံ တင်ပြလာမည် ဆိုပါက ဘဏ္ဍာရေးနှစ်အလိုက်၊ ဦးစားပေးအလိုက်  အဆိုပြုထည်‌့သွင်းလျာထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးစိုင်းကျော်မိုး(မိုင်းပန်မဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။

ကျန်ရှိသည့် လမ်းမိုင်များကို ကျောက်ရောမြေ ၆ လက်မထုနှင့်ကြိတ်ပြီးဆောင်ရွက်ရသည့် အဆင့်မြင့် မြေသားလမ်း ဖောက်လုပ်ပေးမည်ဆိုပါက ဘဏ္ဍာရေးကုန်ကျမှုအနည်းငယ်ဖြင့် လုပ်ငန်း ပမာဏများများ ပြီးနိုင်သည့်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြင့်မြေသားလမ်းဖောက်လုပ် ပေးနိုင်ခြင်း ရှိ/မရှိ ကို သိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်

ကျန်ရှိသည့်လမ်းများကို ကျောက်ရောမြေလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် တွင် ရန်ပုံငွေထည့်သွင်းလျာထားခြင်းမရှိပါကြောင်းနှင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးပါမည် ဖြစ်ပါကြောင်း ဆက်စပ်မေးခွန်းအား ပြန်လည်ဖြေကြားခဲ့ပါသည်။