မိုးကောင်း-ဖားကန့်လမ်းကိုအဆင့်မြှင့် ပြုပြင်ရန်အတွက် ကျောက်မျက်ကုမ္ပဏီများကို လုပ်ငန်းရှင်များ ၏ဆန္ဒမပါဘဲ ရန်ပုံငွေထည့်ဝင်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် ဥပဒေနှင့်ညီညွှတ်ခြင်း ရှိမရှိနှင့် ရန်ပုံငွေထည့်ဝင်လိုခြင်းမရှိသော ကုမ္ပဏီများကိုမည်သည့် ဥပဒေအရအရေးယူမည်ကို သိလို သည်နှင့် စပ်လျဉ်းသည့် မေးခွန်း
မိုးကောင်း- ဖားကန့်လမ်းသည် အရှည် ၅၉.၄ မိုင်သာ ရှည်လျားပြီး လုပ်သားပြည်သူများ အသုံးပြုနေသော လမ်းဖြစ်ပါကြောင်း၊ ယင်းလမ်းကို BOT စနစ်ဖြင့် လုပ်ကိုင်ဆောင် ရွက်နိုင်သော်လည်း ဆောင်ရွက်ခြင်းမပြုခဲ့ဘဲ ကချင်ပြည်နယ်အစိုးရမှ အစည်းအဝေး တစ်ရပ်ခေါ်ယူကာ ကျောက်မျက်လုပ်ငန်းရှင်များကို ကျောက်မျက် လုပ်ကွက် တစ်ကွက်လျှင် သိန်း ၁၀၀ နှုန်းဖြင့်ရန်ပုံငွေ ထည့်ဝင်ကြရန် အစည်းဝေးခေါ် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ယခင် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း လာစဉ်က ယင်းလမ်း တစ်ဝက်ကို BOT စနစ်ဖြင့် ဆောင်ရွက်စေပြီး ကျန်တစ်ဝက်ကို အစိုးရမှတာဝန်ယူ ဆောင်ရွက်ပေးရန် လမ်းညွှန်မှုပေးခဲ့သော်လည်း ကချင်ပြည်နယ် အစိုးရအဖွဲ့က လက်ခဲ့ခြင်းမရှိ၍ လမ်းတစ်ခုလုံးကို ကုမ္ပဏီများ၏ ထည့် ဝင်ငွေဖြင့် ဆောင်ရွက်ရန်ဆုံးဖြတ်ပြီး တစ်ကွက်ကို သိန်း ၁၀၀ နှုန်းဖြင့် ထည့် ခိုင်းခြင်းဖြစ်ပါကြောင်း၊ ထိုသို့ပြုလုပ်မည်ဆိုပါက မြန်မာငွေကျပ် ဘီလီယံ ၁၅၀ လောက်ရမည်ဖြစ်ရာ အမှန် လမ်းကုန်ကျစရိတ်တစ်ခု လုံးကိုတွက်ကြည့်ဆိုပါက ၃၂ ဘီလီယံခန့်သာ ကုန်ကျမည်ဖြစ်သည့်အပြင် စည်းဝေး ဆုံးဖြတ်ရာတွင်လည်း သဘောတူခြင်း/မတူခြင်းများကို ပွင့်လင်းစွာ ဖော်ပြခွင့်မရခဲ့ဘဲ ဘယ်နေ့/ဘယ် ရက်နောက် ဆုံးထားထည့်ဝင်ရရန် အကြောင်းကြား ဖိအားပေးခြင်းမျိုးသာရှိပါကြောင်း၊ ကျောက်မျက်ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများ ရပ်တန့်ထားရသည့် ကာလသည် နှစ်နှစ်ခန့်ရှိပြီဖြစ်၍ ရန်ပုံငွေ ပေးသွင်းရန် အခက်အခဲ ရှိနေပါကြောင်း၊ ထို့ကြောင့် ကချင်ပြည် နယ် အစိုးရအဖွဲ့၏ ယင်းသို့ ဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ/ှမရှိနှင့် ဥပဒေနှင့် ညီညွှတ်ခြင်းမရှိဟု ယူဆ၍ ရန်ပုံငွေထည့်ဝင်ခြင်း မပြုပါက မည်သို့ အရေးယူဆောင်ရွက်မည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။
မိုးကောင်း(ပါဟုတ်)-ဖားကန့်ကားလမ်းသည် အရှည်မိုင်အားဖြင့် (၅၉/၄)မိုင်ရှိပြီး နှစ်စဉ် မိုးရာသီရောက်ပါက ကားလမ်းပေါ်ရေကျော်ခြင်းများကြောင့် ယာဉ်များသွား လာရန် ခက်ခဲပါကြောင်း၊ ၎င်းလမ်းပိုင်း၏ ခံနိုင်ဝန်သည် ပြည်သူ့ဆောက် လုပ်ရေး လုပ်ငန်း၏ သတ်မှတ်ချက်အရ ယာဉ်/ကုန် အပါအဝင် ၁၃ တန် အားခွင့်ပြုထားကြောင်း၊ UD ၁၂ ဘီး/ ၁၀ ဘီး/ ၆ ဘီး ကုန်တင်ယာဉ်ကြီးများ၊ စက်ကြီးများနှင့် ကျောက် စိမ်းတင်ယာဉ်တန်းများ အပါအဝင် နေ့စဉ် ယာဉ်ကြီး/ယာဉ်ငယ်အစီး ၁၀၀ ခန့် ဖြတ် သန်းသွားလာသည်ကို တွေ့ရှိရပြီး ကျောက်စိမ်းယာဉ်များနှင့် လုပ်ငန်းသုံးအခြား ကုန်တင်ယာဉ်ကြီးများ သတ်မှတ်ဝန်ထက် ပိုမိုတင်ဆောင်သွားလာမှုကြောင့်သာ လမ်းပျက်စီးရခြင်း ဖြစ်ပါကြောင်း၊ မိုးကောင်း-ပါဟုတ်-ဖားကန့်လမ်းသည် ကျောက် မျက်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၏ ကုန်ထုတ်လမ်းဖြစ်သကဲ့သို့နိုင်ငံ တစ်ဝှမ်းလုံး ရှိပြည်သူများ အလုပ်လုပ်ကိုင်ရန် သွားလာသည့်လမ်းဖြစ်ပါကြောင်း၊ မိုးကောင်း-ပါဟုတ်လမ်းပိုင်းသည် ၈ မိုင်ခန့် ကွာဝေးပြီး ပါဟုတ်မှ ဖားကန့်အထိ ၅၉ မိုင် ၄ ဖာလုံ ရှိပါကြောင်း၊ မိုးကောင်း (ပါဟုတ်)မှ ဖားကန့် ၅၉ မိုင် ၄ ဖာလုံ ခရီးကို ယာဉ်မောင်းကြာမြင့်ချိန်သည် ၅ နာရီနှင့် ၄၀ မိနစ် ကြာမြင့်သည့်အတွက် တစ်နာရီကို ၁၀.၅ မိုင်နှုန်း သာ မောင်းနှင်နိုင်ကြောင်း၊
မိုးကောင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစံပြည့်က အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်း အဝေး၊ ဒုတိယနေ့တွင် ကချင်ပြည်နယ်ရှိ မိုးကောင်း-ဖားကန့်လမ်းကို အဆင့်မြင့်ပြုပြင်ပေးရန် အစီအစဉ်ရှိ/ မရှိမေးခွန်း မေးမြန်းခဲ့သည့်နည်းတူ ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအင်ဖရောင်းဂန်မှ လည်း ပထမ အကြိမ် ကချင်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် မိုးကောင်း-ကားမိုင်း-ဖားကန့်လမ်းကို ယခုနှစ်မိုးရာသီမှာ အဆင်ပြေစွာ ယာယီသွားလာနိုင်ရေးအတွက်ကို ကချင်ပြည်နယ် အစိုးရ၊ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်းရှင်များနှင့် ပြည်သူလူထုပူးပေါင်းကာ အချိန် မီပြုပြင် သွားလာနိုင်ရေးနှင့် ရာသီမရွေး သွားလာနိုင်ရေးအတွက် ကျောက်ချောလမ်းခင်းရန် ပြည်ထောင်စုရန်ပုံငွေမှ ချမှတ်သွားရန် အဆိုတင် သွင်းခဲ့ပါကြောင်း၊
ကချင်ပြည်နယ်ဝန်ကြီးချုပ်မှ နေပြည်တော်သို့ အစည်းအဝေးတက်ရောက်ရန် သွားရောက်စဉ် နိုင်ငံတော် သမ္မတကြီးနှင့် တွေ့ဆုံရာတွင်လည်း ဒေသခံပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရန်နှင့်ဒေ သဖွံ့ဖြိုးရေး အတွက် မိုးကောင်း(ပါဟုတ်)-ဖားကန့်လမ်း ပြန်လည်ပြုပြင်နိုင်ရန် ပြည်သူများရဲ့ဆန္ဒ၊ လွှတ်တော် ကိုယ်စားလှယ် များ၏ တောင်းဆိုမှုများကြောင့် တင်ပြခဲ့ပါကြောင်း၊
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာမှူးကြီး ဦးစောသိန်းကို မိုးကောင်း(ပါဟုတ်)-ဖားကန့်လမ်းပိုင်းရှိ လမ်း/တံတား အခြေအနေများကို ကွင်းဆင်းစစ်ဆေးစေပြီး ကာမိုင်းမှ လုံးခင်းကားလမ်းပိုင်းတွင် ချိုင့်ခွက်များကို Dozer, Loader, Graderများအသုံးပြုကာ မြေညှိခြင်းလုပ်ငန်း များကို ညွှန်ကြားဆောင်ရွက်လျက်ရှိပါကြောင်း၊
မိုးကောင်း(ပါဟုတ်)-ဖားကန့်ကားလမ်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက်ကို မိုးကောင်း(ပါဟုတ်) က ကာမိုင်း-ကထရံ-မအူပင်အထိ စုစုပေါင်း ၂၉ မိုင်ကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ လည်းကောင်း၊ မအူပင်-နန့်ယား-နန့်တိန်း-လုံးခင်း-ဖားကန့် အထိ စုစုပေါင်း ၃၀ မိုင် ၄ ဖာလုံကို ကချင်ပြည်နယ် အစိုးရအဖွဲ့မှ BOT စနစ်ဖြင့်လည်းကောင်း ပြုပြင်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
ဦးရဲထွန်း(သီပေါ မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းကို ထပ်ဆင့်မေးမြန်းပါသည်။
မိမိအနေဖြင့် သိချင်သည်မှာ ကချင် ပြည်နယ်အစိုးရ၏ ဆောင်ရွက်ချက်သည် ဥပဒေနှင့်ညီမညီ၊ ဥပဒေနှင့် ညီညွှတ်ခြင်းမရှိ၍ ကျောက်မျက်ကုမ္ပဏီများက ထည့်ဝင်ခြင်းမရှိပါက မည်သို့အရေးယူမည်ဆိုသည်ကို ရှင်းလင်းစွာ သိချင်ပါကြောင်း၊ ဝန်ကြီး၏ ဖြေကြားချက်များတွင် BOT စနစ်နဲ့ ဆောင်ရွက်မည်ဆိုသည့်အတွက် ယခု အစီအစဉ်ကိုဖျက်သိမ်းခြင်းရှိ/မရှိ၊ ရန်ပုံငွေတောင်းခံခြင်းသည် ဥပဒေနှင့်ညီညွှတ်ခြင်း မရှိသည့်အတွက် ဖျက် သိမ်းခြင်း ရှိ/မရှိကို သိရှိလိုကြောင်းမေးမြန်းပါသည်။
သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီးဦးအောင်သိမ်း
မိမိအနေဖြင့် ကချင်ပြည်နယ်အစိုးရ၏ ကိုယ်စား လာရောက်ဖြေကြားခြင်းဖြစ်ပါကြောင်း၊ အဖြေသည်လည်း လုံးဝမပါရှိသည့် သဘောမျိုးမဟုတ်ပါကြောင်းနှင့် ၎င်းတို့ ဖြေနိုင်သည့်ကိုသာ ဖြေသွားခြင်းဖြစ်သည်ဟု ယူဆပါ ကြောင်းနှင့် အသေး စိတ်သိချင်ပါက ကချင်ပြည်နယ်အစိုးရသို့ု ပြန်လည်မေးမြန်း ဖြေကြားပေး မည်ဖြစ် ပါ ကြောင်းဖြေကြားပါသည်။
ဦးရဲထွန်း (သီပေါ မဲဆန္ဒနယ်)မှ ထပ်မံ၍ တင်ပြမေးမြန်းပါသည်။
မိမိတို့ ပြည်သူလူထုလုပ်ငန်းရှင်များအနေဖြင့် ပွင့်လင်းမြင်သာမှုရှိသည်ကို လိုချင်ပါကြောင်း၊ ကောက်ခံသည့် ရန်ပုံငွေများသည်လည်း ကုန်ကျမည့်စရိတ်နှင့် နှိုင်းယှဉ်ပါက အဆမတန် များပြားပါကြောင်း၊ ထို့ကြောင့် မည်သည့်ကိစ္စမျိုးတွင်မဆို အစိုးရအဖွဲ့သော် လည်းကောင်း၊ ပြည်သူလူထုသော်လည်းကောင်း ဥပဒေနှင့် အညီသာ လုပ်ကိုင်ဆောင်ရွက်ရန်နှင့် ဥပဒေနှင့်ညီညွှတ်ခြင်းမရှိပါက ရပ်တန်းရပ်ရန် လိုအပ်ကြောင်း၊ ပွင့်လင်း မြင်မှုအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ကိုယ် လွှတ်တော်တွင် လာရောက်ဖြေကြားရန် လိုအပ်ပါက လာရောက် ဖြေကြားပါရန် ဥက္ကဋ္ဌကြီးမှ ဖိတ်ကြားပေးစေလိုပါကြောင်း တင်ပြမေးမြန်းပါသည်။
မေးခွန်း မေးမြန်းဖြေကြားခြင်းများနှင့် စပ်လျဉ်း၍ ဥက္ကဋ္ဌကြီးမှ သုံးသပ်ပြောကြားရာ
နောက်နောင် အကြိမ်များတွင် မူလမေးခွန်း ပါမေးမြန်းချက်ကို တိုက်ရိုက်ဖြေရန်လိုအပ်ပါကြောင်း၊ ထပ် ဆင့်မေး ခွန်းနှင့် စပ်လျဉ်း၍ မေးမြန်းချက်ပေါ်မူတည်ကာ တက်ရောက်သော တာဝန်ရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနက မဖြေနိုင်သေးပါကလည်း မဖြေနိုင်သေးသည်ကို ပြောနိုင်ကြောင်း၊ မေးခွန်းများကို ဖြေကြားရာတွင် မူလ က မေးမြန်းသော အကြောင်းအရာများကို တစ်ခါတည်းဖြေရန်လိုအပ်မည်ဖြစ်ကြောင်းကို သက်ဆိုင် ရာ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနအသီးသီးသို့ ပြည်ထောင်စုအစိုးရက ညွှန်ကြားဆောင်ရွက်နိုင်ရန် သမ္မတရုံး ဝန်ကြီးဌာန အမှတ်(၄)ကိုလည်းတစ်ဆင့် ပြောကြားရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးချုပ်က တိုက်ရိုက် လာဖြေရန်ဆိုခြင်းမှာ လွှတ်တော်ဥက္ကဋ္ဌက ဆောင်ရွက်ရမည် မဟုတ်ကြောင်းနှင့် သက်ဆိုင်ရာ အစိုးရကသာ စီစဉ်ပေးရမည် ဖြစ်ခြင်းကြောင့် သက်ဆိုင်ရာ အစိုးရအစီအစဉ်နှင့်သာ ဖြေကြားရန်ဖြစ်ကြောင်း သုံးသပ်ပြောကြား ခဲ့ပါသည်။
