(င)- ကျေးရွာတိုင်းတွင် သင့်တော်သောဆည်ငယ်၊ ကန် ငယ်များ တည်ဆောက်ပေးပြီး စိုက်ပျိုးရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်အစီ အစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၃) ရက်မြောက်နေ့ (၂၂.၇.၂၀၁၄)

ဦးအောင်မြင့် (ဂန့်ဂေါ)ကျေးရွာတိုင်း၌ စိုက်ပျိုးရေရရှိရေးအတွက် ဆည်ငယ်၊ ကန်ငယ်များတည်ဆောက်ပေးခြင်း၊ မြေအောက်ရေ ရရှိရန် ရေတွင်းများတူးဖော်ပေးခြင်းနှင့် လျှပ်စစ်ဖြင့် ရေတင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး၍ စိုက်ပျိုးရေးနှင်‌့ သားငါးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်စေပြီး အလုပ်အကိုင်အခွင့် အလမ်းများရရှိကာ ကျေးလက်နေတောင်သူလယ်သမားများ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်ဖြင့် နိုင်ငံတော်မှ စီမံကိန်းတစ်ရပ် ချမှတ်၍ ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊  

နိုင်ငံတော်မှ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများအား ငွေကြေးအမြောက် အများအကုန်ကျခံ၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျေးလက်တောရွာနေပြည်သူများ၏ လိုအပ်ချက်များကို အားသွန်ခွန်စိုက် ဆောင်ရွက်ပေးမှုကြောင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ ကောင်းမွန်ခြင်း၊ တယ်လီဖုန်း ဆက်သွယ်ရေး ကဏ္ဍများကောင်းမွန်ခြင်း၊ ပညာရေးကဏ္ဍများကောင်းမွန်ခြင်း၊ ကျန်းမာရေးကဏ္ဍများ ကောင်းမွန်ခြင်းများကို ကျေးလက်တော‌ရွာနေ ပြည်သူများလက်တွေ့ ခံစားနေကြရပြီဖြစ်ပါကြောင်း၊ တချို့ကျေးရွာများတွင် စိုက်ပျိုးရေးအတွက် ဆည်ငယ်၊ ကန်ငယ်များတည်ဆောက်ပေးခြင်း၊ ရေတွင်းများ တူးဖော်ပေးခြင်း၊ လျှပ်စစ်ဖြင့်ရေတင်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်သည့်အတွက် တစ်နှစ်တစ်သီးစားမှ နှစ်သီးစား၊ သုံးသီးစားများ စိုက်ပျိုးနိုင်ကြပြီး သားငါးမွေးမြူရေးကိုပါ တွဲဖက်လုပ်ကိုင်နိုင်ကြ၍ တောင်သူလယ်သမားများနှင့် လက်လုပ်လက်စားများ အလုပ်အကိုင်များရရှိကာ ဝင်ငွေများတိုးပွားခြင်းများကြောင်‌့ စီးပွားရေးများ ကောင်းမွန်နေကြပြီ ဖြစ်ပါကြောင်း၊

စိုက်ပျိုးရေးလုပ်ငန်း၏ အဓိကလိုအပ်ချက်မှာ စိုက်ပျိုးရေအလုံအလောက် ရရှိရေးပင်ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် ကျေးလက်တောရွာနေ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၏ အဓိကလုပ်ငန်းသည်လည်း စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့်အတွက် စိုက်ပျိုးရေရရှိရေးကို အထူးဦးစားပေးအဖြစ် ဆောင်ရွက်ပေးခြင်းသည် အဓိကလိုအပ်ချက် ဖြစ်နေပါသောကြောင့် ကျေးရွာတိုင်းတွင် ဆည်ငယ်၊ ကန်ငယ်များ တည်ဆောက်ပြီး ရေအလုံအလောက် ရရှိအောင်ဆောင်ရွက်ပေးနိုင်မည်ဆိုပါက စိုက်ပျိုးရေးလုပ်ငန်းနှင့် သား၊ငါးမွေးမြူးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ပါသဖြင့် အလုပ်အကိုင် အခွင့် အလမ်းများတိုးပွား၍ အချိန်တိုအတွင်း စီးပွားရေးများကောင်းမွန်ပြီး ဆင်းရဲမှုလျော့ကျမည်ဖြစ်ပါကြောင်း၊

နိုင်ငံတော်မှ စိုက်ပျိုးရေရရှိရေးအား သင့်တော်သော ကျေးရွာတိုင်း၌ ဆည်ငယ်၊ ကန်ငယ်များ တည်ဆောက်ပေးခြင်းလုပ်ငန်းများကို စီမံကိန်းတစ်ရပ်ချမှတ်၍ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး
အဖြေ

မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး ဂန့်ဂေါမြို့နယ်အတွင်းရှိ ညောင်လယ်ရွာ၊ လက်ပန်ရွာ၊ ထယ်လှော်ရွာ၊ တောင်ယာပြင်ရွာ၊ တောဖို့ရွာ၊ ပန်းထိပ်ရွာ၊ ချောင်းနက်ရွာ၊ လာဘို့ရွာ၊ တောင်ပြင်ရွာ၊ ကျော်ရွာ၊ ကျွန်းခုံသာရွာ၊ ကန်သာရွာ၊ ရေရှင်မရွာ၊ တောင်ခင်ရန်းရွာ၊ စန်းမြို့ရွာ၊ သင်တောရွာနှင့် ဟံသာဝတီရွာများရှိ ဆည်ငယ်၊ ကန်ငယ်များနှင့် ရေမြောင်းများကို စိုက်ပျိုးရေကောင်းမွန်စွာ ရရှိရေးအတွက် ပြန်လည်ပြုပြင် ထိန်းသိမ်းနိုင်ရန် ကွင်းဆင်း စစ်ဆေးပြီး စူးစမ်းလေ့လာမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စူးစမ်းလေ့လာမှုများအရ ဆောင်ရွက်ရန် လိုအပ်ချက်အပေါ်တွင် အသေးစိတ်တိုင်းတာ တွက်ချက်မှုများ ဆောင်ရွက်ပြီးမှ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် တင်ပြတောင်းခံနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဖြေကြားသွားခြင်းဖြစ်ပါကြောင်း၊

မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးမျိုးများမျိုးပြုန်းတီးမှုကို ကာကွယ်ထိန်းသိမ်းရန်နှင့် ကျေးရွာသုံးရေကန်များမှာလည်း ကျေးရွာသူ/ကျေးရွာသားများ ရေသုံးစွဲနိုင်ရုံသာမက ငါးရိက္ခာကိုပါ ထုတ်လုပ်နိုင်ရန်အတွက် ငါးမျိုးများစိုက်ထည့်မွေးမြူပေးလျက်ရှိပါကြောင်း၊

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ ငါး၊ ပုဇွန် သယံဇာတများ မျိုးမပြုန်တီးစေရေးအတွက် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခြင်း ငါး၊ ပုဇွန် မွေးမြူရေးလုပ်ငန်းအား စနစ်တကျစီမံ ကြီးကြပ်ကွပ်ကဲခြင်းနှင့် ဆည်ရေလှောင်တမံများ အနီးပတ်ဝန်းကျင် တွင် နေထိုင်ကြသော ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင်ဟင်းစား ရှာဖွေစားသောက်နိုင်ရန်အတွက် တည်ဆောက်ပြီးဆည်ကန်များ ငါးသားပေါက်များကို နှစ်စဉ် စိုက်ထည့်မွေးမြူပေးလျက်ရှိသည့် အပြင် ကျေးရွာသုံး ရေကန်များမှလည်း ဒေသခံရွာသူ/သားများ ရေကိုအသုံးပြုရုံသာမက ငါးရိက္ခာကိုပါ ထုတ်လုပ် သုံးစွဲနိုင်ရန်အတွက် ငါးသားပေါက်များကို မျိုးစိုက်ထည့်မွေးမြူပေးလျက်ရှိပါကြောင်း၊

၂၀၁၄-၁၅ ခုနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆည်ကန် ၃၅ လုံး၊ ငါးသားပေါက်ကောင်ရေ ၂၁.၁၅ သိန်းနှင့် ကျေးရွာကန် ၃၃၆ ကန်၊ ငါးသားပေါက်ကောင်ရေ ၁.၈၃၅ သိန်းစိုက်ထည့်မွေးမြူရန် အစီအစဉ်ရှိပါကြောင်းဖြင့် ဖြေကြားပါသည်။