(ဂ)-ကျောက်တန်းမြို့နယ်နှင့် ဒလမြို့နယ် ဆက်သွယ်ထားသော တံတားတစ်စင်းတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၅.၅.၂၀၁၈)

ရန်ကုန်တောင်ပိုင်းခရိုင်၏ အရှေ့ပိုင်းနှင့်အနောက်ပိုင်းကြားတွင် ရန်ကုန်မြစ်တည်ရှိပြီး ၎င်းမြစ်ကြားထဲမှာ တံတားတစ်စင်းတည်ဆောက်ပေးရန်လိုအပ်နေပါကြောင်း၊ ကုန်စည်စီးဆင်းမှုအတွက် ဖွံ့ဖြိုးမှုနောက်ကျ နေသည့် ဒေသခံများ၊ သီလဝါစီးပွားရေးဇုန်ကို အလုပ်ဆင်းလာသည့် ပြည်သူများအတွက် လိုအပ်ချက် ဖြစ်နေပါကြောင်း၊ ဒလနှင့်ရန်ကုန်ကို ဆက်သွယ်ထားသည့်တံတားတစ်စင်း တည်ဆောက်ရန် အတွက် လည်း မကြာခင်က လွှတ်တော်တွင် အတည်ပြုပြီးဖြစ်သော်လည်း သီလဝါစီးပွားရေးဇုန်နှင့် ဒလကို ဆက်သွယ်ပေးမည့် နောက်ထပ်တံတားတစ်စင်းလိုအပ်နေသေးပါကြောင်း၊ အခုလက်ရှိ အချိန်အထိ စက် လှေငယ်လေးများ အသုံးပြုပြီး ကျောင်းသားများ၊ အလုပ်သမားများ ခက်ခက်ခဲခဲသွားလာနေကြရ ပါ ကြောင်း၊ ၎င်းနေရာတွင် တံတားတစ်စင်းဆောက်လိုက်မယ်ဆိုလို့ရှိရင် ကုန်စည်စီးဆင်းမှုများ  မြန်ဆန် လာပြီး ဖွံ့ဖြိုးမှုတွေတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မဟာဗျူဟာကျသည့် ဆက်သွယ်ရေး လမ်းကြောင်း ဖြစ်ခြင်း၊ ကုန်စည်စီးဆင်းမှုအထောက်အကူဖြစ်နေချိန်၊ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများကို များစွာအထောက်အကူပြုနိုင်သည့်အပြင် ခရီးသွားလုပ်ငန်းအတွက်ပါ များစွာအထောက်အကူဖြစ်လာမည်နိုင်သည့်အတွက် လိုအပ်နေသည့် တံတားတစ်စင်းကို ဆောက်လုပ် ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေး၍ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဆိုသည်ကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ရန်ကုန်မြို့ပြဖွံ့ဖြိုး ရေးစီမံကိန်းများ ဆောင်ရွက်ရာတွင် ပြည်သူများသွားလာရေးလွယ်ကူစေရန်၊ ကုန်စည်စီးဆင်းမှု မြန်ဆန် စေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချနိုင်ရန်အတွက် ရန်ကုန်အပြင်ပတ်လမ်း(Yangon Outer Ring Road) (YORR) ကို ဂျပန်နိုင်ငံ (JICA) Japan International Corporation Agency ၏ အကူအညီဖြင့် Pre-Feasibility Study လုပ်ငန်းများရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်အပြင်ပတ်လမ်း အတွက် ရေးဆွဲလျက်ရှိသည့် Feasibility Study တွင် ရန်ကုန်တောင်ပိုင်းခရိုင်ရှိ သံလျင်၊ ကျောက်တန်း မြို့နယ်များအတွင်းရှိ သီလဝါစက်မှုဇုန်အနီးမှဖြတ်၍ ဒလမြို့နယ်ဘက်ကမ်းသို့ ဆက်သွယ်နိုင်ရန်အတွက် ဒလ-ကျောက်တန်း Suspension Bridge ကြိုးတံတားတစ်စင်းကို တည်ဆောက်နိုင်ရေး ထည့်သွင်းရေးဆွဲ လျက်ရှိပါကြောင်း၊ ၎င်းတံတား တည်ဆောက်ပေးနိုင်မည်ဆိုပါက ရန်ကုန်မြစ်တစ်ဘက်ကမ်းရှိ သံလျင်၊ ကျောက်တန်းဒေသနှင့် ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်များသို့ ဆက်သွယ်ချိတ်ဆက်ပေးနိုင်မည် ဖြစ်ပြီး အထူးသဖြင့် သီလဝါစက်မှုဇုန်နှင့် ဒလမြို့နယ်တို့ကို ဆက်စပ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းတံတား သည် ရန်ကုန်မြစ်အား ဖြတ်သန်းတည်ဆောက်မည့်တံတားဖြစ်ပြီး ရန်ကုန်မြစ် အတွင်းရှိ ပင်လယ်ကူး သင်္ဘောကြီးများ အဓိကထားဖြတ်သန်းသွားလာသည့်နေရာဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွင်ပါဝင်သည့် အတွင်းပတ်လမ်း(Inner Ring Road) နှင့် အပြင်ပတ်လမ်း(Outer Ring Road)လုပ်ငန်းများကို ၂၀၀၈-၀၉ မှ Plan ချမှတ်ပြီး ဖြစ်နိုင် စွမ်းအားကို လေ့လာခဲ့ပါကြောင်း၊ ၎င်းတံတားကို ဥမင်လိုဏ်ခေါင်းပုံဖြစ်နိုင်စွမ်းနှင့် တံတားဖြစ်နိုင်စွမ်းတို့ကို JICA အစီအစဉ်ဖြင့် IHI Company မှ Proposal တင်ပြထားပါကြောင်း၊ ဥမင်လိုဏ်ခေါင်းပုံ ဆောက်မည် ဆိုပါက ရန်ကုန်မြို့၏ အောက်ခံမြေသားအခြေအနေအရ ဥမင်လိုဏ်ခေါင်းဖောက်ရန် မသင့်တော်သည့် အတွက် တံတားတည်ဆောက်မည်ဆိုပါက Suspension Bridge ပုံစံအတိုင်း တည်ဆောက်ရမည် ဖြစ်ပါ ကြောင်း၊ တံတား၏ တာဝါတိုင်နှစ်ခုအကျယ်မှာ ခန့်မှန်း ၁၆၀၀ မီတာခန့် ရှိနိုင်ပြီး တံတား၏ စုစုပေါင်း ခန့်မှန်း အရှည်မှာ၂၈၀၀ မီတာခန့် ဖြစ်ပါကြောင်း၊ ၎င်းတံတားတည်ဆောက်ပြီးပါက Yangon Outer Ring Road နှင့်ဆက်စပ်မိပြီး တစ်ဆက်တစ်စပ်တည်းဖြစ်သွားမည်ဖြစ်သော်လည်း ကုန်ကျစရိတ်သည် အလွန် များပြားသည့်အတွက် လတ်တလောဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်းနှင့် နောင်တစ်ချိန် တည် ဆောက်နိုင်ရန်အတွက် Master Plan တွင် ထည့်သွင်းရေးဆွဲထားပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။