ကွမ်းလုံမြို့နယ်သည် ရပ်ကွက်ခြောက်ခု၊ ကျေးရွာအုပ်စု ၂၅ အုပ်စုဖြင့် ဖွဲ့စည်းထားပြီး ကျေးရွာပေါင်း ၁၇၃ ရွာမှ အများစုသည် တောင်ပေါ်ကျေးရွာများ ဖြစ်ကြပါကြောင်း၊ မြို့တည်နေရာ သံလွင်မြစ်ကမ်းနံဘေး တောင်ခါးပန်းတွင် တည်ရှိနေသည့်အတွက် ပထဝီအနေအထားအရ လမ်းပန်းဆက်သွယ်မှု အဆင်ပြေလွယ်ကူမှု မရှိပါကြောင်း၊ အထူးသဖြင့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းမကြီးဘေးရှိ တောင်ပေါ်ကျေးရွာချင်းဆက် လမ်းများသည် မိုးရာသီတွင် ပိုမိုခက်ခဲပါကြောင်း၊ လမ်းမကြီး၏ တောင်ဘက်ခြမ်း လားရှိုး-သိန္နီ-ဟိုပန်မြို့များနှင့် မြို့နယ်ချင်းဆက်နေပြီး မြောက်ဘက်ခြမ်းသည် လောက်ကိုင်၊ ကွတ်ခိုင်မြို့များနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး မြို့နယ်ချင်းဆက်လမ်းများလည်း သွားလာရန် အဆင်ပြေလွယ်ကူမှုမရှိပါကြောင်း၊
လားရှိုး-ကွမ်းလုံမြို့နယ်ချင်းဆက်လမ်းသည် ရာသီမရွေးသွားလာနိုင်ခြင်း မရှိသည့်အပြင် မြေသားလမ်း ၂၅ မိုင် ကျန်ရှိနေပြီး တံတားများလည်း မရှိသည့်အတွက် ယခင်ပုံမှန်လွှတ်တော်အစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများက လျာထားဆောင်ရွက်မည့် အစီအစဉ်ကို ဖြေကြားပေးပို့ထားခြင်း ဖြစ်သဖြင့် ပြီးစီးသွားပါက ၎င်းဒေသနေပြည်သူများက အလွယ်တကူ သွားလာနိုင်ကြမည် ဖြစ်သည်ဟု မျှော်လင့်ရရှိနိုင်ပြီဖြစ်ပါကြောင်း၊ ယခု မြောက်ဘက်ခြမ်းဖြစ်သည့် နမ့်ကျွမ်း၊ ဝေါချုံဒေသတွင် တောင်ပေါ်ကျေးရွာများရှိ ဆင်းရဲနွမ်းပါးတိုင်းရင်းသားများသည် ၎င်းတို့၏ ကျန်းမာရေးနှင့် အထွေထွေလူမှု စီးပွားဝမ်းစာအတွက် ၎င်းကျေးရွာချင်းဆက်လမ်းများကို မဖြစ်မနေအားထား အသုံးပြုသွားလာ နေကြသည့်အပြင် ကွမ်းလုံမြို့၏ တောင်ပေါ်ကျေးရွာအများစုသည် ဘိမ်းအစားထိုးကြံကို အဓိက ထားစိုက်ပျိုးသည့်အတွက် အဆိုပါကျေးရွာချင်း ဆက်လမ်းများသည် ၎င်းဒေသ၏ ကုန်ထုတ်လမ်းများလည်း ဖြစ်ပါကြောင်း၊ အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်းများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ရန်နှင့် တောင်ဘက်ခြမ်းဖြစ်သည့် ကမ်မိန်း၊ ပန်ခမ်းဒေသကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ကြောင်း ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် စတင်အတည်ပြုသတ်မှတ်ခဲ့ပါကြောင်း၊ သို့သော်လည်း ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှစ၍ ယခုထိ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ငွေကျပ် ၉၁၂.၅၂ သန်းသာသုံးစွဲခဲ့ကြောင်းနှင့် ဘတ်ဂျက်လျာထားမှု လွန်စွာနည်းပါးကြောင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ သက်ဆိုင်ရာဦးစီးဌာနသို့ တင်ပြစာအရ သိရှိရသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာဝန်ကြီးဌာနများအနေနှင့် ကွမ်းလုံမြို့နယ် ဆင်းရဲနွမ်းပါး ကိုးကန့်တိုင်းရင်းသားများ အများစုနေထိုင်ရာဖြစ်သည့် နမ့်ကျွမ်း၊ ဝေါချုံးဒေသတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို မည်သည့်သတ်မှတ် ချက်စံနှုန်းနှင့်လျာထား ဆောင်ရွက်နေသည်နှင့် ၎င်းဒေသရှိ ကျေးရွာချင်းဆက်လမ်းများအား နှစ်အလိုက် မည်သို့လျာထား ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နယ်စပ်ရေးရာဝန်ကြီး ဌာနအနေဖြင့် ကွမ်းလုံမြို့နယ်အတွင်း ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ကစပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် သာသနာရေးလုပ်ငန်းတစ်ခု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် လမ်း၊ တံတားလုပ်ငန်းသုံးခု၊ ရေရရှိရေးလုပ်ငန်းသုံးခုတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဟိုလီ-ပန်ကျ-တပ်တူလမ်းငါးမိုင် ကျောက်ခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်၊ ပထမခြောက်လပတ်ရန်ပုံငွေတွင် တာပန်ချောက်-ရှောက်ချင်ရှူးနှစ်မိုင် ကျောက်လမ်း ခင်းခြင်းနှင့် ပြိန်းရဲအုပ်စု၊ တုံကျက်ကျေးရွာ တစ်မိုင်ငါးဖာလုံရေသွယ်ခြင်း လုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးပြီး ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ ၁၂ လ ရန်ပုံငွေလျာထားချက်တွင်လည်း ရှင်လုံကျိုင်း-ပြိန်းရဲ-မြင်ဇီရှန်း-အိုက်ဖာဝေါမြေလမ်း ငါးမိုင်လုပ်ငန်းအတွက် ရန်ပုံငွေကျပ် ၁၄၈.၄၀ သန်းနှင့် ၎င်းလမ်းပေါ်ရှိ Box Culvert ၂၀ စင်း တည်ဆောက်ခြင်းအတွက် ရန်ပုံငွေကျပ် ၇၉.၈၀ သန်းကို အဆိုပြုထည့်သွင်း လျာထားပြီးလည်း ဖြစ်ပါကြောင်း၊ မည်သည့်စံနှုန်းနှင့် ဆောင်ရွက်နေသည်ဆိုသည့် အဆိုပြုချက်နှင့်ပတ်သက်ပြီး နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေများကို လျာထားခွင့်ပြုရာတွင် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်၊ သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် ဒေသဦးစီးအဖွဲ့တို့၏တင်ပြချက်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူလူထု၏ တင်ပြချက်၊ ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဒေသ၏နယ်မြေအကျယ်အဝန်း၊ လူဦးရေသိပ်သည်းဆ၊ ဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်း၊ ဝေးလံခေါင်းပါးမှု အနေအထား၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုတို့အပေါ် မူတည်၍လည်းကောင်း နှစ်အလိုက် ရန်ပုံငွေလျာထားပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးယန်ကျင်းကန် (ကွမ်းလုံမဲဆန္ဒနယ်) ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
နယ်မြေအခြေအနေကလည်း ဝန်ကြီးဖြေကြားသကဲ့သို့ ဖြစ်နေပြီး ဒေသခံများကလည်း အခြေအနေပေါ် မူတည်ပြီး ရှောင်တိမ်းလိုက်၊ ပြန်အခြေချ နေထိုင်လိုက်ဖြစ်နေသည့်အတွက် ၎င်းလမ်းများကို မဖြစ်မနေသွားလာ အသုံးပြုကြရပါကြောင်း၊ ထို့ကြောင့် ဒေသတစ်ခုလုံးကို ခြုံငုံပြီး ဆောင်ရွက်နေပြီ ဆိုသော်ငြားလည်း မေးခွန်းပါသည့် တောင်ပေါ်ရွာနှင့်မြေပြန့်ဒေသကို ဆက်သွယ်ပေးသည့်၊ အဓိကလမ်းဖြစ်သည့် ဟိုလီ၊ နမ့်ချင်း (ခေါ်) နမ့်ကျွမ်း၊ တာပေါင် ဆက်သွယ်ရေးလမ်း ၂၂ မိုင် ၄ ဖာလုံကို ကိုးမိုင်ခန့်၊ နမ့်ချင်း (ခေါ်) ဝေါချုံး-ကျေးရွာချင်းဆက်လမ်း ၁၀ မိုင်ကို ခြောက်မိုင်ခန့် မြေသားလမ်းမှ တစ်ဆင့် ကျောက်လမ်းဖြစ်အောင် ဆောင်ရွက်ပေးမည်ဆိုပါက ဒေသခံများ၏ အထူးသဖြင့် ကျန်းမာရေးကိစ္စများအတွက် များစွာအထောက်အကူပြု အဆင်ပြေလွယ်ကူမှု ဖြစ်သည်ဟု ယူဆသည့်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် လျာထားပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
ယခုလွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသွားသည့်လမ်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် လျာထားပေးနိုင်ခြင်းရှိ/မရှိကို ပြန်ပြီးစိစစ်ပေးပါမည်။ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် မပါဘူးဆိုလျှင် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
