(ဂ)-တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာနှင့်အတူ ပူးတွဲပေးပို့ရသည့် ထောက်ခံစာများအနက် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူ၏ ထောက်ခံစာကို ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ (၁၄.၅.၂၀၁၈)

မကြာမီကာလအတွင်း တက္ကသိုလ်ဝင်ခွင့်အောင်စာရင်းများ ထုတ်ပြန်မည် ဖြစ်သည့်အတွက် အောင်မြင်ကြသည့် ကျောင်းသား/သူများသည် မိမိနှစ်သက်ရာတက္ကသိုလ်/ကောလိပ်များကို ဦးစား ပေးစနစ် အစီအစဉ်ဖြင့် ဝင်ခွင့်လျှောက်လွှာ လျှောက်တင်ကြရမည် ဖြစ်ပါကြောင်း၊ ယခုလိုလျှောက်ထားရာတွင် အမှတ်စာရင်း၊ ဦးစားပေးရွေးချယ်လိုသည့် တက္ကသိုလ်ဝင်ခွင်‌့ လျှောက်လွှာ၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး၏ ကျန်းမာရေးစစ်ဆေးချက်တစ်စောင်၊ ရပ်ကွက်/ကျေးရွာ ဥက္ကဋ္ဌ၏ ရပ်ကွက်/ကျေးရွာအတွင်း နေထိုင်ကြောင်း ထောက်ခံချက်နှင့်အတူ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း၊ ပြစ်မှုကင်းရှင်းကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ထောက်ခံစာ တစ်စောင်ကို ပူးတွဲတင်ပြရမည် ဖြစ်ပါကြောင်း၊ ယခုလို တင်ပြကြသည့် ထောက်ခံစာများအနက်မှ တက္ကသိုလ်ဝင်ခွင့် လျှောက်ကြသည့်နေရာတွင် ဆေးရုံသွားရခြင်း၊ ရဲစခန်းသွားရခြင်း ထောက်ခံစာများကို အဆင်ပြေစွာရရှိခြင်း မဟုတ်သည့်အတွက် တာဝန်ရှိသူများ မအားလပ်သည့်အခါ ညအိပ်ပြီးစောင့်ကြရသည်များလည်း ကြုံတွေ့ကြရပါကြောင်း၊ ရန်ပုံငွေများလည်း ၅၀၀ သို့မဟုတ် ၁၀၀၀ ပေးကြရပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ဝင်ခွင့်ကို စိစစ်သည့်ဌာနမှာလည်း တကယ်စိစစ်ပြီးမှ ပြစ်မှုမကင်းရှင်းကြောင်း တွေ့လာပါက တက္ကသိုလ်တစ်လျှောက်တွင် ထောက်လှမ်းခံရခြင်းများ၊ စစ်ဆေးခံရခြင်းများ မပြုလုပ်ခဲ့ပါက ထိုပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာသည် တက္ကသိုလ်ဝင်ခွင့်တွင် အသုံးမပြုသည့်ထောက်ခံစာတစ်ခုသာ ဖြစ်ပါကြောင်း၊ ထို့အပြင် ယခုကာလတွင် ပြစ်မှုကြောင့် အကျဉ်းထောင်ထဲ အကျဉ်းကျခံ နေရခြင်းမှစပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများကို ထူးချွန်စွာအောင်မြင်နေသည့်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး တက္ကသိုလ်တက်စေခြင်းမျိုးလည်းရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် ဌာနဆိုင်ရာများနှင့် ကျောင်းသားများအတွက်ပါ ခိုင်လုံသောအထောက်အထားဖြင့် ထောက်ခံစာဟု မမှတ် ယူနိုင်သည့်အတွက်၊ ခေတ်ကာလနှင့်လည်း မလျော်ညီသည့်အတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများနှင့်အတူ ပူးတွဲတင်ပြရသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာကို ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် စာအုပ်များ၏ စာမျက်နှာ (၂) တွင် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံစာနှင့် ကျန်းမာကြောင်းထောက်ခံစာများကို တင်ပြရမည်ဟု ထည့်သွင်းဖော်ပြ သတ်မှတ်ခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများမှစ၍ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်များ၏ စာမျက်နှာ (၂) တွင် အဆိုပါထောက်ခံစာများ ပူးတွဲတင်ပြရမည်ဟု ထည့်သွင်းဖော်ပြသတ်မှတ်ထားမှုမရှိတော့ပါကြောင်းနှင်‌့ မနှစ်က ၂၀၁၇ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ရဲ့စာမျက်နှာ (၁) တွင်လည်း ၎င်းတို့ကို မိမိတို့ထောက်ခံစာများ တင်ပြရမည်ဟု ထည့်သွင်းဖော်ပြထားခြင်း မရှိတော့ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာဒေါ်ပြုံး (အင်းတော်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

လမ်းညွှန်မှာ ၂၀၁၇ ခုနှစ်တွင် မဖော်ပြထားသော်လည်း မိမိတို့၏ မြို့နယ်များတွင် ၂၀၁၇ ခုနှစ်အထိ ယူနေရဆဲဖြစ်ပါကြောင်း၊ ထို့အတွက် မိမိတို့မြို့နယ်များထိရောက်အောင်၊ သိရှိအောင်အစီအစဉ် မည်ကဲ့သို့ လုပ်ဆောင်ပေး မည်ကိုလည်း သိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

မိမိတို့ပြန်လည်ပြီး စိစစ်ပြီး ၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းထုတ်ပြန်ပြီးသည်နှင့် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်များကိုလည်း အချိန်မီထုတ်ပြန်နိုင်ရန်အတွက် ကျောင်းသား/သူများ လက်ထဲကို ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် တီဗွီ၊ သတင်းစာ၊ မီဒီယာများနှင့် ပူးတွဲတင်ပြရန်အတွက် မလိုအပ်သည့်အကြောင်းကို ကျယ်ကျယ် ပြန့်ပြန့်ြ့ဖင့် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူအားလုံးကလည်း ထိုလုပ်ငန်းအောင်မြင်ရန်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးပါဟု မေတ္တာရပ်ခံ ရှင်းလင်းတင်ပြ အပ်ပါသည်။