အရက်ချက်စက်ရုံများအား စွန့်ပစ်ရေဆိုးများကို ပြည့်စုံသည့်ရေဆိုးသန့်စင်စနစ် (Waste Water Treatment System) နှင့် တပ်ဆင်ပြီး ဥပဒေပြဋ္ဌာန်းချက်ပါ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ရမည်ဟု သက်ဆိုင်ရာဝန်ကြီးဌာနများက ညွှန်ကြားထားသော်လည်း ယခုအခါ ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ခြင်း မရှိဘဲ ဆက်လက်လည်ပတ်လျက်ရှိသောကြောင့် စွန့်ပစ်ရေဆိုးများ အနီးအနားတွင်ရှိသည့် လယ်မြေများ၊ မြစ်များ၊ ချောင်းများကို တိုက်ရိုက်စွန့်ပစ်နေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလျက်ရှိနေပါကြောင်း၊ အရက်ချက်စက်ရုံများ၏ ရေဆိုးသန့်စင်စနစ် (Waste Water Treatment System) နှင့် စွန့်ပစ်ရေအရည်အသွေးကို အချိန်နှင့်တစ်ပြေးညီ တိုင်းတာ စောင့်ကြပ်ကြည့်ရှုသည့် စနစ် (Real Time Waste Water Treatment System) အကောင်အထည် ဖော်မည့် Action Plan များ အမြန်တင်ပြရန်လည်း ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်၏ ရသင့်ရထိုက်သည့် အခွန်များ မနစ်နာစေရန်အတွက် အရက်ချက်စက်ရုံများ၏ ထုတ်လုပ်မှုပမာဏအမှန်ကို သိရှိနိုင်ရန် ပြည်တွင်းအခွန်များဦးစီးဌာနမှ လုပ်ငန်းရှင်များကို Flow Meter များ တပ်ဆင်ရန် ၃၁-၁၀-၂၀၁၇ ရက်နေ့မတိုင်မီ အပြီးအစီးဆောင်ရွက်ရန် ညွှန်ကြားချက် ထုတ်ပြထားပြီးဖြစ်ကြာင်း၊ Flow Meter များကိုလည်း ၂၄ နာရီ Online စောင့်ကြည့်စနစ် (24 hours Online Monitoring System) ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသော်လည်း နိုင်ငံတော်၏အခွန် မှန်မှန်ကန်ကန်ရရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် Flow Meter များ တပ်ဆင်ပြီးစီးမှုအခြေအနေ ၂၄ နာရီ Online စောင့်ကြည့်စနစ် (24 hours Online Monitoring System) အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေနှင့် စွန့်ပစ်အရည်အသွေးများအား အချိန်နှင့်တစ်ပြေးညီ တိုင်းတာစောင့်ကြည့် ကြည့်ရှုသည့်စနစ် (Real Time Waste Water Treatment System) အကောင်အထည်ဖော်မည့် အခြေအနေများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အထူးကုန်စည်တွင်ပါဝင်သည့် အရက်အမျိုးမျိုးနှင့်ပတ်သက် ပြီးထိရောက်သည့် အခွန်စီမံခန့်ခွဲမှုဖြစ်စေရန်နှင့် ရသင့်ရထိုက်သည့် အခွန်ငွေများ အပြည့်အဝရရှိ စေရန်အတွက် အရက်အမျိုးမျိုးကို ဈေးကွက်အတွင်းက အခွန်အမှတ်တံဆိပ် ကပ်နှိပ်စေပြီး ရောင်းချစေခြင်းကို ၂၀၀၇ ခုနှစ်မှစပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကပ်နှိပ်သည့် အခွန်အမှတ်တံဆိပ်များကို အတုအပမပြုလုပ်နိုင်ရေး၊ အသုံးပြုပြီးအမှတ်တံဆိပ်များကို ပြန်လည်ခွာ ယူပြီး အသုံးမပြုနိုင်ရေးတို့အတွက်ကိုလည်း လုံခြုံရေးအဆင့်မြင့်မားပြီး အရည်အသွေး ကောင်းမွန်သည့် အခွန်အမှတ်တံဆိပ်များကို သုံးစွဲဆောင်ရွက်ခဲ့ပါကြောင်း၊ အခွန်တံဆိပ်ခေါင်းများ မကပ်မီက ၂၀၀၇-၀၈ ဘဏ္ဍာရေးနှစ်တွင် အရက်အမျိုးမျိုးထံက ကောက်ခံရရှိသည့် အခွန်သည် ကျပ်သန်းပေါင်း ၂၁၁.၈၅၆ သာရှိခဲ့သော်လည်း အခွန်တံဆိပ်ခေါင်းများ ကပ်စေပြီးသည့်နောက် ၂၀၀၈-၀၉ ဘဏ္ဍာရေးနှစ်တွင် ရရှိသည့်ငွေသည် ကျပ်သန်းပေါင်း ၉၃၈.၁၉၄ ဖြစ်သည့်အတွက်ကြောင့် အခွန်ရရှိငွေများစွာ တိုးတက်လာပါကြောင်း၊
အရက်ချက်စက်ရုံများမှ အဖျော်ယမကာများ ထုတ်လုပ်မှုအပေါ်တွင် အခွန်စည်းကြပ်ကောက်ခံသည့် နေရာတွင် ထုတ်လုပ်မှုပမာဏအမှန် သိရှိနိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် အခွန်ပေးဆောင်နိုင်ရေးအတွက် နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်များအပြည့်အဝ ရရှိရေးကို ရည်ရွယ်ပြီး အရက်ချက်စက်ရုံများတွင် Flow Meter တပ်ဆင်ထုတ်လုပ်စေခြင်းကို ၂၀၁၆ ခုနှစ်ကစပြီး စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုလို စီစဉ်ဆောင်ရွက်သည့် နေရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရက်ချက်လုပ်ငန်းလိုင်စင် (D1) ရယူထားသည့် စက်ရုံပေါင်း ၇၂ ရုံကို Flow Meter တပ်ဆင်အသုံးပြုနိုင်ရန် ယမကာလုပ်ငန်းရှင်များ အသင်းနှင့်စတင်ပြီး ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုလိုညှိနှိုင်း ဆောင်ရွက်သည့် နေရာတွင် ၃၁-၁၀-၂၀၁၇ ရက်နေ့အပြီး ဆောင်ရွက်ရန်စီစဉ်ခဲ့ပါကြောင်း၊ သို့ရာတွင် စက်ရုံအချို့သည့် ရေဆိုးသန့်စင်မှုစနစ်ကို တည်ဆောက်ဆဲဖြစ်ခြင်းနှင့် လုပ်ငန်းကိုလည်း လည်ပတ်မှုမရှိဘဲ ရပ်ဆိုင်းထားခြင်းတို့အတွက်ကြောင့် စက်ရုံအားလုံးတွင် တပ်ဆင်နိုင်ခြင်း မရှိသေးပါကြောင်း၊
ပြည်တွင်းအခွန်များ ဦးစီးဌာနကနေပြီး အထူးကုန်စည်ခွန်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့ကို ညွှန်ကြားရေးမှူးတစ်ဦး ဦးဆောင်ဖွဲ့စည်းပြီး အရက်ချက်စက်ရုံများကို ကွင်းဆင်းပြီး ညွှန်ကြားချက်နှင့်အညီ Flow Meter တပ်ဆင်မှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း၊ အရက်ချက်စက်ရုံ များတွင် Flow Meter တပ်ဆင်မှုများနှင့် ပတ်သက်ပြီး စံကိုက်စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် ညွှန်ကြားရေးမှူးတစ်ယောက် ခေါင်းဆောင်သည့်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးထားခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအရ စက်ရုံ ၇၂ ရုံ လိုင်စင်ယူထားသည့်အနက် လက်ရှိလုပ်ငန်းလည်ပတ် ဆောင်ရွက်လျက်ရှိသည့် အရက်ချက်စက်ရုံ ၃၇ ရုံတွင် Flow Meter များကို သတ်မှတ်နေရာများတွင် စနစ်တကျတပ်ဆင်ထားမှုရှိ/မရှိ၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လများအတွင်းက သွားရောက်စစ်ဆေးခဲ့ပါကြောင်း၊ လက်ရှိအနေအထားအရ လည်ပတ်လျက်ရှိသည့် စက်ရုံ ၃၃ ရုံတွင် Flow Meter များကို သတ်မှတ်စံနှုန်းများနှင့်အညီ တပ်ဆင်ထားရှိကြောင်း၊ ကျန်သည့်စက်ရုံလေးရုံကလည်း စစ်ဆေးတွေ့ရှိချက်များအရ မကြာမီတပ်ဆင်သွားရန် စီစဉ်ထားပါကြောင်း၊ Online Monitoring System ကိုလည်း တပ်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ Online Monitoring System တပ်ဆင်ခြင်းမပြုမီ ကာလအတွင်း မြို့နယ်အခွန် ဦးစီးဌာနမှူးရုံးမှ ကွင်းဆင်းစစ်ဆေးခြင်းများကိုလည်း စီမံချက်ချမှတ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အရက်ချက်စက်ရုံများ၏ အရက်ထုတ်လုပ်မှုများ ကို Online မှတစ်ဆင့် စောင့်ကြည့်ထိန်းကျောင်းနိုင်ရေးအတွက် Online Monitoring System ကို အကောင်အထည်ဖော်နိုင်ရန် Data Logger တပ်ဆင်ခြင်းကို စက်ရုံကြီး၊ စက်ရုံလတ်နှင့်စက်ရုံငယ် အဆင့် (က)၊ (ခ) နှင့် (ဂ) ဟုခွဲခြားပြီး စက်ရုံကြီးများကို ဦးစားပေးစနစ်ကို ၂၀၁၈ ခုနှစ် ဧပြီလကစတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တစ်ဆင့်ချင်း ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
