(စ)-ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အစိုးရနည်းပညာအထက်တန်းကျောင်း သို့မဟုတ် လက်မှုပညာ သင်တန်းကျောင်းတစ်ကျောင်း ဖွင့်လှစ်ပေးနိုင်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ (၁၄.၅.၂၀၁၈)

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လူဦးရေ ၃၇၀၀၀၀ ခန့်ရှိပြီး စက်မှုဇုန်လေးဇုန်ရှိပါကြောင်း၊ စက်မှု လက်မှုလုပ်ငန်း စက်ရုံ၊ အလုပ်ရုံပေါများသော မြို့နယ်ဖြစ်သည့်အတွက် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစေရန် အသက်မွေးဝမ်းကျောင်း နည်းပညာသင်ကြားလိုသော လူငယ်လူရွယ်များ နည်းပညာတတ်ကျွမ်းမှုရှိစေရန်နှင့် လွယ်ကူစွာသင်ကြားနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းပေါများစေ ရေး၊ စက်ရုံအလုပ်ရုံများအတွက် ကျွမ်းကျင် ဝန်ထမ်းရရှိရေး စသဖြင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက် အရ စက်မှုလက်မှုအထက်တန်းကျောင်းနှင့် လက်မှုပညာသင်တန်းကျောင်း ဖွင့်လှစ်ပေးနိုင်ပါရန် ၁၈-၈-၂၀၁၇ ရက်နေ့တွင် ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခဲ့ပါကြောင်း၊  ၂၄-၈-၂၀၁၇ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန မှ အစိုးရနည်းပညာအထက်တန်းကျောင်း သို့မဟုတ် လက်မှုလုပ်ငန်းပညာသင်တန်းကျောင်း ဖွင့်လှစ်နိုင် ရေး အတွက် ပထမဦးစွာ မြေနေရာရရှိရန်လိုအပ်ပြီး မြေနေရာရရှိနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လိုအပ်သလိုစီမံဆောင်ရွက်ပေးမည်ဆိုပါက နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင်‌့ရေး ဦးစီးဌာန အနေဖြင့် အဆောက်အဦများဆောက်လုပ်နိုင်ရေး၊ ဝန်ထမ်းများခန့်ထားရေး၊ သင်ထောက်ကူ ပစ္စည်းများ ဖြည့်ဆည်းပေးရေးတို့အတွက် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေလျှောက်ထားဆောင်ရွက် ပေးသွားမည်ဟု ဖြေကြားခဲ့ပါကြောင်း၊ ထို့ကြောင့်ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လွှတ်တော်ကိုယ်စား လှယ်များမှ ၁၀-၉-၂၀၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ စာဖြင့်သော် လည်းကောင်း၊ လူချင်းတွေ့ဆုံ၍သော်လည်းကောင်း ဒဂုံမြို့သစ်(တောင်ပိုင်း)(၁၀၅)ရပ်ကွက် လှော်ကား လမ်းမကြီးဘေးရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ ၁၄ ဧကကို တောင်းခံခဲ့ရာ ဝန်ကြီးချုပ်မှ ခွင့်ပြုပေးပြီးဖြစ်ကြောင်းကို လူချင်းတွေ့ဆုံဖြေကြားခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒဂုံမြို့သစ် (တောင်ပိုင်း) (၁၀၅)ရပ်ကွက် လှော်ကားလမ်းမကြီးဘေးရှိ မြေ ၁၄ ဧကပေါ်တွင် လိုအပ်သည့် မြေနေရာ လျာထား သတ်မှတ်ရယူ၍ အစိုးရနည်းပညာအထက်တန်းကျောင်း သို့မဟုတ် လက်မှုလုပ်ငန်းပညာသင် ကျောင်း ဖွင့်လှစ်ပေးနိုင်ရေး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ဆောင်ရွက် ပေးနိုင်မှုရှိ/မရှိ  ကိုသိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အစိုးရနည်းပညာအထက်တန်းကျောင်း ဖွင့်လှစ်ပေးနိုင်ရေးအတွက် ဒဂုံမြို့သစ်(တောင်ပိုင်း) အမှတ်(၁၀၅) ရပ်ကွက် လှော်ကားလမ်းမကြီးဘေးရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ ၁၄ ဧက၏ မြေပြင်အခြေအနေအပေါ်မူတည်၍ စာသင်ဆောင်၊ အလုပ်ရုံ၊ ကျောင်းသားအိပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာများပါဝင်သည့် Master Plan တစ်ခုရေးဆွဲပြီး လိုအပ်သည့် မြေဧရိယာအကျယ်အဝန်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနအနေဖြင့် မြေနေရာလွှဲပြောင်းရယူပြီးပါက လိုအပ်သော အဆောက်အဦများ ဆောက်လုပ်ခြင်း၊ ဝန်ထမ်းများခန့်ထားခြင်း၊ သင်ထောက်ကူ ပစ္စည်းများဖြည့်ဆည်းပေးခြင်းတို့အတွက် လိုအပ်သော ဘဏ္ဍာငွေများကို ဘဏ္ဍာရေးနှစ်အလိုက် လုပ်ထုံးလုပ်နည်းနှင့်အညီ ထည့်သွင်းလျာထား စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) သည် လူဦးရေ အင်မတန်များပြားသည့်မြို့နယ်တစ်ခုဖြစ်သည့်အတွက် အစိုးရနည်းပညာအထက်တန်း ကျောင်းဖွင့်လှစ်နိုင်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရနည်းပညာအထက်တန်း ကျောင်းများ နှင့် GTI များကို တစ်နိုင်ငံလုံးတိုးချဲ့ဖွင့်လှစ်ပြီးရက်တို သင်တန်းများလည်း ဖွင့်လှစ်ရန် ဆောင်ရွက် နေသည့်အတွက် သတ်မှတ်ဘဏ္ဍာရေးနှစ်အလိုက် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။