(င)-ဟုမ္မလင်းမြို့တွင် ချင်းတွင်းအထက်ပိုင်းဒေသ ပညာရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးကောလိပ် တစ်ခုဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ (၁၄.၅.၂၀၁၈)

ယခုမျက်မှောက်ခေတ် အခြေခံပညာရေးတွင် သင်ယူနေသော ကျောင်းသားများသည် တစ်နှစ်ထက် တစ်နှစ် ပိုပြီးတိုးတက်လာပါကြောင်း၊ ကျောင်းများကလည်း လိုအပ်ချက်အရ စိစစ်ပြီးတိုးမြှင့်ပေးနေရ ပါကြောင်း၊ တိုးတက်လာသော ကျောင်းများနှင့် ကျောင်းသားဦးရေတို့အတွက် ဆရာလိုအပ်ချက်က လည်း အမြဲတမ်းဖြစ်ပေါ်နေမည် ဖြစ်ပါကြောင်း၊ လိုအပ်နေသည့် အရည်အချင်းပြည့် အခြေခံဆရာ၊ ဆရာမများ၊ အထူးသဖြင့် မူလတန်းအထူးပြုနှင့် အလယ်တန်းအထူးပြုဆရာများ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပညာရေးကောလိပ်များကို မဖြစ်မနေတိုးချဲ့ ဖွင့်လှစ်ပေးရမည် ဖြစ်ပါကြောင်း၊ နန်းယွန်းမြို့တွင် ကျင်းပသည့် နာဂပွဲတော် ပညာရေးဌာနပြခန်းတွင် ပြသထားသည့် စာရင်းဇယားများအရ ချင်းတွင်းဒေသ(အထက်ပိုင်း) မော်လိုက်မှ နန်းယွန်းအထိ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသားပေါင်း ၁၂၅၃၀၀ ရှိပြီး အလယ်တန်းအဆင့်နှင့် မူလတန်းပြ ဆရာ၊ဆရာမ စုစုပေါင်း ၅၅၇၈ ဦး ရှိပါကြောင်း၊ ၎င်းဆရာ၊ဆရာမများ၏ အရည်အချင်းကို စဉ်ဆက်မပြတ် အနီးကပ်မြှင့်တင်ပေးနိုင်ရန်လည်း လိုအပ်ပါကြောင်း၊ အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းအရ ပညာရေးပြုပြင်ပြောင်းလဲနေချိန် ဖြစ်ပါကြောင်း၊ ပြောင်းလဲနေသည့်ဖြစ်စဉ်အရ ဆရာ၊ ဆရာမများ၏ အရည်အချင်းကိုလည်း စဉ်ဆက်မပြတ်မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ စဉ်ဆက်မပြတ် ဖြည့်တင်းမြှင့်တင်ပေးနိုင်မည့် နေရာဌာနတစ်ခုလည်း မိမိတို့၏ချင်းတွင်း(အထက်ပိုင်း) ဒေသတွင် ရှိရန်လိုအပ်ပါကြောင်း၊ ဟုမ္မလင်းမြို့နယ်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိပြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခန္တီးခရိုင်အတွင်းရှိ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်သင် ကျောင်းဆရာ၊ဆရာမများမှာ ၃၈၇၂ ဦးရှိသည့်အနက် မိမိတို့ဟုမ္မလင်းမြို့နယ်တွင်  ၂၂၁၆ ဦးရှိပါကြောင်း၊ ထို့ကြောင့် နာဂဒေသနှင့် ချင်းတွင်း(အထက်ပိုင်း) ပညာရေးကို စောင့်ကြည့်မြှင့်တင်ပေးရန် ဟုမ္မလင်းမြို့တွင်လည်း ပညာရေးကောလိပ်တစ်ခု ထားရှိ သင့်ပါကြောင်း၊ ပညာရေးကောလိပ်တစ်ခုရှိခြင်းသည် သင်ကြားမှု၊ သင်ယူမှုနည်းလမ်းများ ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်အတွက် ဒေသအတွင်း အဆင်ပြေစွာဦးဆောင်လှုပ်ရှားနိုင်မည် ဖြစ်ပါကြောင်း၊ ယခု တစ်နိုင်ငံလုံးတွင် G-2 အတွက် သင်ကြားသင်ယူပြောင်းလဲပုံနည်းလမ်းများ သင်ပေးနေချိန် လည်း ဖြစ်ပါကြောင်း၊ မိမိတို့ဟုမ္မလင်းမြို့နယ်တွင် ကျောင်းပေါင်း ၃၁၁ ကျောင်း၊ ကျောင်းဆရာ ၂၄၁၅ ဦးရှိပြီး သင်ကြားနေသော ကျောင်းသူ၊ကျောင်းသားဦးရေ ၆၀၇၆၆ ဦးရှိပါကြောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး တစ်ခုလုံးတွင် ဟုမ္မလင်းမြို့နယ်သည် ဒုတိယကျောင်းသားဦးရေ အများဆုံးမြို့လည်း ဖြစ်ပါကြောင်း၊ မိမိသွားရောက်တွေ့ဆုံသည့်အခါ ဆရာ၊ဆရာမများ၏ပြောကြားချက်အရ ရှေ့တွင် သင်တန်းနည်းပြဆရာမ ပြသသော ကွန်ပျူတာလေးတစ်ခုကို ဆရာ၊ဆရာမ ၃၀၊ ၄၀ ဦးခန့် ဝိုင်းပြီး ကြည့်နေရပါကြောင်း၊ အဆင်မပြေမှုများကြားထဲက ကြိုးစားသင်ယူနေကြသော ဆရာ၊ဆရာမများကို တွေ့ခဲ့ကြရပါကြောင်း၊ အကယ်၍ မိမိတို့ဘက်တွင် ပညာရေးကောလိပ်တစ်ခုရှိခဲ့ပါက များစွာ အထောက်အကူပြုလာမည် ဖြစ်သည့်အတွက် ဟုမ္မလင်းမြို့တွင် ချင်းတွင်းအထက်ပိုင်းဒေသ ပညာ ရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးကောလိပ် တစ်ခုဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ကိုင်းပညာရေးကောလိပ်၊ မုံရွာပညာရေးကောလိပ်နှင့် ကသာ ပညာရေးကောလိပ်ဟူ၍ ပညာရေးကောလိပ်စုစုပေါင်း သုံးကျောင်းဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း၊ ကသာပညာရေးကောလိပ်ကို ဖွင့်လှစ်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ပညာရေးကောလိပ်များတွင် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ ဒီပလိုမာသင်တန်း(D.T.Ed)နှင့် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာ ဒီပလိုမာသင်တန်း(PPTT)သင်တန်းတို့ကို ဖွင့်လှစ် ပေးလျက်ရှိပြီး နှစ်စဉ် D.T.Ed ဘွဲ့ရ၊ လက်မှတ်ရ ဆရာ၊ဆရာမ ၄၀၀ ဦးနှင့် PPTT  လက်မှတ်ရ ဆရာ၊ ဆရာမ ၄၀၀ ဦး စုစုပေါင်း ၈၀၀ ဦးကို မြို့နယ်အလိုက်ခွဲတမ်းအရ တက်ရောက်ပြီး စီစဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံးတွင် မူလတန်းအဆင့်သင် ဆရာ၊ ဆရာမဦးရေ ၂၄၇၆၉ ဦးရှိပြီး မူလတန်းကျောင်းသား၊ ကျောင်းသူဦးရေ ၅၄၄၄၅၅ ဦးရှိသည့်အတွက် ဆရာ၊ ကျောင်းသားအချိုးသည် ၁ း ၂၂ ဖြစ်ပါကြောင်း၊ ခန္တီးခရိုင်တွင် မူလတန်းအဆင့်သင် ဆရာ၊ ဆရာမဦးရေ ၂၅၅၂ ဦးရှိပြီး မူလတန်းကျောင်းသား၊ကျောင်းသူဦးရေ စုစုပေါင်း ၆၁၈၄၄ ဦး ရှိသည့်အတွက် ဆရာ၊ ကျောင်းသားအချိုးသည် ၁ း ၂၄ ဝန်းကျင် ရှိပါကြောင်း၊

          သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆရာနှင့် ကျောင်းသားအချိုးအရလည်းကောင်း၊ ခန္တီး ခရိုင်အတွင်းတွင် ဆရာနှင့် ကျောင်းသားအချိုးအရလည်းကောင်း ဆရာခန့်ထားမှုသည်လည်း လုံလောက်မှု ရှိနေသေးပါကြောင်း၊ ပြုန်းတီးအင်အားအရ တွက်မည်ဆိုပါက ခန္တီးခရိုင်ဝန်းကျင်တွင် ဆရာသည် တစ်နှစ်လျှင် ရာဂဏန်းဝန်းကျင်ခန့်သာရှိပါကြောင်း၊ သင်တန်းဆင်း ဆရာ၊ဆရာမ အင်အားနှင့် လုံလောက်မှုရှိနေသေးပါကြောင်း၊ နှစ်နှစ်သင်ပညာရေးကောလိပ် ၂၅ ကျောင်းကို လေးနှစ်သင်ပညာရေးဒီဂရီကောလိပ်များအဖြစ် ၂၅ ကျောင်းစလုံးကို အဆင့်မြှင့်တင်ပေးရန်အတွက် ကိုလည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် ပညာရေးကောလိပ် များတွင် လိုအပ်သော Teacher Educators များရရှိရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြီးစီးပါက ပညာရေးဝန်ကြီးဌာနအနေဖြင့် ဟုမ္မလင်းကောလိပ်ကို ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက် လျက် ရှိပါကြောင်း၊  လတ်တလောတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် ပညာရေးကောလိပ်တစ်ခု ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။