ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် လျှောက်ထားရာတွင် ဥပဒေနှင့်နည်းဥပဒေများ အရ လိုအပ်ချက်များကို ပြည့်စုံစွာ တင်ပြလျက်အချိန်မီ လျောက်ထားစေကာမူ ခွင့်ပြုမိန့်မကျသဖြင့် ပြည်သူများအနေဖြင့် ဒီမိုကရေစီ အခွင့်အရေးများ များစွာ နစ်နာနေသည်ကို သိရှိနေရပါကြောင်း၊ ယင်းအခွင့်အရေးများ ရရှိနိုင်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၃ အရ တည်ဆဲဥပဒေနှင့်အညီ မှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု ကိုဖြစ်စေ၊ နစ်နာဆုံးရှုံးမှု မရှိစေရ ပြဋ္ဌာန်းချက် များထားရှိမည်ဖြစ်ရာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ တရားစွဲဆိုခံရခြင်း၊ ထောင်ဒဏ် /ငွေဒဏ် များ ချမှတ်ခံရခြင်း စသဖြင့် ဒီမိုကရေစီအခွင့်အရေး များကို တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးကို ချိုးဖောက်ခြင်းမရှိဘဲ ခွင့်ပြုချက် ရယူမှုမရှိသဖြင့် ပြစ်ဒဏ်များကျခံနေရပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၃၊ ၃၅၄ တို့အရ လိုအပ် သောအခွင့်အရေးများကို ဥပဒေနှင့်အညီ ပြည့်ဝစွာရရှိစေရန်အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများအရ လျောက် ထားသော လျောက်ထားချက်များမှာ ဥပဒေနှင့်ညီညွတ်ပါက အချိန်နှင့်တစ်ပြေးညီ ခွင့်ပြုမိန့် ချပေးနိုင်ခြင်း ရှိ/မရှိ နှင့် လျောက်ထားသည့်နေ့ရက်အတွင်း ခွင့်ပြုမိန့်မပေးနိုင်ပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခွင့်အရေးများ မနစ်နာစေရန်အတွက် မည်ကဲ့သို့ဆောင်ရွက်ပေးမည်နည်း တို့ကို သိလိုပါကြောင်း မေးမြန်း အပ်ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၄ အရ မိမိသဘောထား ဆန္ဒကို ဖော်ပြရန်အလို့ငှာ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း အခွင့်အရေးတို့ကို သုံးစွဲဆောင်ရွက် လိုသော နိုင်ငံသား သို့မဟုတ် အဖွဲ့အစည်းများက ခွင့်ပြုမိန့်ရရှိရန် ပုဒ်မခွဲ(က)မှ (စ)အထိ ပြဋ္ဌာန်းချက်များနှင့် အညီ လျှောက်လွှာကို သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးထံ ဆောင်ရွက်မည့်နေ့ရက် မတိုင်ခင် အနည်းဆုံး ငါးရက်ကြိုတင်ပြီး တင်ပြဆောင်ရွက်မှာ ဖြစ်ပါကြောင်း။
ယင်းဥပဒေပုဒ်မ ၅ အရ မြို့နယ်ရဲတပ်ဖွဲ့မှူးက တင်ပြလျောက်ထားချက်များကို လက်ခံရရှိပါက သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ အတည်ပြုချက် အဖြစ် ခွင့်ပြုမိန့်ထုတ်ပေးခြင်း သို့မဟုတ် ခွင့်ပြုမိန့် ထုတ်ပေးရန်ငြင်း ပယ်ခြင်း တို့ကို ပြုလုပ်ရပါကြောင်း၊ သက်ဆိုင်ရာမြို့နယ်ရဲတပ် ဖွဲ့မှူးက အချက်အလက်များကို အနည်းဆုံး ငါးရက်မတိုင်မီ ကြိုတင် တင်ပြခွင့် ရှိ/မရှိ လျောက်လွှာ တွင် ဖော်ပြလို့ရမယ့် အချက်များ ပြည့်စုံမှုရှိ/မရှိ စိစစ်ပြီး ခွင့်ပြုမည့်နေ့ရက်နှင့် အချိန်မတိုင်မီ အနည်းဆုံး ၄၈ နာရီ ကြိုတင်ပြီး သက်ဆိုင်ရာ လျောက်ထားသူထံကို ခွင့်ပြုချက် ထုတ်ပေးမှု သို့မဟုတ် ငြင်းပယ်မှု များကို ပြန်လည် အကြောင်းကြားပေးရမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ လျောက်ထားချက်များမှာ ဥပဒေနှင့်ညီညွတ်ပါက မြို့နယ်ရဲတပ်ဖွဲ့မှူးအနေနဲ့ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ အလေးထား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဒုတိယမေးခွန်းအနေဖြင့် ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေပုဒ်မ ၉ တွင် ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်းခံရခြင်းနှင့် စပ်လျဉ်း၍ အယူခံဝင်နိုင်ကြောင်း ပြဋ္ဌာန်းထားရှိရာ ခွင့်ပြု မိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်း အကြောင်းကြားသည့်စာကို လက်ခံရရှိသည့်နေ့မှ ခုနစ်ရက်အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးထံကို အယူခံဝင်ရောက်နိုင်ပါကြောင်း။ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးအား ပုဒ်မခွဲ(က)အရ အယူခံခြင်းနှင့် စပ်လျဉ်း၍ ယင်းအယူခံလွှာလက်ခံ ရရှိသည့်နေ့ရက်မှ ၁၄ ရက်အတွင်း သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် ဆုံးဖြတ် ပေးရမည်ဖြစ်ပါကြောင်း၊ ပုဒ်မခွဲ(ခ)အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးက ချမှတ်ထားသော အဆုံးအဖြတ်များသာ အပြီးအပြတ်ဖြစ်စေရမည်ဟု ဖော်ပြ ထားပါကြောင်း။
သို့ဖြစ်ပါ၍ လျောက်ထားသူ၏ လျောက်လွှာကဖြည့်စွက်ရမယ့်အချက်များ ပြည့်စုံသည့် တိုင်အောင် လျှောက်လွှာ တင်သည့် နေ့ရက် နောက်ကျပါကလည်းကောင်း၊ လျှောက်ထားသည့်နေ့ရက်၊ စုဝေးသည့်နေရာ၊ လှည့်လည် သည့် နေရာ များသာ လုံခြုံရေးအခြေအနေအရ ခွင့်ပြုနိုင်သောအခြေအနေ၊ အချိန်နှင့် နေရာများ မဟုတ်ခြင်း၊ ထိုနေ့ရက်အား အရေးကြီးကိစ္စရပ်များတွင် ဆောင်ရွက်နေရခြင်း၊ စီတန်း လှည့်လည်မှု ပြုလုပ်ရသည့်အကြောင်းက လုံခြုံရေးအမြင်အရ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးကို အနှောင့်အယှက် ပြုနိုင်သော အနေအထား ရှိနေခြင်းတို့ကြောင့်လည်းကောင်း၊ စသည့်အချက်များကို တွေ့ရှိရပါက ခွင့်ပြုမိန့် ပေးနိုင်မည် မဟုတ်ပါကြောင်း။
သို့သော်လည်း အက်ဥပဒေပုဒ်မ ၉ ပုဒ်မခွဲ(က)အရ သက်ဆိုင်ရာတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ထံ ခုနှစ်ရက်အတွင်း အယူခံဝင်ရောက်နိုင်ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက အယူခံလွှာ လက်ခံသည့်နေ့မှ ၁၄ ရက်အတွင်း တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ကိုရယူပြီး ငြင်းပယ်ခြင်း သို့မဟုတ် ခွင့်ပြုမိန့်ထုတ်ပေးခြင်းတွေကို ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ခွင့်ပြုမိန့် ထုတ်ပေးခြင်း မရှိပါကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများ မနစ်နာစေရန်အတွက် အထက်တွင် တင်ပြခဲ့သည့် အတိုင်း လိုအပ်ချက်များကို ပြန်လည်ဖြည့်ဆည်းပြီး ထပ်မံ၍ နောက်တစ်ကြိမ်ပြန်လည် တင်ပြလျောက်ထားနိုင် မည် ဖြစ်ပါကြောင်း။ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်း စွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ က ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ ပုဒ်မခွဲ(ခ) ပြဋ္ဌာန်းချက် နှင့်အညီ နိုင်ငံသားတစ်ဦးချင်းအနေဖြင့် မိမိတို့ရဲ့ ယုံကြည်ချက်၊ ထင်မြင်ချက်များကို လွတ်လပ်စွာ ထုတ်ဖော်နိုင်ရန် အတွက် ငြိမ်းချမ်းစွာ လှည့်လည်ခြင်းနှင့် ငြိမ်းချမ်းစွာဆန္ဒဖော် ထုတ်ခြင်းစသည့် အခွင့်အရေးများကို သုံးစွဲ ဆောင်ရွက် နိုင်ရန် အတွက် ပြဋ္ဌာန်းထားပြီးဖြစ်ရာ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် သွားမည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များ နစ်နာဆုံးရှုံးမည် မဟုတ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
ဦးအောင်ဇင် (ပုဇွန်တောင်)
ဖြေကြားချက်နှင့်စပ်လျဉ်း၍ တစ်ဆက်တစ်စပ်တည်းမေးခွန်း မေးမြန်းရာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို ခွင့်ပြုထားပြီးဖြစ်ရာ နည်းဥပဒေများအားဖြင့်လည်း ခွင့်ပြုထားခြင်း ဖြစ်ပါကြောင်း၊ အားလုံးက ဥပဒေများအရ ခွင့်ပြုထားပြီးဖြစ်သည့်အတွက်ကြောင့် ဤဥပဒေကို ခွင့်ပြုမိန့်တောင်းခံခြင်း၊ မတောင်းခံခြင်း ဆိုသည်မှာ ဥပဒေ၏အထက်တွင် ခွင့်ပြုသူရောက်ရှိနေသည်ဟု ယုံကြည်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခွင့်ပြုမိန့်အစား Register နှင့် Permit နှစ်ခုတွင် မှတ်ပုံတင်ပြီး ခွင့်ပြုခြင်းကို စောင့်ဆိုင်းစရာ မလိုဘဲ ဆက်လက် လုပ်ဆောင်နိုင်ပါက ဒီမှတ်ပုံတင်ခြင်းမှာ စည်းကမ်းဥပဒေများ ကို သိရှိလိုက်နာကြောင်း ကတိကဝတ်ပြုပြီးဖြစ်သည့် အတွက် အကယ်၍ ဥပဒေအရချို့ဖောက်မှုများရှိပါက ပုဒ်မ ၁၈ ဖြင့် ထိရောက်စွာအရေးယူနိုင် မည်ဖြစ် ပါကြောင်း။ ယခုအခါမှာ ဥပဒေများအရ ခွင့်ပြုသော်လည်းပဲ ခွင့်ပြုချက် Permit ကို ထပ်မံတောင်းဆိုနိုင်မှုကို မသင့်လျော်ဟု ထင်မြင်ပါသဖြင့် ဤဥပဒေအား ပြန်လည် စဉ်းစားနိုင်ခြင်း ရှိ/မရှိကို ထပ်ဆင့်မေးမြန်း လိုပါကြောင်း မေးမြန်း ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေကိုတော့ ကျွန်တော်တို့ ၂၀၁၁ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေ ၁၅ အရ ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြဆွေးနွေးသော အချက်နှင့် ပတ်သက်ပြီးတော့ ပြည်ထောင်စု လွှတ်တော်ဥပဒေအရ အတည်ပြုထားသော ဥပဒေဖြစ်သည့်အတွက် ပြည်ထောင်စု ဥပဒေအရပဲ ပြင်ဆင်ပြဋ္ဌာန်းမည် ဆိုပါက မိမိတို့အနေဖြင့် ဤဥပဒေအရ လိုက်နာဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
