မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကထားရသည့် တိုင်းပြည်ဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မှုနှင့်အတူ တောင်သူလယ်သမားများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကလည်း နိုင်ငံ၏စီးပွားရေးကို များစွာအထောက်အကူပြုစေပါကြောင်း၊ လက်ရှိအခြေအနေတွင် တောင်သူများ၏ စိုက်ပျိုးသီးနှံများသည် ရာသီဥတုဖောက်ပြန်မှု၊ ပိုးမွှားဖျက်ဆီးမှု၊ သဘာဝ ဘေးအန္တရာယ်ကျရောက်မှု၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် အခြားသွင်းအားစုများ လုံလောက်စွာ မထည့်သွင်းနိုင်မှု၊ မျိုးကောင်း မျိုးသန့်များအသုံးမပြုနိုင်မှု၊ စရိတ်အကုန်အကျသက်သာအောင် စပါးများကို ကြဲခင်းပက်စိုက်ကြမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် အထွက်နှုန်းများ လျော့ကျသကဲ့သ့ို ထုတ်လုပ်မှုစရိတ်ကြီးမားပြီး ထုတ်ကုန်ပစ္စည်းတန်ဖိုးက နည်းပါးမှုကြောင့်လည်း များစွာအရှုံးပေါ်ကြရပါကြောင်း၊ စပါးဈေးသည် သင့်တင့်သောဈေးဖြစ်သော်လည်း ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတို့သည် အိန္ဒိယမှဝယ်ယူတင်သွင်းမှုကို ပိတ်ပင်လိုက်မှုကြောင့် ဈေးများမတန်တဆ ကျဆင်းပြီး ထုတ်လုပ်မှုစရိတ်ကို မကာမိရခြင်း ဖြစ်ပါကြောင်း၊
နိုင်ငံတော်အတွင်း လယ်ယာထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်မှု၊ နိုင်ငံသားများ၏စားနပ်ရိက္ခာ ဖူလုံစေရေး၊ မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးနှင့် တောင်သူလယ်သမားများ၏ဝင်ငွေနှင့် လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်၍ တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှုအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ငွေရေးကြေးရေးကဏ္ဍမှ တစ်ဖက်တစ်လမ်းပံ့ပိုးဆောင်ရွက်ပေးသည့်အနေဖြင့် လယ်တစ်ဧကကို မိုးအတွက် တစ်သိန်းခွဲနှင့် ဆောင်းသီးနှံအတွက် ၅၀၀၀၀ ထုတ်ချေးခြင်းမှ တောင်သူများအတွက် အထိုက်အလျောက် အကျိုးရှိပါကြောင်း၊ အတိုးနှုန်းသည်လည်း ငွေကျပ်တစ်ရာလျှင် တစ်နှစ်ကို ရှစ်ရာခိုင်နှုန်းဖြစ်သည့်အတွက် သင့်တင့်သည့်အတိုးနှုန်းလည်း ဖြစ်ပါကြောင်း၊ သို့သော် တစ်ဧကကို မိုး၊ ဆောင်းတစ်နှစ်လုံးမှ နှစ်သိန်းသာရရှိခြင်း၊ ဆယ်ဧကအထိသာ ထုတ်ယူခွင့်ရရှိခြင်းတို့ကြောင့် တောင်သူများသည် ကုန်ကျသောစိုက်ပျိုးစရိတ်မလောက်ငှဘဲ ပြင်ပမှအတိုးကြီးများဖြင့် ယူရခြင်းများ ယခုထိ ရှိနေဆဲဖြစ်သည့်အပြင် အစိုးရချေးငွေများသည် နှစ်ချင်းဆပ်ချေးငွေဖြစ်သည့်အတွက် ပြန်လည်ပေးဆပ်ချိန်တွင် အခက်အခဲများစွာကြုံတွေ့မှုများ ရှိနေကြရပါကြောင်း၊ ယခုအခါ အိန္ဒိယမှ ပဲဝယ်ယူတင်သွင်းခွင့်ကို အကန့်အသတ်ဖြင့်ခွင့်ပြုလိုက်သော်လည်း တောင်သူများ ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ရေး၊ ပြင်ပမှအတိုးကြီးဖြင့်ယူထားရသည်များကို ပြန်လည်ပေးဆပ်နိုင်ရေးတို့ အတွက် ဈေးအတက်ကိုစောင့်ရာ မသိုလှောင်နိုင်တော့ဘဲ ရသည့်ဈေးဖြင့်သာ ရောင်းချကြရသည့် အတွက် တောင်သူများ၏ဘဝသည် နစ်မွန်းသည်ထက်နစ်မွန်းပြီး ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်အောင် ဖြစ်နေကြရပြီး နောက်ဆုံးတွင် တောင်သူများသည် မိမိတို့၏လယ်ယာမြေများကို ခင်တွယ်လိုစိတ်မရှိတော့ဘဲ စွန့်ခွာကာ ပြည်ပသို့အလုပ်သွားရောက်လုပ်ကိုင်နေကြရသူ ပိုမိုများပြားလာခဲ့ကြပြီး လက်ရှိလုပ်ကိုင်နေသူများသည်လည်း တာဝန်အရစိုက်ပျိုးကြရခြင်း၊ အခြားလုပ်စားစရာအလုပ်မရှိ သည့်အတွက် လုပ်နေရသည့် အခြေအနေများဖြစ်လာရပါကြောင်း၊ JICA Two Step Loan သည်လည်း တောင်သူများအတွက် စက်ကိရိယာများဝယ်ယူရေးနှင့် လုပ်ငန်းကြီးများအတွက်သာ ချေးသည်ဖြစ်၍ စိုက်ပျိုးစရိတ်မလုံလောက်သူများအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေဆဲ ဖြစ်ပါကြောင်း၊
မိမိမဲဆန္ဒနယ်ရှိ တောင်သူများသည် နှစ်ချင်းဆပ်ချေးငွေဖြင့် အဆင်မပြေသည့်အတွက် ၎င်းတို့၏ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)တို့ကို တောင်ငူ CB ဘဏ်တွင်အပ်နှံပြီး တစ်ဧက လေးသိန်းနှုန်းဖြင့် သုံးရက်အတွင်း အကြေဆပ်ရမည့်ချေးငွေရရှိရေးအတွက် မျှော်လင့်စောင့်စားနေကြသော်လည်း နောက်ဆုံးတွင် အကြောင်းအမျိုးမျိုးကြောင့် CB ဘဏ်မှချေးငွေမရ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှလည်း ချေးငွေမထုတ်ရနှင့် နစ်နာမှုများစွာကြုံဆုံခဲ့ရသော်လည်း ထိုနစ်နာမှုများအတွက် တစ်စုံတစ်ရာကုစားပေးမှုများ မရရှိခဲ့ကြသည့်အတွက် တောင်သူများအနေဖြင့် နှစ်ချင်းဆပ်ချေးငွေ အပြင် နှစ်စဉ်ချေးငွေငါးနှစ်နှင့် နှစ်တိုချေးငွေသုံးနှစ်အတွင်း ပြန်ဆပ်ရမည့်ချေးငွေများ ချေးပေး နိုင်မည်ဆိုပါက မိမိတို့၏လယ်ယာထွက်ကုန်တန်ဖိုးကျဆင်းနေပါက ချက်ချင်းမရောင်းဘဲ သိုလှောင် ထားနိုင်ခြင်း၊ ပြင်ပမှအတိုးကြီးများဖြင့့်ယူရမှုများ ပပျောက်သွားခြင်း၊ လယ်ယာလုပ်ငန်းခွင်အတွက် လိုအပ်သောသွင်းအားစုများကို အပြည့်အဝအသုံးပြုနိုင်ခြင်းဖြင့် တောင်သူလယ်သမားများ၏ လူနေမှုဘဝမြင့်မားလာစေမည် ဖြစ်ပါကြောင်း၊ ထို့အတွက် လုပ်ကွက်ငယ်တောင်သူများအတွက် စက်ကိရိယာများဝယ်ယူရေးအတွက်မဟုတ်ဘဲ စိုက်ပျိုးစရိတ်အတွက် နှစ်ရှည်ချေးငွေဖြစ်သော ငါးနှစ် အတွင်းအရစ်ကျစနစ်ဖြင့် ပြန်လည်ပေးဆပ်ရမည့်ချေးငွေများသည် တောင်သူများအတွက်များစွာ အထောက်အကူဖြစ်စေမည်ဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိကအသက်မွေး ဝမ်းကျောင်းပြုနေသော တောင်သူလယ်သမားများ ကြုံတွေ့နေသည့် အခက်အခဲပေါင်းစုံကို ဖြေရှင်းပေးနိုင်ရန် နှစ်ရှည်ချေးငွေကဲ့သို့သော အထောက်အပံ့ဖြစ်စေမည့် ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံပိုင်မြန်မာ့စီးပွာရေးဘဏ်အနေဖြင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအတွက် လိုအပ်သောစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူလယ်သမားများသို့ ထုတ်ချေး နိုင်ရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ နှစ်စဉ်ငွေလုံးငွေရင်းချေးငွေများ ထုတ်ချေး ပေးလျက် ရှိပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁၉၈၀.၆၇ ဘီလီယံထုတ်ချေးရန် ခွင့်ပြုထားပြီး ၃၁-၁၀-၂၀၁၇ ရက်နေ့အထိ ငွေကျပ် ၁၂၅၆.၂၂ ဘီလီယံကိုထုတ်ချေးပေးထားပြီး ဖြစ်ပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူလယ်သမားများသို့ ထုတ်ချေးလျက် ရှိသော စိုက်ပျိုးစရိတ်ချေးငွေသည် တစ်ဧကကိုကျပ်တစ်သိန်းခွဲနှုန်းနှင့် လယ်သမားများအတွက် သွင်းအားစုများဖြစ်သော မျိုးစပါး၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ လယ်ယာလုပ်သားခစသည့် စိုက်ပျိုးစရိတ်များအတွက် သုံးစွဲနိုင်ရန်ရည်ရွယ်ပြီး ထုတ်ချေးခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ လယ်ယာ လုပ်ငန်းအတွက်လိုအပ်သော လယ်ယာသုံးစက်ပစ္စည်းများ၊ သီးနှံသိုလှောင်ရုံ၊ ဂိုဒေါင်၊ ဆန်စက်စသော အရင်းအနှီးပစ္စည်းများအတွက် လုံလောက်မှုမရှိနိုင်ပါကြောင်း၊
နိုင်ငံတော်ပိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် မြန်မာ့စီးပွားရေးဘဏ်ထံကရရှိသည့် ရန်ပုံငွေများဖြင့် တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်နှစ်တိုင်း နွေ၊ မိုး၊ ဆောင်းသုံးရာသီစလုံးအတွက် စိုက်ပျိုးချိန်အမီထုတ်ချေးပေးလျက်ရှိပြီး သီးနှံပေါ်သည့်အချိန်တွင် ပြန်လည်ကောက်ခံသည့်စနစ်ကို ကျင့်သုံးပါကြောင်း၊ ယင်းသို့ကောက်ခံပြီးနောက် မြန်မာ့စီးပွားရေး ဘဏ်ကို နှစ်ချင်းပြန်လည်ပေးဆပ်ရပါကြောင်း၊ တောင်သူလက်ဝယ်ငွေမရှိသည့်အချိန်ကျမှ ကောက်ခံပါက တောင်သူများအတွက် ကြွေးဝန်ထုပ်ဝန်ပိုးများဖြစ်နိုင်ခြင်းနှင့် ဆုံးရှုံးနိုင်ခြေပိုမို များပြားခြင်း စသည့်အချက်များကြောင့် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်ချင်းဆပ်အနေဖြင့်သာ ပြန်လည်ပေးဆပ်သည့်စနစ်ကို ရှေးယခင်အစဉ်အဆက်က မိမိတို့ကျင့်သုံးဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊
ယခုအခါ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ရာသီအလိုက်စိုက်ပျိုးစရိတ်ချေးငွေများအပြင် ဂျပန်-မြန်မာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များအရ ရရှိလာသော ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ကစပြီး JICA Two Step Loan ချေးငွေကိုလည်း စက်မှုလယ်ယာဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး လယ်ယာ သုံးစက်ကိရိယာများ၊ လယ်ယာကိုအခြေခံသော စီးပွားရေးလုပ်ငန်းများအတွက် ဆန်စက်၊ ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်မည့်စက်များ ဝယ်ယူရန် ချေးငွေနှင့်စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင် တည်ဆောက်ခြင်း၊ မွမ်းမံခြင်း၊ ကုန်တင်ထရပ်ကားများဝယ်ယူခြင်းတို့မှအစ ရင်းနှီးမြှုပ်နှံမည့် ချေးငွေ များကို နှစ်တို/နှစ်ရှည်ချေးငွေများအဖြစ် ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ နှစ်တိုချေးငွေ၏ သက်တမ်းကို သုံးနှစ်သတ်မှတ်ထားပြီး နှစ်ရှည်ချေးငွေကို ငါးနှစ်သတ်မှတ်ထားပါကြောင်း၊ JICA က ပေးအပ်သည့်ချေးငွေက ဂျပန်ယန်း ၁၅၁၃၅ သန်း (မြန်မာကျပ်ငွေ ဘီလီယံ ၁၈၀ ခန့်) ရှိပါကြောင်း၊ ၎င်း ဘီလီယံ ၁၈၀ ခန့်ကို တိုင်းဒေသကြီး/ ပြည်နယ်အနှံ့ရောက်အောင်ဖြန့်ခွဲပြီး သက်သာသော အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးရန် စီစဉ်ထားပါကြောင်း၊
ထို့အပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် JICA ချေးငွေစည်းကမ်းချက်များနှင့် အကျုံးမဝင်သော စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာချေးငွေများကို ပေးအပ်နိုင်ရန်အတွက် မြန်မာ့စီးပွားရေးဘဏ်ထံက ချေးငွေများကို စိုက်စရိတ်အဖြစ်မဟုတ်ဘဲ ထပ်မံချေးယူပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင် ပါဝင် ဆောင်ရွက်လုပ်ကိုင်နေသော တောင်သူလယ်သမားများအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင် များ၊ လယ်ယာကဏ္ဍကိုအခြေခံသော စီးပွားရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလကစပြီး ချေးငွေများကို စိစစ်ထုတ်ချေးပေးလျက် ရှိပါကြောင်း၊ အတိုးနှုန်းကိုလည်း သက်သာသော အတိုးနှုန်း ဖြစ်စေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ညှိနှိုင်းပြီး တစ်နှစ်လျှင် ကိုးရာခိုင်နှုန်းသတ်မှတ်ထားပါကြောင်း၊ အနာဂတ်ကာလတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများကိုဇောက်ချပြီး ပီပီပြင်ပြင်နှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ပြင်ဆင်ဖွဲ့စည်းတည်ဆောက်မှုများကိုလည်း စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
ရှေ့လာမည့်ကာလများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့် သက်ဆိုင်သော စက်ပစ္စည်းများ၊ ယာဉ်ယန္တရား၊ သီးနှံသိုလှောင်ရုံများအပြင် ကုန်ချောထုတ်လုပ်ရာတွင် လိုအပ်သော စက်ပစ္စည်း ကိရိယာများ၊ စက်ရုံများအပါအဝင် Supply Chain တစ်ခုလုံးတွင်ပါဝင်သည့် လုပ်ငန်းများအတွက် သုံးနှစ်သက်တမ်းရှိသည့်ချေးငွေများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ချမှတ်ထားသည့် မူဝါဒ၊ စံသတ်မှတ်ချက်များနှင့်အညီစိစစ်၍ ပူးပေါင်းပြီး ချေးငွေများထုတ်ချေးရန် လည်း စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၏ ဒုတိယကာလတိုငါးနှစ် လယ်ယာကဏ္ဍမျှော်မှန်းချက်၊ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များနှင့်အညီ သမဝါယမဦးစီးဌာနကလည်း လုပ်ငန်းအစီအမံ ရှစ်ရပ်ချမှတ်ပြီး စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် သမဝါယမအသေးစားအရင်းအနှီးချေးငွေများ Cooperative Micro Capital Loan ထုတ်ချေးခြင်း၊ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းများ စက်မှုလယ်ယာစနစ်သို့ အဆင့်မြှင့်တင်ပေးခြင်းအတွက် အသင်းသားများလိုအပ်နေသော လုပ်ငန်းသုံး၊ လယ်ယာသုံးပစ္စည်းများကို အရစ်ကျငွေချေးလုပ်ငန်း(Hire Purchase)စနစ်ဖြင့် ရောင်းချပေးခြင်း၊ စက်မှုလယ်ယာစနစ်ကူးပြောင်းနိုင်ရေးအတွက် လယ်ယာမြေအဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းနှင့် လယ်ယာအထောက်အကူပြုဝန်ဆောင်မှု သမဝါယမအသင်းများဖွဲ့စည်းပြီး လယ်ယာမြေဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူလယ်သမား အခွင့်အရေး၊ ကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ အခန်း(၃)တွင် ပြည်ထောင်စုအစိုးရ အဖွဲ့သည် တောင်သူလယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်း များကို ဆောင်ရွက်နိုင်ရန် ဦးဆောင်အဖွဲ့ကိုဖွဲ့စည်းရန်ဟုပါရှိပြီး အခန်း(၅)တွင် ဦးဆောင်အဖွဲ့သည် တောင်သူလယ်သမားများ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ရာတွင် အရင်းအနှီး ရရှိစေရေးအတွက် ပြည်ထောင်စုရန်ပုံငွေဘောင်အတွင်းမှ ချေးငွေထုတ်ချေးခြင်း၊ လိုအပ်သော အကူအညီအထောက်အပံ့များပေးခြင်းတို့ကို ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်၏ ခွင့်ပြုချက်ကို ရယူဆောင်ရွက်ရန်ဟုပါရှိပါကြောင်း၊
မြန်မာနိုင်ငံတွင် အဆင့်မြင့်စပါးအုပ်စုတို့သည် ဈေးကောင်းရရှိသော်လည်း လုပ်ကွက်ငယ် တောင်သူ လယ်သမားများအပါအဝင် တောင်သူလယ်သမားအများစုစိုက်ပျိုးသော သာမန်စပါးအမျိုးအစား များသည် စပါးပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းလေ့ရှိပါကြောင်း၊ သို့ပါ၍ ၂၀၁၈ ခုနှစ်၊ နွေစပါးနှင့် မိုးစပါးပေါ်ချိန်တို့တွင် ရောင်း/ဝယ်ရန် အခြေခံစပါးဈေးနှုန်းကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ၆-၃-၂၀၁၈ ခုနှစ်တွင် ကြေညာချက်ထုတ်ပြန်ထားပါကြောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အသင်းဝင်ဆန်စက်များ၊ ဆန်စပါးကုန်သည်များ၊ အကျိုးဆောင်များနှင့် ပုဂ္ဂလိကကုမ္ပဏီများသည် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းကိုက်ညီသည့် ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ လျှင် ကျပ်ငါးသိန်း ဈေးကိုအခြေခံပြီးဝယ်ယူရန် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါကြောင်း၊ ဈေးကွက်ပေါက်ဈေးသည် အခြေခံဈေးနှုန်းအပေါ်တွင်ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမည်ဖြစ်ပြီး အကယ်၍ ဈေးကွက်ပေါက်ဈေးသည် အခြေခံဈေးနှုန်းအောက်ရောက်နေပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရန် သတ်မှတ်ထားခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ အခြေခံဈေးနှုန်း သတ်မှတ်ပေးခြင်းကိုလည်း တောင်သူလယ်သမားများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်၊ အကျိုးအမြတ်၊ ပြည်တွင်းဈေးကွက် ဈေးနှုန်း၊ နိုင်ငံတကာဈေးနှုန်းစသည့် အခြေအနေများအပေါ် မျက်ခြည်မပြတ်လေ့လာသုံးသပ်ပြီး သက်ဆိုင်ရာ မိုးရာသီတိုင်းအတွက် ဖြစ်သင့်သောအခြေခံဈေးနှုန်းကို ရာသီအလိုက်ထုတ်ပြန်ပေးသွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည့်အတွက် လုပ်ကွက်ငယ်တောင်သူလယ်သမားများအတွက် အခြေအနေကောင်းတစ်ရပ် ရရှိလာလိမ့်မည်ဟုဆိုနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ လယ်ယာစိုက်ပျိုးခြင်းဖြင့် အဓိကအသက်မွေးဝမ်းကျောင်းပြုနေသော တောင်သူလယ်သမားများ ကြုံတွေ့နေရသော အခက်အခဲ ပေါင်းစုံကို ဖြေရှင်းနိုင်ရန်အတွက် နှစ်ရှည်ချေးငွေကဲ့သို့သော အထောက်အပံ့ဖြစ်စေမည့် ကူညီ စောင့်ရှောက်မှုများပြုလုပ်ပေးရန် အစီအစဉ်ရှိပါကြောင်း၊ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အကြံပြု ချက်များပေးလာပါကလည်း ကြိုဆိုလျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
ဒေါ်ချိုချို(အုတ်တွင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိ၏မေးခွန်းတွင် မိမိအနေဖြင့် နှစ်ချင်းဆပ်ချေးငွေဆိုသည်မှာ တောင်သူများအတွက် လတ်တလော အခြေအနေတွင် အဆင်မပြေသည့်အတွက် တောင်သူများအတွက် နှစ်ရှည်ချေးငွေကဲ့သို့ ယခု ငါးနှစ်အတွင်း၊ သုံးနှစ်အတွင်းအကျေဆပ်ရမည့် ချေးငွေမျိုးများကို တောင်သူများ လိုအပ်နေခြင်း ဖြစ်ပါကြောင်း၊ ဒုတိယဝန်ကြီးက နှစ်ရှည်ချေးငွေကိုလည်း တောင်သူများအတွက်ချေးပေးမည့် အစီအစဉ်များ ရှိပါသည်ဟု ဖြေကြားသွားသော်လည်း အဆိုပါအစီအစဉ်များကို မည်သည့်အချိန်တွင် မည်သည့်ပုံစံမျိုးဖြင့် အကောင်အထည်ဖော်မည်နည်းကို သိရှိလိုပါကြောင်း၊ မိမိမေးခွန်းထဲတွင်လည်း ပါပြီးသားဖြစ်ပါကြောင်း၊ နိုင်ငံတော်က စပါးဈေးကို အခြေခံဈေးနှုန်းဖြင့်သတ်မှတ်ထားသော်လည်း တောင်သူများသည် စပါးသာမက ပဲမျိုးစုံလည်းစိုက်ပျိုးရသည့်အတွက် ပြီးခဲ့သည့်လတ်တလော အခြေအနေတွင် အိန္ဒိယက ပဲဝယ်ယူမှုကိုတင်သွင်းခွင့်ကို ပိတ်ပင်လိုက်သည့်အတွက် တောင်သူ များစွာ အရှုံးပေါ်ရပါကြောင်း၊ ဈေးနှုန်းသည့် ကုန်ကျစရိတ်ထက် များစွာနိမ့်ကျသည့်အတွက် တောင်သူများ လုံးဝကိုနာလန်မထူနိုင်ဖြစ်နေပြီး ယခုလိုနှစ်ချင်းဆပ်ချေးငွေကို ပြန်လည်ဆပ်ရန် အတွက် များစွာအခက်အခဲဖြစ်နေရသည့်အတွက် တောင်သူများအတွက် နှစ်ချင်းဆပ်ချေးငွေအပြင် နှစ်ရှည်ချေးငွေပါချေးမှသာ တောင်သူများအတွက် ပိုမိုအဆင်ပြေမည်ဖြစ်သည့်အတွက် နှစ်ရှည် ချေးငွေကို မည်သည့်အချိန်တွင် အောင်မြင်စွာအကောင်ထည်ဖော်ပေးမည်၊ မည်သည့်အစီအစဉ်ဖြင့် လုပ်ဆောင်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
မိမိတို့ စိုက်ပျိုးစရိတ်ချေးငွေအဖြစ်ဖြင့်ချေးသည်က အစဉ်အဆက် ၁၉၅၄ ခုနှစ်ကတည်းက နှစ်ချင်း ဆပ်သူက Seasonal Loan ဖြစ်ပါကြောင်း၊ ရာသီပေါ်သည့်အချိန် ပြန်ပြီးဆပ်ရသည့် စိုက်ပျိုး စရိတ်ကိုလည်း ကာမိအောင်ချေးပေးဖြစ်ပြီး အစိုးရကလည်း တောင်သူလယ်သမားများကို ကူညီ ထောက်ပံ့(Subsidy) လုပ်ပေးပြီး ရာသီပေါ်သည့်အချိန် ပြန်လည်ဆပ်ခိုင်းပါကြောင်း၊ ယခုမှသာ နှစ်ရှည်ချေးငွေ၊ နှစ်လတ်ချေးငွေ၊ သုံးနှစ်၊ ငါးနှစ်သတ်မှတ်ပြီး ချေးသည့်အနေအထားမျိုးကို ဆောင်ရွက်ပေးနိုင်ခြင်း ဖြစ်ပါကြောင်း၊ JICA ရရှိသည့်ငွေ ၁၈၀ ဘီလီယံက သုံးနှစ်၊ ငါးနှစ်သတ်မှတ်ပြီး ချေးနိုင်သော်လည်း အဓိကရည်ရွယ်ချက်က စက်မှုလယ်ယာဖွံ့ဖြိုးရေးကို ဦးစားပေးခြင်းဖြစ်သည့်အတွက် စက်ကိရိယာဝယ်ရန်၊ ထွန်စက်များဝယ်ရန်နှင့် ရိတ်သိမ်း ခြွေလှေ့စက်များဝယ်ရန် ဦးစားပေးပြီး ဝယ်ယူမည့်လယ်သမားများကိုလည်း ရွာအရောက် ချေးပေးပြီး ယခု အဆိုပါထွန်စက်များဖြင့်အသုံးပြုပြီး ဆောင်ရွက်နေကြပြီဖြစ်သည့်အပြင် စိုက်ပျိုးရေး၊ မွေးမြူရေး အတွက် အားပေးဆောင်ရွက်ရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပုံမှန်လုပ်နေကျ စိုက်ပျိုးစရိတ် ချေးငွေများအပြင်ကို ထပ်မံ၍အထူးချေးငွေသဘောမျိုးဖြင့် သုံးနှစ်၊ ငါးနှစ်သတ်မှတ်ပြီး ချေးရန် မြန်မာ့စီးပွားရေးဘဏ်ထံက ထပ်ပြီးချေးယူပါကြောင်း၊ ယခုလတ်တလောတွင် ဘီလီယံ ၂၀၀ ခန့် တစ်ပြည်လုံးကို ဖြန့်ကြက်ပြီး ချေးရန်သတ်မှတ်ထားပါကြောင်း၊ သတ်မှတ်ချက်နှင့်ကိုက်ညီသော တောင်သူလယ်သမားများအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးကိုလုပ်ကိုင်သူများသည် ချေးငွေစည်းမျဉ်း စည်းကမ်းများကို လေ့လာပြီး သက်ဆိုင်ရာမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများတွင် လာရောက်၍ လိုအပ်သောပုံစံများဖြည့်ပြီး ချေးယူနိုင်ပါကြောင်း၊ သတ်မှတ်ထားသည့် ပုံစံ(၇) မူရင်းကို အာမခံ ပေးပြီး ချေးနိုင်သည့်အကြောင်း ပြန်လည်ဖြေကြားပါသည်။
