(င)-ဆင်းရဲနွမ်းပါးမှုမြင့်မားနေသည့် မြို့နယ်များတွင် ဘက်စုံလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာ စေရန် ငြိမ်းချမ်းရေးအသွင်သဏ္ဌာန်ဖော်ဆောင်သည့်ဒေသအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့မှ သီးသန့်အထူးရန်ပုံငွေများဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၁.၅.၂၀၁၈)

(င)-ဆင်းရဲနွမ်းပါးမှုမြင့်မားနေသည့် မြို့နယ်ဒေသများတွင် ဘက်စုံလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာ စေရန် ငြိမ်းချမ်းရေးအသွင်သဏ္ဌာန်ဖော်ဆောင်သည့်ဒေသအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့မှ သီးသန့်အထူးရန်ပုံငွေများဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပြည်ထောင်စုမြန်မာနိုင်ငံ ထာဝစဉ်တည်ငြိမ်အေးချမ်းသာယာရေးတို့ ဦးတည်သောမူဝါဒလမ်းစဉ်အရ ယခင် ကချင်အထူးဒေသ(၁)(NDAK)တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကို ယခင်အစိုးရအဖွဲ့မှ ယုံကြည်မှုတည်ဆောက်ကာ ထာဝရငြိမ်းချမ်းရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လက်နက်ကိုင် အဖွဲ့အစည်းသို့ အသွင်ကူးပြောင်းရယူခဲ့သော ဒေသမြို့နယ်များဖြစ်ကြပါကြောင်း၊ မိမိတို့တိုင်းရင်းသား များနေထိုင်သော မြို့နယ်အချို့မတည်ငြိမ်မှုကြောင့် လူနေမှုဘက်စုံဆင်းရဲနွမ်းပါးမှုမြင့်မားနေခဲ့ခြင်းကို ပြည်သူများ အချိန်နှင့်တစ်ပြေးညီ ဘက်စုံဖွံ့ဖြိုးတိုးတက်လာရေး၏ အဓိကလိုအပ်ချက်ဖြစ်သော လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဝမ်းစာဖူလုံရေး၊ သောက်သုံးရေနှင့် မီးလင်းရေးအစရှိသော လူမှုဖွံ့ဖြိုးတိုးတက်ရေးတို့ကို လျင်မြန်စွာပေါ်လာအောင် ဆောင်ရွက်ပေးရန် အစိုးရအဖွဲ့မှ တာဝန်ခံ ခဲ့မှုအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများမှ ယုံကြည်ခဲ့၍ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရယူ အသွင်ကူးပြောင်းနိုင်ခဲ့သော ဒေသတစ်ခုဖြစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးတို့၏ သီးသန့်အထူးရန်ပုံငွေဘတ်ဂျက်များဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာရေးအတွက် အဓိက လိုအပ်ချက်ဖြစ်သော လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေး၊ ဝမ်းစာဖူလုံရေး၊ သောက်သုံးရေနှင့် မီးလင်းရေးတို့ကို ဝန်ကြီးဌာနအသီးသီးတို့မှ တတ်စွမ်းသမျှ ငြိမ်းချမ်းရေးအသွင်သဏ္ဌာန် နမူနာ ကောင်းများ ပေါ်လွင်လာအောင် ဆောင်ရွက်ပေးမည်ဟု ယုံကြည်မျှော်ကိုးခဲ့ပါသော်လည်း ထို ထာဝရငြိမ်းချမ်းရေး အသွင်ကူးပြောင်းရယူခဲ့သော မြို့နယ်ဒေသများတွင် ယခုကာလအထိ ငြိမ်းချမ်း ရေးအသွင်သဏ္ဌာန်ဖော်ဆောင်သည့် အထူးအစီအစဉ်များအဖြစ် ဆောင်ရွက်ပေးမှုမရှိဘဲ အခြားဖွံ့ဖြိုး ပြီးသောမြို့နယ်များနှင့် တန်းတူသာမန်ရိုးရိုးအဆင့် ဖွံ့ဖြိုးရေးလုပ်ငန်းဘတ်ဂျက်များဖြင်‌့သာ ဆောင်ရွက်ပေးသည့်အပြင် အချို့ဌာနများမှာ ဖွံ့ဖြိုးရေးဘတ်ဂျက်ယူနစ်များ လျှော့ချ၍ ဆောင်ရွက် နေသည်ကို တွေ့ရှိရပါကြောင်း၊ ဥပမာ- ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ကို အခြားဖွံ့ဖြိုးပြီးမြို့နယ် များတွင် ၁၀ ယူနစ်အထိ ချပေးသည်ကိုတွေ့ရှိပြီး ငြိမ်းချမ်းရေးရရှိထားသောမြို့နယ်များတွင် နှစ်ယူနစ် ထက် မပိုသောကိစ္စရပ်များကို တွေ့ရှိရသည့်အတွက် ထိုဒေသပြည်သူများ ဝမ်းနည်းအားငယ် နေကြရပါကြောင်း၊ သို့ဖြစ်ပါ၍ ယခင်မတည်ငြိမ်မှုကြောင့် ဆင်းရဲနွမ်းပါးမှုမြင့်မားနေသည့်ဒေသကို ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရယူကာ အသွင်ကူးပြောင်းနိုင်ခဲ့ပြီးသော ဒေသမြို့နယ်များတွင် ဘက်စုံလျင်မြန်စွာ အချိန်နှင့်တစ်ပြေးညီ ပွင့်လင်းမြင်သာစွာ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာစေရန် အခြားဖွံ့ဖြိုးတည်ငြိမ်ခဲ့ပြီးသော မြို့နယ်များထက်တိုးမြှင့်၍ ငြိမ်းချမ်းရေးအသွင်သဏ္ဌာန် ဖော်ဆောင် သည့်ဒေသအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနအသီးသီးမှ သီးသန့်အထူးရန်ပုံငွေဘတ်ဂျက် များဖြင်‌့ ဖွံ့ဖြိုးတိုးမြှင့်ရေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် ဆောင်ရွက်နေသောအနေအထားမှာ ပြည်နယ်၊ တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသီးသီးတို့တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်နှစ်ရပ်ကို နှစ်အလိုက်စီမံကိန်းချပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊  ကချင်ပြည်နယ်အတွင်း လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ စွမ်းအင်လုပ်ငန်း၊ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းများအတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် တွင် ငွေကျပ် ၄၇၈၅.၈၈၅ သန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၅၈၂၇.၇၁၁ သန်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၉၅၄၃.၄၄၆ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ လက်ရှိအနေအထားတွင် အထူးကိစ္စရပ်အနေဖြင့် ပူတာအိုခရိုင်အတွင်းရှိ  မဂွေဇ-ငါ့လုံဒမ်း-ရီဒမ်း-ခေါင်လန်ဖူး ၆၅ မိုင် ၄ ဖာလုံကို ရာသီမရွေးသွားလာနိုင်သည့် ကျောက်ချောလမ်း အဖြစ် ဖောက်လုပ်ခြင်းစီမံကိန်းကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ် ၃၀၀၀ သန်း ဖြင့် လည်းကောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ် ၅၃၉၄.၇၉၂ သန်းဖြင့် လည်းကောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ်တွင် ရန်ပုံငွေကျပ် ၈၀၇.၆၅၅ သန်းဖြင့် လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက် ပေးခဲ့ပါကြောင်း၊

အလားတူ ကချင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးအတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဒုတိယ ၁၂ လတွင် ရန်ပုံငွေကျပ် ၆၄၄၆.၀၆၆ သန်းဖြင့် အဆိုပြုလျာထားပြီးလည်း ဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၏ ခွင့်ပြုရန်ပုံငွေမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးရန်ပုံငွေဖြင့် ကချင် ပြည်နယ်အတွင်းရှိ မြို့နယ်များအတွက် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အထိ နှစ်စဉ်ရန်ပုံငွေကျပ် သန်း ၁၀၀၀ ၊ ၂၀၁၄-၁၅  ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ကျပ်သန်း ၁၅၀၀၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ်သန်း ၅၀၀၀ တို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါကြောင်း၊ အလားတူ ကချင်ပြည်နယ်အတွင်း မြို့နယ်များအလိုက် ပြည်ထောင်စုလွှတ်တော် ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တစ်မြို့နယ်လျှင် ကျပ်သိန်း ၁၀၀၀ နှုန်းဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အထိ မြို့နယ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလည်း ဘဏ္ဍာရေးနှစ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာတွင် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အထိ တစ်နှစ်လျှင် ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သန်း ၂၀ ဖြင့် နှစ်စဉ် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဝိုင်းမော်မြို့နယ်တွင် တံတား တည်ဆောက်ခြင်းလုပ်ငန်းတစ်ခု၊ မိုးညှင်းမြို့နယ်တွင် တံတားတည်ဆောက်ခြင်းလုပ်ငန်းနှစ်ခု၊ ဗန်းမော်မြို့နယ်တွင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းတစ်ခု၊ မံစီမြို့နယ်တွင် ကျောက်ချောလမ်း ခင်းခြင်း လုပ်ငန်းတစ်ခုနှင့် ပူတာအိုမြို့နယ်တွင် တံတားတည်ဆောက်ခြင်းလုပ်ငန်းတစ်ခု စုစုပေါင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ခြောက်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် ရာခိုင်နှုန်း ပြည့်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းကိုလည်း သိရှိရပါကြောင်း၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် သာမန် အသုံးစရိတ်(နိုင်ငံတော်ထောက်ပံ့ငွေ)က ကချင်ပြည်နယ်သို့ မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာ ထူထောင်ခြင်း၊ မျိုးကောင်းမျိုးသန့် မွေးမြူရေးတိရစ္ဆာန်များ ဖြန့်ဖြူးခြင်း၊ နို့စားနွားဖြန့်ဖြူးခြင်း၊ ဘဲ၊ ကြက် ဖြန့်ဖြူးခြင်းတို့အတွက် စုစုပေါင်းငွေကျပ်သန်း ၁၂၀ ကို သုံးစွဲဆောင်ရွက်ခဲ့ပါကြောင်း၊ ကချင် ပြည်နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက် လမ်း၊ တံတား၊ ရေးပေးရေး၊ မီးလင်းရေးလုပ်ငန်းများနှင့် အခြားလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဒေသဖွံ့ဖြိုး ရေး လိုအပ်ချက်များအရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး (နိုင်ငံတော်ထောက်ပံ့မှု)ရန်ပုံငွေမှလည်း ကချင်ပြည်နယ်အတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အထိ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပေးခဲ့သည့်ငွေ အသုံးစရိတ်စုစုပေါင်းမှာ ငွေကျပ် ၃၅၉၃၄.၃၅၄၅ သန်းဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ချီဖွေမြို့နယ် ဘိန်းအစားထိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မိုးသီးနှံပုလဲသွယ် ၈၀ ဧကနှင့် အစေ့ထုတ်ပြောင်း ၁၀ ဧက၊ ဆီမုန်ညှင်း ဧက ၂၀၊ ဖူးစားပြောင်း ၂၀ ဧကအား မျိုးစေ့ဖြန့်ဖြူးခြင်း၊ နှစ်ရှည်ပျိုးပင် ၅ ဧကစာ ၂၁၇၈ ပင် ဖြန့်ဖြူးခြင်း၊ စံပြကွက်အနေဖြင့် မိုးစပါး ၂ ဧက၊ ဆောင်းသီးနှံဆီမုန်ညှင်း ၁ ဧက၊ သစ်ကြား ဝ.၅၀ ဧက ဆောင်ရွက်ခြင်း၊ နည်းပညာဖြန့်ဖြူးခြင်းအတွက် ပညာပေးသင်တန်းသုံးကြိမ်ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင် ၅၀၀၀ ဖြန့်ဝေခြင်း၊ ကွင်းသရုပ်ပြပွဲနှစ်ကြိမ်ဆောင်ရွက်ခြင်း၊ သီးနှံများ အထွက်နှုန်း ပိုမိုထွက်ရှိစေရေးအတွက် ဓာတ်မြေသြဇာယူရီးယား ၃၅ အိတ်နှင့် ကွန်ပေါင်း ၃၀ အိတ် ဖြန့်ဖြူးခြင်း၊ ပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေအောင်မြင်စေရေးအတွက် ဒေသ စကားကျွမ်းကျင်သည့် ဝန်ထမ်းနှစ်ဦးကိုလည်း ငှားရမ်းတာဝန်ပေးဆောင်ရွက်ခဲ့ကြောင်း သိရပါကြောင်း၊

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများအပေါ် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်မှုမဖြစ်စေရေး၊ ရရှိပြီး ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်မှုများရပ်တန့်မသွားစေရေး၊ ဆုတ်ယုတ်မသွားစေရေး၊ ပြည်သူလူထုအပေါ် သဘာဝ ဘေးအန္တရာယ်များကြောင့် ထိခိုက်ခံစားရမှုများမှ လျော့နည်းသက်သာစေရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် နိုင်ငံတော်မှ ခွဲဝေ ချထားပေးသော ဘတ်ဂျက်ရန်ပုံငွေနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်မှ စီမံခန့်ခွဲမှုရန်ပုံငွေတို့မှ ကျခံသုံးစွဲလျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်  ထိခိုက်ခံစားရသည့် ဘေးသင့်ပြည်သူ များအတွက် အရေးပေါ်အစားအစာ၊ မိသားစုသုံးပစ္စည်းများ၊ အိုးအိမ်များပြန်လည်ပြုပြင်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ၊ သေဆုံးသူတို့၏ ကျန်ရစ်သည့် မိသားစုများကို ထောက်ပံ့ခြင်းစသည့် လတ်တလော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုမှ လျော့နည်းသက်သာစေရန်ထောက်ပံ့ခြင်း၊ ဘေးသင့်ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် ပြန်လည်ထူထောင်နိုင်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ခြင်းလုပ်ငန်းများကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကို ဖွဲ့စည်းထားပါကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာအနေဖြင့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်၍ အသွင်ကူးပြောင်းရယူထားသော အဖွဲ့အစည်းများ၊ တစ်နိုင်ငံလုံးပစ်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက တင်ပြသည့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးလိုအပ်ချက်များကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသ ကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပဋိပက္ခကျရောက်ခဲ့ရသော ဒေသများတွင်လည်း တိုင်းရင်းသားပြည်သူများ၏ စားဝတ် နေရေးအတွက် ပြည်ထောင်စုအစိုးရ၏ ဘဏ္ဍာရန်ပုံငွေ၊ အထူးသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ရန်ပုံငွေတို့ဖြင့်ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ရန်ပုံငွေ၊ ပြည်တွင်းပြည်ပအလှူရှင်များ၏ လှူဒါန်း ငွေများဖြင့်လည်း တိုင်းရင်းသားပြည်သူများ၏ စားဝတ်နေရေးလိုအပ်ချက်များကို ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊

တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးနှင့် ငြိမ်းချမ်းရေး ရန်ပုံငွေ များကို အကျိုးရှိစွာအသုံးပြုနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အစိုးရကိုယ်စားလှယ်များ၊ NCA ရေးထိုးခြင်းမပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့(JCB)ကိုလည်း ဖွဲ့စည်းထားပါကြောင်း၊ နိုင်ငံတကာမှ ကူညီ ထောက်ပံ့လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရန်ပုံငွေများကို ခွဲဝေလျာထားအသုံးပြု၍ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကဏ္ဍ၊ စေ့စပ်ညှိနှိုင်းဆွေးနွေးရေးကဏ္ဍ၊ ငြိမ်းချမ်းရေး အထောက်အကူပြု ဖွံ့ဖြိုးရေးကဏ္ဍနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကဏ္ဍစသည်ဖြင့် ဦးစားပေးကဏ္ဍကြီး ၄ ရပ် သတ်မှတ်ထားပါကြောင်း၊ NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ရရှိထားသော ငြိမ်းချမ်းရေးခိုင်မာ စေရန် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC)ကို ပြည်ထောင်စု အဆင့်၊ ပြည်နယ်အဆင့်၊ ဒေသအဆင့်ဖြင့် စောင့်ကြည့်ရေးယန္တရားအဆင့်ဆင့်ကိုလည်း ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ပဋိပက္ခများ လျှော့ချနိုင်ရန်ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နေသကဲ့သို့ တစ်ဖက်တွင်လည်း ဒေသခံများ၏ အကျိုးစီးပွားကို အတတ်နိုင်ဆုံး စောင့်ရှောက်မြှင့်တင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ပဋိပက္ခဒဏ်ခံစားနေရသည့်ဒေသအတွင်း စီးပွားရေးလုပ်ငန်းများကိုလည်း Public Private Partnership (PPP) ပုံစံဆောင်ရွက်နိုင်ရန်၊ ဈေးကွက်သဘောတရားနှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် ဆောင်ရွက်ပုံဆောင်ရွက်နည်းများ သိရှိနားလည်စေရန် ဆွေးနွေးပွဲများကျင်းပပြုလုပ်ပြီး ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခေတ်အဆက်ဆက် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ပြည်မနှင့် ပြည်နယ်အလိုက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ သက်ဆိုင်ရာဖွံ့ဖြိုးရေးစီမံကိန်းများကို နှစ်အလိုက် စီမံကိန်းချမှတ်၍ ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏အခြေအနေအရပ်ရပ်များကြောင့် အချို့ သောဒေသများတွင် ဖွံ့ဖြိုးရေးစီမံကိန်းများသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက် ရှိကြောင်းကိုလည်း တွေ့ရှိရပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် နောင်အနာဂတ်တွင်လည်း ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများကို နှစ်အလိုက်စီမံကိန်းချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသဖြင့် သီးသန့်အထူးရန်ပုံငွေအနေဖြင့် ဆောင်ရွက်ပေးသွားရန်မရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

ဦးဇုံးတိန့်(ချီဖွေမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ထာဝရငြိမ်းချမ်းရေး တည်ဆောက်ထားသည့်ဒေသ၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲမှသာ လုပ်မည့် သဘောလားဆိုသည်ကို တစ်ဆက်တစ်စပ်တည်းမေးမြန်းလိုပါကြောင်း၊ ထာဝရငြိမ်းချမ်းရေး တည် ဆောက်ထားပြီးသားဒေသကို အခြားမြို့နယ်များထက်ပိုပြီးမှ ယခင်ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက် သည့်အခါ နိုင်ငံတော်ကလည်း အတတ်နိုင်ဆုံးဆောင်ရွက်ပေးသွားမည်ဆိုသည့်ကတိရှိသည့် အတိုင်းအတာကို  သာမန်အခြားမြို့နယ်များ ဆောင်ရွက်သည့်အတိုင်းအတာများသာ နှစ်အလိုက် ဆောင်ရွက်ပေးနိုင်သည်ဟု ဖြေကြားသွားပါကြောင်း၊ သို့သော်ငြားလည်း  နိုင်ငံတော်အခြေခံဥပဒေ နှင့်အညီ အသွင်ကူးပြောင်းသည့်ဒေသမြို့နယ်များကို အထူးဆောင်ရွက်ပေးရန်အစီအစဉ်မရှိဟု ဖြေကြားသည်မှာ အကယ်၍ယခုအတိုင်းထားပါက ပြည်သူများအနေဖြင့် မငြိမ်းချမ်းရေး ဆက်လက် မစဉ်းစားသည့်အခန်းကဏ္ဍဒေသများက လူများအား သက်ရောက်မှုရှိ/ မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်

အထူးကိစ္စရပ်အနေဖြင့် မိမိတို့နယ်စပ်ရေးရာဝန်ကြီးဌာနကို တင်ပြပေးပါက ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ လက်ရှိတွင်လည်း လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့်ကိစ္စများကိုလည်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံးဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းထားသည့်အချက်နှင့်ပတ်သက်ပြီး အခြားဝန်ကြီးဌာနများကို ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။