ယနေ့ မြန်မာ့ပညာရေးလောကကို မြင့်မားစေရန်ရည်ရွယ်ပြီး ပြည်တွင်းပြည်ပပညာ ရှင်များ၊ နိုင်ငံတကာမှ အကူအညီများရယူပြီး ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲသော အစီအမံများ ပြုလုပ်နေကြောင်း၊ ပညာရေးစနစ် ကောင်းမွန်စေရန် မြန်မာ့ ပညာရေး မြင့်မားလာစေရန် ဆောင်ရွက်နေသကဲ့သို့ ပညာရှင်များ မဟုတ်သော ဒေသ ခံပြည်သူများ၊ ကျောင်းသားမိဘများ၏ ဆန္ဒများကိုလည်း ထည့်သွင်းစဉ်းစား သင့်ကြောင်း၊ ထို့အတူ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသူ /ကျောင်းသားများသည် တစ်နှစ်ပတ်လုံး ကိုင်တွယ်သုံးစွဲနေသော ပုံနှိပ် ပြဋ္ဌာန်း စာအုပ်များကို စိတ်ဝင်စားသော အခြေအနေမျိုး၊ တန်ဖိုးထား ကိုင်တွယ်သုံးစွဲလိုသော ဆန္ဒများ ပို၍ ဖြစ်ပေါ်စေရန် ရည်ရွယ်ပါကြောင်း၊ ထို့အတူ နိုင်ငံတော်အစိုးရနှင့် ဝန်ကြီး ဌာန၏ ဂုဏ်သိက္ခာကိုလည်း ထင်ဟပ်စေမည်ဟု ယူဆမိပါသောကြောင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် ပုံနှိပ်ပြဋ္ဌာန်းစာအုပ်များကို လက်ရှိပုံနှိပ်သုံးစွဲထားသော စက္ကူသားထက် ရေရှည်ခံ၍ အဆင့်အတန်းပိုမိုမြင့်မားသော စက္ကူသားများနှင့် ရိုက်နှိပ်ထုတ်ဝေပေးရန် အစီအစဉ် ရှိ/မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့် ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ပေးမည်ကို သိရှိ လိုကြောင်းမေးမြန်းပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် ၁၉၉၃-၁၉၉၄ ပညာသင် နှစ်မှစတင်၍ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက် တန်း ကျောင်းသုံးပုံနှိပ်စာအုပ်များကို ပုံနှိပ်ထုတ်လုပ်ခဲ့ပါကြောင်း၊ ပုံနှိပ်ရာတွင် စာအုပ် အတွင်းသားကို အင်ဒိုနီးရှား၊ ကိုရီးယား၊ ဖိလစ်ပိုင်နိုင်ငံတို့မှ အရည်အသွေးကောင်း မွန်သော Newsprint Paper (48.8 gsm) စက္ကူများကို အသုံးပြုခြင်း၊ အဖုံး ကို ပြည်တွင်းဖြစ်စက္ကူ Local Duplex (180 gsm) ကို အသုံးပြုခြင်းဖြင့် ပုံနှိပ်ထုတ် လုပ်ခဲ့ပါကြောင်း၊ ၂၀၁၁-၁၂ ပညာသင်နှစ်မှစ၍ အခြေခံပညာမူလတန်း အဆင့် ကျောင်းသုံးစာအုပ်များကို နိုင်ငံတော်မှ အခမဲ့ထောက်ပံံ့ပေးခဲ့ပါကြောင်း၊ ထိုအချိန်မှစ၍ ကျောင်းသုံး စာအုပ်များအား ပြည်တွင်းဖြစ် Local Duplex (180 gsm) အစား မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ စိတ်ဝင်စားမှု ရှိလာစေရန် အတွက် စာအုပ်အဖုံးကို နိုင်ငံခြားဖြစ်စက္ကူ Foreign Duplex (180 gsm)ကို ပြောင်းလဲအသုံးပြု ပုံနှိပ်ထုတ်ဝေခဲ့ပါကြောင်း။
၂၀၁၄-၁၅ ပညာသင်နှစ်မှစ၍ ကျောင်းသား/ကျောင်းသူတိုင်း ပုံနှိပ်စာအုပ်ကို ပိုမိုစိတ်ဝင်စားလာစေရန်၊ တန်ဖိုး ထားပြီး ရိုသေစွာ ကိုင်တွယ်လိုစိတ်ရှိလာစေရန်၊ အတန်းပြီးမြောက်သွားသော ကျောင်းသား/ကျောင်းသူများ က နောင်နှစ်တွင် အတန်းတက်ရမည့် ကျောင်းသား/ကျောင်းသူများထံသို့ လက်ဆင့်ကမ်း လွှဲပြောင်းအသုံးပြုနိုင် ရန် အတွက် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသုံးစာအုပ်များကို အတွင်းစာသားနှင့် အပြင်စာအုပ်အဖုံးများကို နိုင်ငံခြားဖြစ်အရည်အသွေး ကောင်းမွန်သော စက္ကူများနှင့် ပြောင်းလဲပုံနှိပ် ထုတ်လုပ်သွားမည် ဖြစ်ပါကြောင်း။
ပညာရေးဝန်ကြီးဌာနမှလည်း ၂၀၁၄-၁၅ ပညာသင်နှစ်မှစပြီး အခြေခံပညာ ကျောင်းသုံးစာအုပ်များကို ခေတ်စ နစ်နှင့် အညီ သင်ရိုးမာတိကာများ ပြင်ဆင်ရေးဆွဲပြီး အခြေခံပညာ မူလတန်းအဆင့် ကျောင်းသုံးစာအုပ် ၂၂ မျိုး ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းသို့ အပ်နှံခြင်း၊ အလယ်တန်းဆင့်နှင့် အထက်တန်းဆင့်ကျောင်းသုံး စာအုပ် ၅၉ မျိုးကို ပုဂ္ဂလိကပုံနှိပ်တိုက်များသို့ အပ်နှံခြင်းဖြင့် ပုံနှိပ်ထုတ်ဝေရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရိုက်နှိပ်မည့်စက္ကူ အမျိုးအစားမှာ နိုင်ငံခြားစက္ကူအဖုံး (Art Card 210 gsm)နှင့် အတွင်းစက္ကူ (Indo Wood Free 70 gsm) များကို အသုံးပြုပြီး အရည်အသွေးမြှင့် ထုတ်လုပ်ဖြန့်ဝေသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
