မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဖွဲ့စည်းရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့် ညှိနှိုင်းရွေးချယ်ပေးပို့ခဲ့သည့် ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အမည်စာရင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်လည်ပေးပို့လာသည့် အမည်စာရင်းတွင် အဖွဲ့ဝင်နှစ်ဦး လွဲမှားနေသည်ကို တွေ့ရပါကြောင်း၊ ထိုကဲ့သို့ လွဲမှားခြင်းသည် သဘောရိုးနှင့် လွဲမှားခြင်းဟုတ်/မဟုတ် မည်သည့်အတွက်လွဲမှားမှု ဖြစ်ပေါ်ခြင်းကို သိရှိလိုကြောင်း၊ လက်ရှိအစိုးရ တာဝန်ယူသည့် ကာလအတွင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ အသစ်ပြန်လည်ရွေးချယ်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရမှ ညွှန်ကြား ချက်များကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ ပို့လာပါတယ်။ ဒီညွှန်ကြားချက်မှာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ရှေးချယ်ပေးရန် ကော်မရှင်အဖွဲ့ဝင်များ၏ အရည်အချင်းကိုလည်း တင်ပြပါအတိုင်း ဖော်ပြထားပါကြောင်း၊ အရည်အချင်းတွင် မူလက အသက် ၇၀ မကျော်သူဟု သတ်မှတ်ထားပြီး နောက်ပိုင်းတွင် အသက် ၇၀ ကျော်နိုင်ကြောင်း ပြင်ဆင်ထားပါကြောင်း၊ ပျော်ဘွယ်မြို့နယ်မှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များကို ရရှိထားသည့် ဆန္ဒပြုလွှာအမည်စာရင်းအရ တိုင်းဒေသကြီး၏ ညွှန်ကြားချက်အတိုင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်ခြောက်ဦး၊ မြို့မိမြို့ဖငါးဦးနှင့် လွှတ်တော် ကိုယ်စားလှယ်သုံးဦး စုစုပေါင်းအဖွဲ့ဝင် ၁၄ ဦးတို့က အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီသူခြောက်ဦးကို စိစစ်ရွေးချယ်တင်ပြခဲ့ပါကြောင်း၊ တင်ပြပါအမည်စာရင်းအတိုင်း ခြောက်ဦး ဖြစ်ပါသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၁၈-၁၂-၂၀၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အမှတ် (၄၅/၂၀၁၇) တွင် ပျော်ဘွယ်မြို့နယ်က ပေးပို့ထားသည့် အဖွဲ့ဝင်နှစ်ဦးကို အမည်စာရင်း လွဲမှားဖော်ပြပါရှိလာပါကြောင်း၊ မြို့နယ်က စိစစ်ရွေးချယ်ပေးပို့သည့် အမည်စာရင်းတွင် ဦးမောင်မောင်တင် နေရာတွင် ဦးဝင်းမြင့်အောင် ဖြစ်နေပြီး ဒေါ်ခင်မာရီ နေရာတွင် ဒေါ်နုနုရီအဖြစ် မှားယွင်းနေခြင်း ဖြစ်ပါကြောင်း၊ ယခုလို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် စာရင်းက လွှတ်တော်ကိုယ်စာလှယ်များအပါအဝင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မြို့မိမြို့ဖများက ညွှန်ကြားချက်နှင့်အညီ ရွေးချယ်တင်ပြပေးလိုက်သည့် အမည်စာရင်းနှင့် မတူညီသည်မှာ မထင်မှတ်ဘဲ ချွတ်ချော်မှားယွင်းမှုကြောင့် ဖြစ်တတ်သလို အခြားအကြောင်းကြောင့်လည်း ဖြစ်တတ်ပါကြောင်း၊ သဘောရိုးဖြင့် မှားယွင်းပြီး ၎င်းကို မပြင်ဘူးဆိုလျှင် မြို့နယ်လူထုအပါအဝင် ပြည်သူလူထုက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ် အထင်အမြင်လွဲမှား သွားနိုင်ပါကြောင်း၊ ထို့ကြောင့် မှားယွင်းမှုအကြောင်းကို သိရှိလိုခြင်းနှင့် အမည်စာရင်းမှားယွင်းမှုကို ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် ပြည်သူများကိုယ်စား မေးမြန်းရခြင်း ဖြစ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေပြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၈ ပုဒ်မခွဲ (ဂ) တွင် လုပ်ပိုင်ခွင့်များစကို ပြဋ္ဌာန်းပေးထားပါကြောင်း၊ ယခုလိုလုပ်ပိုင်ခွင့် တွေပြဋ္ဌာန်းပေးထားသည်နှင့်အညီ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို ၄-၁၂-၂၀၁၇ ရက်နေ့တွင် ကော်မရှင်၏ ကြေညာချက်အမှတ် (၃၃/၂၀၁၇) နှင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ထိုနေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များကို ဆက်လက်ပြီးဖွဲ့စည်းရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စာအမှတ်၊ ၄/ရကပ (၅၀)/ကမရ နှင့်ထပ်ပြီး မန္တလေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲကို ညွှန်ကြားပေးခဲ့ပါကြောင်း၊
အမှန်တကယ် ရွေးကောက်ပွဲလုပ်ငန်းစဉ်ဆိုသည်မှာ ပြည်သူအားလုံးပါဝင် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် ကော်မရှင်နှင့် ဆက်စပ်နေသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများ အများပြည်သူယုံကြည် လေးစားခြင်းခံရသည့် ဒေသခံပုဂ္ဂိုလ်များနှင့် ပေါင်းစပ်ဖွဲ့စည်း ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေပုဒ်မ ၁၆ တွင်ပါသည့် အရည်အချင်းသတ်မှတ် ချက်နှင့် ကိုက်ညီပြီး အများယုံကြည်လေးစားခြင်းခံရသည့် ဒေသခံပုဂ္ဂိုလ်များ ဖွဲ့စည်းနိုင်ရေး ညွှန်ကြားဆောင်ရွက် ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ရာတွင် ၎င်းထက်ပိုပြီး ကျယ်ပြန့်ရန် အတွက်ဆိုပြီး ပုဂ္ဂိုလ်တစ်ဦးချင်းစီကလည်း ဆန္ဒပြုလွှာများ တင်သွင်းစေခဲ့ပါကြောင်း၊ ဆန္ဒပြုလွှာများတွင်လည်း မည်သူ့ကိုမဆို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ရွေးချယ်တာဝန်ပေးအပ်မှုအပေါ် ကန့်ကွက်မှု၊ စောဒကတက်မှုပြုလုပ်မည် မဟုတ်ကြောင်းဆိုသည့် ကတိဝန်ခံချက်ကိုလည်း လက်မှတ်ရေးထိုး စေသည့်အပြင် အမျိုးသမီးများ၏ နိုင်ငံရေးကဏ္ဍတွင်ပါဝင်မှု တိုးမြှင့်ရေးအတွက် ကော်မရှင်အဖွဲ့တစ်ခုကို ဖြစ်နိုင်လျှင် အမျိုးသမီးတစ်ဦး ပါဝင်ဖွဲ့စည်းပေးရန်လည်း ညွှန်ကြား ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ကော်မရှင်အဖွဲ့အစည်းအဆင့်ဆင့် ကို ဖွဲ့စည်းရာတွင် ကော်မရှင်နှင့်ဆက်စပ်ပြီး လုပ်ကိုင်နေသည့် လွှတ်တော်အဖွဲ့အစည်းများ၊ အုပ်ချုပ် ရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများ၊ ဥပဒေပိုင်းဆိုင်ရာအဖွဲ့အစည်းများနှင့် အခြားဆက်စပ်နေသည့် အဖွဲ့အစည်းများ၊ ဒေသခံရပ်မိရပ်ဖ ပုဂ္ဂိုလ်များနှင့် ညျိနှိုင်းတိုင်ပင် ဆွေးနွေးပြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်၏ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ (အများယုံကြည်လေးစားခြင်း ခံရသည့်ပုဂ္ဂိုလ်) ဆိုသည့် ပုဂ္ဂိုလ်များကို စိစစ်ရွေးချယ်ညွှန်ကြား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊
ယခုလိုဆောင်ရွက်ခဲ့သည့်အတွက် မန္တလေးတိုင်းဒေသကြီးတွင် ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများကို စိစစ်ရွေးချယ်ရာတွသ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တင်ပြလာသည့် စာများအပေါ် ပြန်လည်ပြီး ညှိနှိုင်းကြည့်ရှုပြီးနောက် ၁၈-၁၂-၂၀၁၇ ရက်နေ့တွင် ကြေညာချက်အမှတ် (၄၄/၂၀၁၇)၊ (၄၅/၂၀၁၇) တို့နှင့် တိုင်းဒေသကြီးအတွင်းရှိ ရခိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကို ဖွဲ့စည်းတာဝန်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ ပုဒ်မခွဲ (ခ) ပါ ကော်မရှင်၏ တာဝန်များအရလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ (ဂ) ပါ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့် များအရလည်းကောင်း ဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပါကြောင်း၊ မေးခွန်းတွင် ဖော်ပြပါရှိသည့်အတိုင်း သက်ဆိုင်ရာမြို့နယ်က တင်ပြလိုက်သည့်စာရင်းကို မပြင်ဆင်ရဆိုသည့် ဥပဒေပြဋ္ဌာန်းချက်မရှိပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့်အညီသာ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည့်အတွက် ထိုဖွဲ့စည်းမှုသည် လွဲမှားခြင်းတစ်စုံတစ်ရာ မရှိပါကြောင်းနှင့် ပြန်လည် ဖွဲ့စည်းရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသောင်းအေး (ပျော်ဘွယ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပျော်ဘွယ်မြို့နယ်တွင် မန္တလေးတိုင်းဒေသကြီးနှင့် ဆက်စပ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်လည်း ဆက်စပ်ပြီး ဖြစ်ပေါ်နေသည့် နာမည်စာရင်းကွဲလွဲမှုကို တင်ပြနေခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က မိမိတို့မြို့နယ်ကို ဒီလိုဒီလိုရွေးချယ်ပေးပါဟု ပြောပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စီ/ကော်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် အကုန်လုံးပေါင်းစည်းပြီး ညွှန်ကြားချက်နှင့်အညီ တင်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုလိုတင်ပြခဲ့ခြင်းအပေါ် အခုနက ကော်မရှင်အဖွဲ့ဝန်ကြီး ပြောသွားသကဲ့သို့ မပြင်ဆင်ရဆိုသည့်ကိစ္စ မပါတိုင်း ပြင်ရမည်လား?၊ ယခုကဲ့သို့သာ လျှောက်လုပ်နေလျှင် မိမိတို့၏ အမိန့်၊ ညွှန်ကြားချက်များက မည်ကဲ့သို့ တိကျခိုင်မာမည်နည်း?၊
ယခု လုပ်ဆောင်ချက်ကို ပြန်ကြည့်မည်ဆိုလျှင် တိုင်းဒေသကြီးအစိုးရက မိမိတို့မြို့နယ်ကို ခိုင်းထားပါကြောင်း၊ တိုင်းဒေသကြီးအစိုးရ၏ ညွှန်ကြားချက်နှင့် မိမိတို့ရွေးချယ်ပြီး တင်ပြသည်ကို လက်မခံဘဲ အစားထိုးနှစ်ယောက် ထည့်လိုက်သည်ဆိုသည့် ကိစ္စသည် ဥပဒေကို လှည့်စားသည့် သဘောမျိုးဖြစ်ပါကြောင်း၊ တရားမဲ့ပြုကျင့်သည့် သဘောလည်း သက်ရောက်သည်ဟု ယူဆနိုင်ပါကြောင်း၊ အမှန်တကယ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၂ အရ မြို့နယ်အဆင့်အထိကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပင် ဖွဲ့စည်းရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝင်ရောက်ဖွဲ့စည်းသည် ဆိုကတည်းက ဥပဒေနှင့်မညီဘူးဆိုတာကို ထင်ဟက်စေပါကြောင်း၊
နောက်တစ်ချက်က အဖွဲ့ဝန်ကြီးပြောသွားသကဲ့သို့ နာမည်စာရင်း တာဝန်ထမ်းဆောင်လိုသည့် လူများ၏ အဆိုပြုလွှာတင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားထားခြင်းရှိပါကြောင်း၊ ပထမဦးဆုံးသတ်မှတ်ရက်က ၂၁-၆-၂၀၁၆ ဖြစ်ပြီး ဒုတိယပြင်ဆင်ခြင်းက ၈-၈-၂၀၁၆ ဖြစ်ပါကြောင်း၊ နောက်ဆုံးအဆိုပြုလွှာ ပိတ်ရက်တွင်အဆိုပြုသူ ၂၁ ဦးရှိပြီး ပထမရှေးချယ်ခံရသည့် လူများပါပါကြောင်း၊ အမည်စာရင်းပြောင်းလဲ ထည့်လိုက်သည့် နှစ်ဦးအနက်မှ ဒေါ်နုနုရီဆိုတာ မပါရှိပါကြောင်း၊ နောက်မှ ထပ်လျှောက်ခိုင်းပြီး ထပ်ထည့်သည်ဟု သိရပါကြောင်း၊ ထို့ကြောင့် ၎င်းသည် ညွှန်ကြားချက်ကို ဖောက်ဖျက်လိုက်ခြင်း ဖြစ်ပါကြောင်း၊
ထို့ကြောင့် မေးခွန်းတွင်ပါသည့်အတိုင်း သဘောရိုးဟုတ်/မဟုတ် ဖြေကြားပေးစေလိုပါကြောင်း၊ သဘောရိုးနှင့် မှားသည်ဆိုလျှင် ပြင်ဆင်ပေးရန် ဖြစ်ပါကြောင်း၊ သဘောရိုးမဟုတ်ခဲ့ပါက ဂုဏ်သိက္ခာအရ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သင့်ပါကြောင်းဖြင့် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးအောင်မြင့်
၎င်းသည် ပုဂ္ဂိုလ်ရေး ထင်မြင်ချက်များဖြစ်ပါကြောင်း၊ ထို့ကြောင့် ထပ်မံတင်ပြရလျှင် ထင်မြင်ချက်များ အပေါ် မိမိလည်းအဖြေပေးစရာ အကြောင်းမပေါ်ပေါက်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
