နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့ကို မြို့အဖြစ်သတ်မှတ်ဖွဲ့စည်းပေးထားခဲ့သော်လည်း လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့်အတွက် အစစအရာရာတွင် ဖွံ့ဖြိုးမှုနှောင့်နှေးသည့်ဒေသဖြစ်ပါကြောင်း၊ ပန်ဆောင်မြို့၏ မြို့ပြပုံနှင့် စိမ့်စမ်းရေသွယ်ပြီး မြို့တွင်းတွင် တည်ဆောက်ထားသည့် ရေကန်များသည် အောက်တိုဘာလမှ ဧပြီလအထိ ရေကန်တွင် ရေရယူနိုင်ခြင်း မရှိဘဲ နှစ်စဉ်နှစ်တိုင်း သောက်သုံးရေရှားပါးသည်ပြဿနာကို ကြုံတွေ့ကြရပါကြောင်း၊
ထို့ကြောင့် ပြည်သူများသည် လက်ယက်တွင်းများကို အဓိကအသုံးပြုရသည့် အခြေအနေဖြစ်ပါ ကြောင်း၊ ဆောင်းရာသီအချိန်များတွင် ည ၁၁ နာရီခန့်အထိလည်းကောင်း၊ မနက်ပိုင်းများတွင် လည်း နှစ်နာရီခန့်ကလည်းကောင်း ရေရရှိနိုင်ရေးအတွက် ရေတွင်းသို့ သွားရောက်ရပါကြောင်း၊ သောက်သုံးရေအတွက် ရေသန့်ရရှိနိုင်ရန် မြို့နှင့်အနည်းဆုံး တစ်မိုင်ကျော်ခန့်အထိ သွားရောက် ရ ပါကြောင်း၊ ပန်ဆောင်မြို့သည် ပထဝီမြေအနေအထားအရ တောင်စောင်းတစ်လျှောက်တွင် တည်ရှိသည့်အတွက် သောက်သုံးရေရရန် အခက်အခဲ ဖြစ်ပေါ်လျက် ရှိပါကြောင်း၊ ထို့ကြောင့် ရေရရှိနိုင်ရေးအတွက် ချောင်းကြီးမှ စက်ဖြင့်ဖြစ်စေ၊ ကွန်ကရစ်ရေစုကန်တည်ဆောက်ပြီး သွယ် တန်း၍ ဖြစ်စေ အကောင်အထည်ဖော် ဆောင်ရွက်ပေးမှ သာလျှင် အဆင်ပြေနိုင်မည်ဖြစ်ပါ ကြောင်း၊
ပန်ဆောင်မြို့နှင့် တစ်မိုင်ကျော်ခန့်အကွာရှိ နောင်ရမ်းအင်း ခေါ် Lake of No Return အင်းကြီးရှိသကဲ့သို့ အကင်းချောင်းလည်းရှိပါကြောင်း၊ နောင်ရမ်းအင်းမှ ပန်ဆောင်မြို့ပေါ်ထိ ရေသွယ်တန်းယူရနိုင်ရန် သက်ဆိုင်ရာတွေများက မြေပြင်အထိ စနစ်တကျကွင်းဆင်းတိုင်းတာပြီး သင့်လျော်သည့်နည်းပညာများဖြင့် အလျင်အမြန် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ဆိုပါက သောက်သုံးရေ လုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင် မည်ဖြစ်ပါကြောင်း၊
ထို့ကြောင့်ပန်ဆောင်မြို့ပေါ်ပြည်သူများသန့်ရှင်းသော သောက်သုံးရေ အလုံအလောက် ဆောလျင်စွာ ရရှိနိုင်ရန် စီမံဆောင်ရွက်ပေးမယ့်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေး မည်ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နန်းယွန်းမြို့နယ်အတွင်း သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ ၁၂ လ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေလျာထားချက်တွင် နာယန်းကျေးရွာ အောက်ရပ်ကွက် စိမ့်စမ်းရေသွယ်ယူခြင်း ၂ မိုင် ငွေကျပ် ၁၅ သန်း၊ လန်ခင်ကျေးရွာ၊ အောက်ရပ်ကွက် စိမ့်စမ်းရေသွယ်ယူခြင်း ၂ မိုင် ငွေကျပ် ၁၅ သန်း၊ ပန်ဆောင်မြို့ အခြေခံပညာအထက်တန်း ကျောင်းအတွက် စိမ့်စမ်းရေသွယ်ယူခြင်း ၂ မိုင် ငွေကျပ် ၁၅ သန်းကို အဆိုပြုထည့်သွင်း လျာထားပြီးဖြစ်ပါကြောင်းနှင့် ပန်ဆောင်မြို့ပေါ်ရှိ ပြည်သူလူထုများ သန့်ရှင်းသောသောက်သုံးရေ ရရှိစေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်ထောက်ခံတင်ပြလာမည်ဆိုပါက နောက်နှစ်ရန်ပုံငွေတွင် ဆက်လက် အဆိုပြုထည့်သွင်း လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
