(ဂ)-မင်းဘူး(စကု)မြို့နယ်တွင် လတ်တလောပြိုကျသော ဧရာဝတီမြစ်ကမ်းပါးများ ဆက်လက်မပြိုကျ နိုင်စေရေးအတွက် စက်ယန္တရားကြီးများဖြင်‌့ မြစ်ကြောင်းပြုပြင်ခြင်းများကို မည်သည်‌့အချိန်တွင် စတင်ဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ (၁၆.၅.၂၀၁၈)

မကွေးတိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းသွားသည့် ဧရာဝတီမြစ်၏ မြစ်ကမ်းပါးပြိုနေမှုကြောင့် မြစ်ကမ်းဘေးများတွင် မှီခိုနေထိုင်ကြသည့် ကျေးရွာများမှ ဒေသခံပြည်သူများ၏ နေထိုင်ရေး၊ စိုက်ပျိုးရေးများအတွက် အခက်အခဲများကြုံတွေ့နေကြရပါကြောင်း၊ အထူးသဖြင်‌့ မင်းဘူး(စကု) မြို့နယ်ရှိ သနပ်ပင်စုကျေးရွာအုပ်စု၊ နိဗ္ဗာန်ကျွန်းကျေးရွာအုပ်စု၊ မန်းကြိုးကျေးရွာအုပ်စုနှင့် ရွာပုလဲကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် နေအိမ်များရွှေ့ပြောင်းနေရခြင်း၊ စိုက်ပျိုးမြေများဆုံးရှုံးရခြင်းတို့ကြောင့် ဒေသခံပြည်သူများ၏ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊

မင်းဘူး(စကု)မြို့နယ်၏ သနပ်ပင်စုကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ကမ်းပါးပြိုနေသည့် နိဗ္ဗာန်ကျွန်းကျေးရွာအနီး မြစ်ကမ်းပါးပြိုနေခြင်း ဖြစ်ပါကြောင်း၊ မြစ်ကမ်းပါးမှာ နှစ်ပေါင်းများစွာ ကတည်းကတိုင် စိုက်ပျိုးလာခဲ့သည့်စိုက်ခင်း ငရုတ်ခင်း၊ နေကြာခင်း၊ ကုလားပဲခင်းများရှိပါကြောင်း၊ မန်းကြိုးကျေးရွာအုပ်စု၊ ထုံးကြီးကျေးရွာဟောင်းက မြစ်အလယ်ခေါင်နေရာထိ ကမ်းပါးပြိုလျက်ရှိပါကြောင်း၊  ထုံးကြီးကျေးရွာဆိုလျှင် တစ်ရွာလုံးမြစ်ကမ်းပါးနှင့် ဝေးသည့်နေရာကို ရွှေ့ရပါကြောင်း၊ ထို့ကြောင့် ဧရာဝတီဖြစ်ကမ်းနံဘေး မှီခိုနေထိုင်လျက်ရှိသည့် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဘဝလုံခြုံမှုရှိစေရေးတို့အတွက် လတ်တလောပြိုကျနေသော ဧရာဝတီမြစ်ကမ်းများ ဆက်လက်မပြိုကျစေနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စက်ယန္တရားကြီးများဖြင်‌့ မြစ်ကြောင်းပြုပြင်ခြင်း လုပ်ငန်းများကို  အမြန်ဆုံးဆောင်ရွက်ပေးရန် လိုအပ်ပါသဖြင့် မည်သည်‌့အချိန်တွင် စတင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းကို သိရှိလိုသည့်အတွက် မေးမြန်းပါသည်။


ဖြေကြားသူ
ပို့ဆောင်ရေးနှင်‌့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်
အဖြေ

မိမိတို့ လေ့လာထားချက်အရ မကွေးတိုင်းဒေသကြီး လေးခရိုင်တွင် နေရာ ၁၉ နေရာသည် ကမ်းပါးပြို ရေတိုက်စားမှုဖြစ်ခဲ့သည့် နေရာများရှိပါကြောင်း၊ ၎င်းနေရာများသည် စလင်းတွင် လေးခု၊ ပွင်‌့ဖြူတွင် တစ်ခု၊ မင်းဘူး(စကု)တွင် သုံးနေရာဆိုပြီး မိမိတို့ဘက်က သတ်မှတ်ထားပါကြောင်း၊ ၎င်းတို့ထဲတွင် မင်းဘူး(စကု)မြို့နယ်ကို ကြည့်မည်ဆိုပါက ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် တိုင်းသည့် ရေလမ်းကြောင်းသည် အဓိကရေစီးသည့် လမ်းကြောင်းဖြစ်ကြောင်း၊ လှေ၊ သင်္ဘောများ သွားသည့် လမ်းကြောင်းဖြစ်ပါကြောင်း၊ ၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် ရေလမ်းကြောင်း ပြောင်းသွားပါကြောင်း၊ ပြောင်းသွားပြီး ဘိလပ်မြေတင်တဲ့ Vessel တစ်စီးနစ်မြုပ်သွားပြီး ဆယ်မရဘဲ ၎င်းအတိုင်းကျန်ခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ရေလမ်းကြောင်းသည် အနောက်ဘက်နိဗ္ဗာန်ကျွန်းကို ကပ်ပြီး စီးသွားပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် နိဗ္ဗာန်ကျွန်းရွာတစ်ရွာလုံး ပါသွားခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် ရေကြီးချိန်တွင် ထုံးမကြီးရွာလည်း အများကြီးထိခိုက်ပျက်စီးခဲ့ပါကြောင်း၊ ထို့ကြောင့် ၁၉၈၈ ခုနှစ်ကတည်းက ရေလမ်းကြောင်းပြုပြင်ထိန်းသိမ်းရန်အတွက် နယ်သာလန်နိုင်ငံ ဟက်စကော်နီကုမ္ပဏီနှင့် ပေါင်းပြီးလုပ်ထားသည့် ဧရာဝတီကိုရေလမ်းကြောင်းကောင်းအောင် မည်ကဲ့သို့ လုပ်ကြမည်နည်းဆိုသည့် Master Plan ရှိပါကြောင်း၊ ၎င်း Master Plan ကြားထဲ အနောက်ဘက်တွင် ခြောက်ခု၊ အရှေ့ဘက်တွင် နှစ်ခု၊ ရှစ်ခု ဖြစ်ပါကြောင်း၊ ရေကိုအားလုံး အထိခိုက်မရှိ စီးဆင်းစေချင်သောကြောင့် ၎င်းတို့၏ ပုံမှန်စီးဆင်းနိုင်သည့် Circular Curve ဖြင့် လုပ်ထားပါကြောင်း၊ ၎င်းတို့ကို ရေကာတန်းများ ရိုက်၍ ထိုရေကာတန်းများကို တကယ်တမ်းဝါးမျှော အသုံးပြုပြီး လုပ်ခဲ့ရမည် ဖြစ်ပါကြောင်း၊ သို့သော် Master Plan အတိုင်း လုံးဝမလုပ်ခဲ့နိုင်သည့်အတွက်ကြောင့် ရေနက်ကြောင်းက ကောက်ထွက်သွားပြီး ကျန်သည့် နေရာကြီးကလည်း မိုးအခါရေကြီးသည့် ဧရိယာကြီးဖြစ်သွားပါကြောင်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် တိုင်းဒေသကြီးနှင်‌့ ညှိနှိုင်းသည့်အခါ တိုင်းဒေသကြီးက တာဝန်ရှိသူများနှင့် ညှိပြီး ၎င်း နေရာလုပ်၍ မရမည့်အတူတူ အခြားအရေးပေါ်နိုင်သည့် နေရာ ၈ နေရာကို လုပ်ကြမည်ဟု ရည်ရွယ်ပြီး ကမ်းပါးပြိုကာကွယ်ရေးကို တိုင်းဒေသကြီးက ၂.၄ ဘီလီယံသုံးပြီး ကာခဲ့ပါကြောင်း၊ ကမ်းပြိုကာကွယ်ရေးများကို တိုင်းဒေသကြီး၏ ရန်ပုံငွေဖြင့်သုံးပါကြောင်း၊ ရေလမ်း ကောင်းမွန်ရေးကို ပြည်ထောင်စုဘတ်ဂျက် ၃၈၂ သန်းဖြင့် သုံးစွဲခဲ့ရပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးများတွင် ပြည်သူလူထု၏ တောင်းဆိုမှုအရ တိုင်းဒေသကြီးလွှတ်တော်များ၏ တောင်းဆိုမှုအရ ကမ်းပါးပြိုကာကွယ်ရေးကို အရင်လုပ်ရခြင်းဖြစ်ပါကြောင်း၊

          ထို့ကြောင့် ၂၀၁၆-၁၇ တွင် ရေလမ်းကတစ်ခု၊ ကမ်းပြိုကာကွယ်ရေး ၈ ခု၊ ၂၀၁၇-၁၈ က ရေလမ်းတစ်ခုနှင့် ကမ်းပြိုကာကွယ်ရေး ၉ ခု၊ ၎င်းတို့ထဲတွင် ကုန်သည့် အသုံးစရိတ်များ တင်ပြထားပါကြောင်း၊ ၂၀၁၇-၁၈ ထဲတွင် စနီးခွန်၊ ကျွန်းကလေး၊ ကြူတော့ကွက်သစ်၊ ကြူတောရွာတို့ ရွာ ၅ ရွာအတွက် ကာကြည်‌့လိုက်ခြင်းဖြစ်ပါကြောင်း၊ ကာလိုက်သည့်အတွက်ကြောင့် ဒေသခံ လှေသမားများ၊ ရေလုပ်ငန်းလုပ်သည့် သူများနှင့်ညှိနှိုင်းသည့်အခါ Master Plan နှင့် ဝေးသွားခြင်းဖြစ်ပါကြောင်း၊ Master Plan ဖြင့် ဧရာဝတီသည် မကိုက်ညီခြင်းဖြစ်သွားပါကြောင်း၊ လက်ရှိအခြေအနေနှင့် ကိုက်ညီအောင်ပြင်ရမည်ဆိုပြီး မိမိတို့ဆုံးဖြတ်ပြီး ယခုနှစ်လုပ်ပါကြောင်း၊ ထို့ကြောင့် တစ်နှစ်အချိန် ဘတ်ဂျက်ပေးသမျှကို တစ်နှစ်ကိုတစ်ခု၊ တစ်ခုနှင့် နိဗ္ဗာန်ကျွန်းနှင့် မင်းဘူး(စကု)ကို ၂၀၁၉-၂၀ ခုနှစ်တွင် သုံးနိုင်မည်ဟု မှန်းထားပါကြောင်း၊ မိမိတို့အနေဖြင့် အချိန်ယူပြီ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၉-၂၀ ခုနှစ်တွင် နိဗ္ဗာန်ကျွန်းက ရေလမ်းကြောင်းကို ပြုပြင်နိုင်မည်ဟု ဘတ်ဂျက်အခြေအနေအရ ဆောင်ရွက်နိုင်မည်ဟုလည်း ရှင်းလင်းဖြေကြားပါသည်။

ဦးဝင်းဝင်း (မင်းဘူးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

၂၀၁၉-၂၀၂၀ ထိ စောင်‌့နေမည်ဆိုလျှင် နိဗ္ဗာန်ကျွန်းကျေးရွာ ရွာအသစ်၊ ထုံးမကြီးကျေးရွာ ရွာအသစ် ဧရာဝတီမြစ်အလယ်ကို ရောက်သွားမည် ဖြစ်ပါကြောင်း၊ အခုလောလောဆယ်အနေဖြင့် ဒေသခံပြည်သူများ၏ တင်ပြတောင်းဆိုချက်အရ မြစ်ကြောင်းတချို့ကို ကွင်းဆင်းကြည်‌့ပြီး သောင်တူးစက်များနှင့် မူလမြစ်ကြောင်းကို ပြန်ဖော်မည်ဆိုပါက အဆင်ပြေနိုင်မည်ဟု ဒေသခံများက ယူဆနေပါကြောင်း၊ ထို့ကြောင့် မြစ်ကြောင်းဖြိုးက လာကြည်‌့ပြီး လုပ်ပေးမည်ဟုလည်း ပြောမသွားပါကြောင်း၊ ယခုလိုရေနည်းသည့် အချိန်တွင် လုပ်လျှင်ကောင်းသည့် အချိန်ဟုလည်း ဒေသခံများက ပြောပါကြောင်း၊ မိမိတို့ကိုယ်တိုင်ကွင်းဆင်းပြီး မြစ်ကြောင်းဖြိုးကိုခေါ်သည့်အခါလည်း အကြောင်းအမျိုးမျိုးပြပြီး မိမိတို့နှင့် ပူးပေါင်းပြီး ကွင်းဆင်းကြည်‌့ခြင်းများ မရှိသေးပါကြောင်း၊ ထို့ကြောင့် ၂၀၁၉-၂၀ ခုနှစ်ထိ ယခုရွာများ ဧရာဝတီမြစ်ထဲပါမသွားအောင် လောလောဆယ်အနေဖြင့် ကမ်းပါးများဆက်မပြိုအောင် သောင်တူးစက်များနှင့် ဆက်လက်ပြီး ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင်‌့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်

မိမိတို့တွင် ဘတ်ဂျက်လည်း အကန့်အသတ်ရှိခြင်း၊ စက်ပစ္စည်းလည်း အကန့်အသတ်ရှိခြင်း၊ ဌာန၏ သောင်တူးစက်များကလည်း နေရာအနှံ့တွင် တရုတ်စက်ကများနှင့် သွားလာနေရပါကြောင်း၊ နိဗ္ဗာန်ကျွန်းများက ယခင်က ပေ ၄၀၊ ၅၀ တကယ့်ပြဿနာက ရေကြီးသည့် အချိန်တွင် ဖြစ်လာမည့် ပြဿနာများ ရေကြီးသည့် အချိန်တွင် ၎င်း ပေ ၄၀၊ ၅၀ မဖြစ်ခင် Floating Structure များ မိမိတို့ချရမည်လား၊ Steel Cable ကိုငမည်ဆိုလည်း ရမည်လား၊ ရေစီးအားကို နည်းနည်းတန့်စေသောနည်း ယာယီအစီအစဉ်နှင့် လောလောဆယ်လုပ်၍ရမည်၊ ဘဏ္ဍာငွေအကုန်ခံပြီး အလဟဿဖြစ်နိုင်မည်လား၊ မိမိတို့မှာအများကြီးစဉ်းစားရပါကြောင်း၊ သို့သော်လည်း ရရှိသည့် ဘဏ္ဍာငွေထဲကအထိရောက်ဆုံး အသုံးချသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပို့ဆောင်ရေးဝန်ကြီးတို့နှင့် ညှိနှိုင်းပြီး မည်သည့်ကိစ္စသည် အရေးကြီးလုပ်သင်‌့သနည်းဆိုတာကို ညှိနှိုင်းပေါင်းစပ်ပြီး ဆောင်ရွက်သွားမည် ဖြစ်သည့်အကြောင်း ရှင်းလင်းဖြေကြားပါသည်။