(ဃ)-လူမှုဖူလုံရေး အာမခံစနစ် (၅)ခုအကောင်အ ထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေနှင့် ပြည်သူ လူထုအားအကျိုးသက်ရောက်မှု အခြေအနေကိုသိ လိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၃) ရက်မြောက်နေ့ (၂၂.၇.၂၀၁၄)

ဒေါက်တာစိုးမိုးအောင် (ဘီးလင်း)ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး ၂၀၁၄၊ ဧပြီလ ၁ ရက်နေ့တွင် သမ္မတကြီးမှ လက်မှတ်ထိုးပြီး အမိန့်အာဏာတည်သည့်အတွက် လူမှုဖူလုံရေးဥပဒေတွင် ပါရှိသည့် အခန်း(၂)၊ ပုဒ်မ ၃ ဥပဒေ၏ ရည်ရွယ်ချက်များကို သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက အကောင် အထည်ဖော်ပေးရမည်ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ပေးရမည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဥပဒေမှာပါရှိသော လူမှုဖူလုံရေးစနစ် (၅)ခုပေါ်တွင် ဆောင်ရွက်ထားသည့် အခြေ အနေများနှင့် အခြားအချက်လက်များကို မိမိအနေဖြင့် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးအက်ဥပဒေအရ တည်ရှိခဲ့သော လူမှုဖူလုံရေးရန်ပုံငွေနှင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ လူမှုဖူလုံရေးအဖွဲ့သည် ယနေ့အထိ ကဏ္ဍအလိုက်ရန်ပုံငွေ မည်မျှရှိသည်ကို သိရှိလိုပါကြောင်းနှင့် ရရှိထား သည့် ရန်ပုံငွေများကိုလည်း မည်သည့်နည်းလမ်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည်ကိုလည်း သိရှိလိုပါကြောင်း၊

နောက်မေးခွန်းတစ်ခုအနေဖြင့် ဥပဒေပါပြဋ္ဌာန်းအကောင်အထည်ဖော်ရမည့် လူမှုဖူလုံရေးစနစ် (၅)ခု အပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် အခြေအနေနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုကြောင့် ဒီဥပဒေပါအကျိုးခံစားခွင့်များကို ပြည်သူလူထု မည်မျှအကျိုးခံစားရမည် ဆိုသည်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်သိလိုပါကြောင်း၊

တတိယမေးခွန်းအနေဖြင့် ဥပဒေပြဋ္ဌာန်းချက်တွင်ပါရှိသော အလုပ်ရုံ/စက်ရုံမှ အလုပ်သမားများ မဟုတ်ဘဲ အလုပ်အကိုင်အတည်တကျမရှိသည့် အလုပ်သမားများအတွက် လူမှုဖူလုံရေးအာမခံစနစ်များကို အကောင်အထည်ဖော်ရမည့် ကိစ္စတွင် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက် လုပ်ကိုင်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း
အဖြေ

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းလူမှုဖူလုံ ရေးအဖွဲ့သည် ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးအက်ဥပဒေအရ Statutory Body အဖြစ်တည်ထောင်ခဲ့ သောအဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ၁၉၅၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၃ ခုနှစ်၊ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေသစ်အရ ၁-၁၀-၁၉၆၃ ခုနှစ်မှစပြီး ရငွေအားလုံးကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းပြီး အသုံးစရိတ်တွင် လိုအပ်သောငွေများကို ဘတ်ဂျက်လျာထားချက်ဖြင့် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်အထိ ထုတ်ယူသုံးစွဲခဲ့ပြီး ပိုငွေများကို နိုင်ငံတော်သို့ပေးသွင်းခဲ့ပါကြောင်း၊ အဆိုပါ ပေးသွင်းငွေများကို နိုင်ငံတော်မှ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှစပြီး (၂)နှစ်အတွင်း ထောက်ပံ့ငွေရငွေအဖြစ် ပြန်လည်ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်း ငွေသည် ၁၅.၄ ဘီလီယံဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေသစ်အရ လူမှုဖူလုံရေးအဖွဲ့သည် မိမိကိုယ်ပိုင်ရန်ပုံငွေဖြင့် ရပ်တည်သွားရမည်ဖြစ်ပါသဖြင့် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင်  ထည့်ဝင်ငွေများကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ သို့ ပေးသွင်းခြင်းမပြုဘဲ မတည်ရင်းနှီးငွေအဖြစ် ရန်ပုံငွေကို စတင်ထူထောင်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် နှင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ၁-၇-၂၀၁၄ ရက်နေ့အထိ ထည့်ဝင်ကြေးကောက်ခံရငွေစုစုပေါင်း ကျပ် ၁၇၈၀၆ သန်းခန့်ကို လူမှုဖူလုံရေး ရန်ပုံငွေတစ်ရပ်အဖြစ် ထူထောင်သွားမည်ဖြစ်ပြီး ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် နှင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း ဘဏ္ဍာငွေတိုးတက်စေရေးအတွက် အဆိုပါရန်ပုံငွေကို ငွေစုလက်မှတ်၊ (၂)နှစ်ငွေတိုက်စာချုပ်နှင့် (၉)လ စာရင်းသေအပ်ငွေများအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် စုဆောင်းထားရှိပြီး ရန်ပုံငွေတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊

၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေတွင် လူမှုဖူလုံရေးအာမခံစနစ် (၆)မျိုးကို မိမိတို့ စတင်ကျင့်သုံးနေပါကြောင်း၊ ၎င်းအာမခံစနစ် (၆)မျိုးအနက် ကျန်းမာရေးနှင့် လူမှုစောင့်ရှောက်မှုအာမခံစနစ်၊ မိသားစုထောက်ပံ့မှု အာမခံစနစ်နှင့် အလုပ်တွင် ထိခိုက်အကျိုးခံစားခွင့်အာမခံစနစ် သုံးမျိုးကိုသာ စတင်ကျင့်သုံးနိုင်ပါသေးကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်ပေးနေသည့်   အလုပ်သမား ဆေးရုံကြီးသုံးရုံနှင့် အဖွဲ့၏ ဆေးခန်းများ အဆင့်မြှင့်တင်နိုင်ရေးအတွက် စတင်စီမံဆောင်ရွက်လျက်ရှိပြီး အာမခံအလုပ်သမား၏ အရေးပေါ်အခြေအနေကြောင့် နီးစပ်ရာပြည်သူ့ဆေးရုံကြီးများတွင် တက်ရောက် ကုသမည်ဆိုပါက ကုန်ချစရိတ်များကို ပြန်လည်စိစစ်ထုတ်ပေးလျက်ရှိပါကြောင်း၊ အာမခံအလုပ်သမားများ၏ လုပ်ငန်းခွင်မပျက် ဆေးကုသမှုခံယူနိုင်ရေးအတွက် ဆေးရုံကြီးများ၊ ဆေးခန်းများတွင်ရှိ ဆရာဝန်ကြီးများမှ ကွင်းဆင်းကုသမှုများ ဆောင်ရွက်ပေးနေသကဲ့သို့ ရွေ့လျားကုသခြင်းဖြစ်သည့် Mobile Medical Unit ဖြင့်လည်း အလုပ်ဌာနများအရောက် ကွင်းဆင်းကုသပေးပါကြောင်း၊ မိမိတို့အနေနှင့် X-ray, ECG အပြင် Ultrasound၊ အသေးစားဓာတ်ခွဲသည့် လုပ်ငန်းကိစ္စများကိုလည်း လုပ်ငန်းခွင်အရောက် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ အလုပ်အကိုင်အတည်တကျမရှိသည့် ပြည်သူများအတွက် ၎င်း တို့၏ဆန္ဒအလျောက် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အာမခံ(၆)မျိုးအနက် လက်ရှိအခြေအနေတွင် ကျန်းမာရေးနှင့် လူမှုစောင့်ရှောက်မှု အာမခံစနစ် နည်းဥပဒေ ၅၅(က)အရ သတ်မှတ်ထားသော အလုပ်ရှင်နှင့် အလုပ်သမားထည့်ဝင်ကြေးများကို ထည့်ဝင်ပြီး အာမခံထားမည်ဆိုပါက ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ သတ်မှတ်ထားသော အကျိုးခံစားခွင့်များကို ရရှိနိုင်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။